ကာကွယ်ဆေး
လှရီ တစ်ယောက် သမီးကို မနက်နက်စောစော ရေချိုးပေးကာ ကာကွယ်ဆေး သွားထိုးပေးရန် ပြင်ဆင်နေသည်။ ကို စောအောင်ကိုလည်း အလုပ်မှ နေ့တစ်ဝက်ခွင့်ယူရန် ပြောထားပြီးဖြစ်သည်။ သမီးလေ ၆ လပြည့်လို့ ကာကွယ်ဆေးသွားထိုးရန် ပြင်ဆင်နေခြင်းဖြစ်သည်။
” ကလေးကို ကာကွယ်ဆေးသွားထိုးမလို့လား” ကိုစောအောင် အမေ ဒေါ်သိန်းကား လှမ်းမေးလိုက်သည်။ လှရီ တစ်ယောက် ယောက္ခမဖြစ်သူ စကားကြောင့် လန့်သွားသည်။ ကိုစောအောင်ကို အကူအညီတောင်းသလို ကြည့်မိသည်။
” ဟုတ်ကဲ့ အမေ ”
စောအောင်အမေဖြစ်သူကို အေးအေး ဆေးဆေးပင် ပြန်ဖြေလိုက်သည်။
” ကလေးက ကာကွယ်ဆေးထိုးပြီးရင် သုံးလေးရက် ဖျားဦးမယ်။ မင်းတို့လည်းကွယ် အလကား အချိန်ကုန်ခံ အပိုအလုပ်တွေ မလုပ်စမ်းပါနဲ့။ ကလေးဆေးထိုးပေးမယ်။ ပြီးရင် ကလေးဖျားမယ်။ ဒီဆေးတွေ ထိုးလို့ ဘာအကျိုးမှ မရှိပါဘူး စောအောင်ရယ်။ ငါလည်း ကလေးတွေ အများကြီး မွေးထားတာပါ။ မင်းတို့လည်း ငယ်ငယ်က ဘာကာကွယ်ဆေးမှ မထိုးခဲ့ရပါဘူး။ အခု မင်းဘာဖြစ်နေလဲ။ ဘာမှ မဖြစ်ဖူးမလား။ အလကား ကလေးကို သက်သက်မဲ့ ဒုက္ခပေးနေကြတယ်။ ဘာမှ မဖြစ်ပဲ ဆေးတွေ ခဏခဏ သွားထိုးကြ။ ကလေး ဖျားတာပဲ အဖတ်တင်မယ်။ ”
စောအောင် အမေဖြစ်သူအား ဘာမှ စောဒက မတက်ပဲ ကလေးအား ကောက်ချီလိုက်သည်။ လှရီ တစ်ယောက် ကိုစောအောင် နောက်မှ နေ၍ ကုတ်ကုတ်ကလေး လိုက်လာလိုက်သည်။
” လူကြီးသူမက ပြောရင် ဒင်းတို့ စကား နားမထောင်ဘူး။ ကလေး ဖျားလာရင် နင်တို့တွေ သိမယ်။ ”
အိမ်ပေါ်မှ နေ၍ အမြန် ဆင်းပြေးလာကြသည်။ ဒေါ်သိန်းပြောစကားများကား တိုးတိတ်စွာ ကျန်ရစ်ခဲ့တော့သည်။
“ဖြေးဖြေးသွားပါ ကိုစောအောင်ရယ်။ အိမ်နဲ့လည်း တော်တော် ဝေးနေပါပြီ။ ”
” အေးပါကွာ။ ငါလည်း စိတ်စောနေမိလို့ပါ” စောအောင်တစ်ယောက် ကလေးကို ညာဖက် ပခုံးပေါ်မှ ဘယ်ဖက် ပခုံးပေါ်သို့ပြောင်းလိုက်သည်။
“ကာကွယ်ဆေး ထိုးပြီးရင် ကလေး ဖျားမလား မသိဘူးနော်။ ” လှရီတစ်ယောက် စိုးရိမ် မကင်းသော လေသံလေးနှင့် မေးလိုက်သည်။ ကို စောအောင် လှရီအား ဂရုဏာ မျက်လုံးနှင့် ပြန်ကြည့်မိသည်။ ယောက္ခမကို ကြောက်သောကြောင့် လှရီတစ်ယောက် ကလေး ကာကွယ်ဆေးထိုးပြီး ဖျားမှာကို ကြောက်မိသည်။ ကလေးဖျားလျှင် ဒေါ်သိန်းတစ်ယောက် လှရီအား ဆူပူ ကြိမ်းမောင်းတော့မည်။
