ကိုယ်ဝန်ဆောင်နှင့်ဆေး
နေမကောင်းဖြစ်ရင် ရောဂါဝေဒနာသက်သာဖို့အတွက် ဆေးသောက်ကြရပါတယ်။ ဆေးဝယ်သောက်တယ်ဆိုရာမှာ ဖွံ့ဖြိုးပြီးတဲ့နိုင်ငံအတော်များများမှာလုပ်ထားတဲ့စနစ်ကတော့ ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့မှ ဝယ်လို့ရတဲ့ဆေး နဲ့ ( over-the- counter) ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ဆေးဆိုပြီးခွဲခြားပေးထားတာပါ။
ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးအပျော့စားတွေ၊ အစာအိမ်ဝေဒနာဆေးအချို့နဲ့ ဒီကိုဂျင်လို သာမန်အအေးမိဝေဒနာပျောက်ဆေးတွေဟာ ဆိုးကျိုးနည်းတဲ့အတွက် ဆေးဆိုင်တွေမှာ အရေအတွက်ကန့်သတ်ချက်နဲ့ မိမိဘာသာ ဝယ်ယူသောက်သုံးဖို့ ခွင့်ပြုတဲ့ဆေးတွေထဲမှာပါဝင်ပါတယ်။
ပိုးသတ်ဆေးတွေနဲ့ နာတာရှည်ရောဂါတွေအတွက် ဆေးတွေကိုတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ဆေးစာပါမှသာ ဝယ်ယူခွင့်ပေးပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ ကျွန်မတို့နိုင်ငံမှာတော့ ဆေးရောင်းချတဲ့နေရာမှာ တိကျပြတ်သားတဲ့စနစ်မရှိသေးသည့်အတွက် ဝင်ငွေနည်းပါးတဲ့လူတန်းစားအသိုင်းအဝိုင်းမှာ စပ်ဆေးအလေ့အထဟာ ကျယ်ကျယ်ပြန့်ပြန့်ထွန်းကားလာပါတယ်။
ဆရာဝန်သွားပြတာဟာ အကုန်အကျများတယ်လို့ ယူဆကြတဲ့အတွက် ဆေးဆိုင်တွေက ဆေးစပ်ပေးတာကိုသာ ဈေးသက်သက်သာသာနဲ့ ဝယ်ယူသောက်သုံးလာကြပါတယ်။ ဒီလိုသောက်သုံးရာမှာ တစ်ခါတစ်ရံအနာနဲ့ဆေး မထင်မှတ်ဘဲ တည့်သွားလို့သက်သာသွားတာလည်းရှိနိုင်သလို ဘေးထွက်ဆိုးကျိုးဒဏ်ကိုခံစားရတာတွေလည်း ရှိနိုင်ပါတယ်။ အန္တရာယ်မဖြစ်ဖို့ ဘေးထွက်ဆိုးကျိုးများတဲ့ဆေးတွေပါနိုင်တဲ့ စပ်ဆေးတွေကို မိမိသဘောနဲ့အလွယ်တကူ ဝယ်မသောက်သင့်ပါဘူး ။
ဒါဟာ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင်
ကိုယ်ဝန်ဆောင်ချိန်မှာ သောက်သုံးရင် သန္ဓေသားရဲ့ ဖွံ့ဖြိုးကြီးထွားမှုကို ထိခိုက်စေတဲ့ ဆေးတွေရှိသလို မိခင်နဲ့ ကလေးကို ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ဆေးတွေလည်း ရှိပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုးသတ်ဆေးတွေကို ထင်သလို မသောက်သင့်ပါ။ ကိုယ်ဝန်ဆောင်နေချိန် မသုံးသင့်တဲ့ ပိုးသတ်ဆေးတစ်ချို့ ရှိပါတယ်။ ဒါ့အပြင် ရောဂါပိုးအတွက် သုံးတဲ့ပိုးသတ်ဆေးဟာ မမှန်ကန်ခဲ့ရင် ရောဂါမပျောက်ကင်းဘဲ ပိုးကြောင့်ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ နေမကောင်းဖြစ်လို့ ဆေးသောက်မယ်စိတ်ကူးရင် ဆရာဝန်နဲ့သွားဆွေးနွေးသင့်ပါတယ်။ ဆရာဝန်ကရောဂါကို စမ်းသပ်စစ်ဆေးပြီး ဆေးကိုပေးသင့်မပေးသင့် ဆုံးဖြတ်ပေးမှာပါ။ ဆေးသောက်ဖို့ မလိုအပ်ရင်သဘာဝ အစားအသောက်တွေနဲ့ လက္ခဏာသက်သာစေမဲ့ နည်