” ကလေး တွေ အတွက် ကာကွယ်ဆေးတွေ ဆိုတာ လိုအပ်လို့ထိုးထားတာ။ အပို တွေ တစ်ခုမှ မရှိဘူး။ အခုထိုးနေတဲ့ ငါးမျိုးစပ်ကာကွယ်ဆေး မှာ ပါဝင်တဲ့ ဆုံစို့ ကြက်ညှာ မေးခိုင်ရယ် အသည်းရောင် အသားဝါ ဘီပိုးရယ် ဟီမိုဖီးလပ်စ်-ဘီ ပိုး က ကလေးတွေမှ အဖြစ်အများဆုံး နဲ့ အသေအပျောက် အများဆုံးရောဂါတွေ ပဲ။ ဒါကြောင့် ကျန်းမာရေး ဆေးပေးခန်းတွေမှာ အလကား ထိုးပေးနေတာပေါ့။ ရောဂါဖြစ်မှ ကုသမှာထက်စာရင် မဖြစ်ခင် ကလေးတွေကို ကြိုတင်ကာကွယ်ထားသင့်တယ်။ အခုတစ်လော ကလေးတွေမှာ ကြက်ညှာ ချောင်းဆိုးတို့ ဆုံစို့တို့ အဖြစ်များနေတယ်တဲ့။”
” ဟုတ်လား ”
” ဟိုတစ်နေ့က လမ်းထိပ် က ဆရာဝန်လေးနဲ့ လက်ဖက်ရည်ဆိုင်မှာ တွေ့မိလို့ စကား ပြောမိတယ်။ ဆေးရုံမှာ ကာကွယ်ဆေး မထိုး ထားတဲ့ ကလေးတွေ အများကြီးလာ တက်လို့တဲ့။ ဆုံစို့တို့ ကြက်ညှာတို့ ဆိုတာမျိုးက ကာကွယ်ဆေး ပေးပြီး ကာကွယ်လို့ရတဲ့ ရောဂါတွေ ဖြစ်ရဲ့သားနဲ့ အခု တစ်လော ဆေးရုံမှာ ကလေးတွေ အဖြစ်များနေလို့တဲ့။ ဘာဖြစ်လို့လည်း ဆိုရင် မိဘတွေက ကာကွယ်ဆေး သေချာ မထိုးပေးကြဘူး။ ကလေး အသက် ၂ လမှာ ကာကွယ်ဆေး ထိုးတယ်။ ကလေး က ကာကွယ်ဆေး ထိုးပြီး နည်းနည်း ဖျားသွားတာနဲ့ နောက် အကြိမ်တွေမှာ မိဘတွေက ကာကွယ်ဆေး လာမထိုးကြတော့ဘူး။ တစ်ချို့ဆိုရင် ဘေး လူ စကားတွေနဲ့တင် ကလေးသူငယ်တွေကို ကာကွယ်ဆေးထိုးပေးဖို့ ဝန်လေးနေကြတယ်။ ကာကွယ်ဆေး ထိုးပြီးရင် ကလေးဖျားမယ်။ ကလေး ဖျားရင် အလုပ်ရှုပ်မယ်။ အလုပ်မှာ ခွင့်ယူကြရမယ်။ ဒါမျိုးတွေကြောင့် ကလေး ငယ်တွေကို ကာကွယ်ဆေးထိုးပေးဖို့ ပျက်ကွက်နေကြတယ်တဲ့။”
” ဟုတ်မယ် ကို စောအောင်ရေ။ ဘေးအိမ်က မချစ်တို့လည်း သူတို့ကလေးကို ကာကွယ်ဆေး မထိုးဘူးထင်တယ်။ ”
” ဒါဟာ ကိုယ့်သားသမီးကို ချစ်ရာမရောက်ဘူး နစ်ရာ ရောက်နေတာပေါ့။ ”
” ဟုတ်တယ်နော် ”
လှရီ တစ်ယောက် ကို စောအောင် စကားကို ထောက်ခံလိုက်သည်။ မနက်စောစော ကျန်းမာရေးဌာနသို့ ရောက်ကာ စောင့်နေလိုက်သည်။ ကလေး ဆေး ထိုးဖို့အလှည့်ကို စောင့်ရင်း လှရီတစ်ယောက် ရင်မောနေသည်။ ကလေး အား ဆေးထိုးပြီးသော် ဆရာမလေးအား လှရီ သိချင်တာလေး မေးမိသည်။
” ကာကွယ်ဆေးထိုးပြီးရင် ညကျရင် ဖျားနိုင်လား ဆရာမရယ်။ ကျွန်မ ကလေးဖျားမှာ စိုးရိမ်လို့ပါ ”
လှရီ အမေးကြောင့် ဆရာမလေးကား ရေးလက်စ လူနာမှတ်တမ်းကို ချကာ လှရီအား ပြုံးပြလိုက်သည်။
” အရင် အကြိမ်တွေတုန်းကရော ကလေးဖျားလား ”
” ၂ လတုန်းကတော့ ဖျားတယ် ဆရာမ။ ကလေးက ၂ ရက်လောက် ကြာတယ်။ ၄ လမှာ ဆေးထိုးတော့ ကလေးက ညနေပိုင်းလောက်တော့ အပူတက်လာတယ်။ အီနေတာလောက်ပဲရှိတယ်။ ဖျားနေတာမျိုးတော့ မရှိပါဘူး ”
” ဟုတ်ကဲ့။ ကာကွယ်ဆေး ထိုးပြီးရင် ကလေးတွေ အီတာမျိုး။ ညနေပိုင်း အဖျားငွေ့ငွေ့လေးရှိတာမျိုး အပြင် တစ်ချို့ကလေးတွေ မှာ အဖျားတက်တာမျိုးရှိတတ်ပါတယ်။ ဒါတွေဟာ ကာကွယ်ဆေးထိုးပြီးလို့ဖြစ်တာပါ။ စိုးရိမ်ရတဲ့ အရာတော့မဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ တစ်ချို့ မိဘတွေက ကာကွယ်ဆေးထိုးပြီးရင် ကလေး ဖျားတတ်တယ်ဆိုပြီး ကလေးကို ကာကွယ်ဆေး လာမထိုးကြဘူး။ ဒါမှားယွင်းတဲ့ အယူအဆပါ။ ကလေးတိုင်းလေး ဖြစ်နေတာတော့ မဟုတ်ပါဘူး။ တစ်ချို့ ကလေးတွေမှာပဲ ဖြစ်တာပါ။ ကလေးက ၆ လ ရှိပြီဆိုတော့ ဒီတစ်ကြိမ်မှာ ဖြစ်ချင်မှလည်း ဖြစ်မှာပါ။ ဖျားတာမဟုတ်လည်း နည်းနည်းပါးပါး အီတာလောက်ပဲဖြစ်နိုင်တယ်။ မစိုးရိမ်ပါနဲ့။ ကလေးကို အမေနို့သာ ဝင်အောင်တိုက်ပါ။ တစ်ရက် နှစ်ရက်နေရင် ကောင်းသွားပါလိမ့်မယ်။ ”
” ဟုတ်ကဲ့ပါ ဆရာမရယ်။ ကျွန်မ စိုးရိမ်လို့ပါ။ ”
” ကလေး အသက် ၉ လရောက်ရင် ဝက်သက် ကာကွယ်ဆေး လာထိုးဦးနော်။ ”
” ဟုတ်ကဲ့ပါ ဆရာမ”
” ဒါနဲ့ ဆရာမရေ။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ တစ်ချို့ ကလေးတွေ ဝက်သက်တွေ ဖြစ်နေကြတယ်။ ကာကွယ်ဆေး မထိုးထားတဲ့ ကလေးတွေပေါ့ ”
” ဝက်သက် ရောဂါ ကာကွယ်ဆေးကို ခဏခဏ ထိုးပေးနေတာတောင် ရပ်ကွက်ထဲမှာ ဝက်သက်ရောဂါ ဖြစ်နေကြတယ်။ ” ဆရာဝန်သည် ကိုစောအောင် စကားကို အထူးအဆန်းဖြစ်သွားသည်။
” ဟုတ်တယ် ဆရာမရေ။ ဒါကြောင့်မို့ ကျွန်တော်တို့ကလေးကိုလည်း စိုးရိမ်နေရတာ။ ကျွန်တော့် ကလေးကို တော့ ကာကွယ်ဆေးတွေကို ဆရာမတို့ လမ်းညွန်တဲ့အတိုင်းထိုးပေးမှာပါ ”
” ဟုတ်ကဲ့ပါရှင်။ ကလေးကို ကာကွယ်ဆေးတွေ ကျွန်မတို့လမ်းညွှန်တဲ့အတိုင်း ထိုးပေးမယ်ဆိုလို့ ဝမ်းသာပါတယ်။ ဝက်သက်ဖြစ်နေတဲ့ ကလေးတွေရော၊ ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးတွေအတွက် မိဘတွေကို စည်းရုံးပြီး ကာကွယ်ဆေး ထိုးဖို့ ပြောပေးပါဦး။ ”
” ဟုတ်ကဲ့ပါ ဆရာမ။ ကျွန်တော်တို့ ကြိုးစားကြည့်ပါမယ် ”
” ကျွန်မတို့လည်း လာခဲ့ပါဦးမယ်။ ကလေးတွေ ကာကွယ်ဆေးတိုက်ကျွေးဖို့ ဟောပြောပွဲတွေ လာလုပ်ပါဦးမယ် ”
” ဒီလိုမျိုးသာ လာလုပ်မယ်ဆိုရင် အတိုင်းထက် အလွန် ကျွန်တော်တို့ က ဝမ်းသာ မိမှာပဲ။ အခုဆိုရင် ကလေး မိဘတွေက ကာကွယ်ဆေးကို မအားလို့ မထိုးပေးတာရော၊ ကာကွယ်ဆေးထိုးပြီးလို့ ကလေးဖျားမှာ စိုးလို့ မထိုးတာရောနဲ့ မထိုးကြဘူး ဆရာမရယ် ”
“ဒါဆိုရင် ကျွန်မတို့ လာဖြစ်အောင် လာပါမယ် ”
ဆရာမလေး စကားကြောင့် လှရီတစ်ယောက် ဝမ်းသာ သွားသည်။ ယောက္ခမကြီးကို ဒီလိုမျိုး ဟောပြောပွဲ တက်ခိုင်းရမည်ဟု စဉ်းစားရင်း ကလေးကို ကောက်ချီလိုက်သည်။ အိမ်အပြန် ရင်ထဲတွင် ပေါ့ပါးသွက်လက်လျှက်…
Author : Dr. အေးချမ်းမိုး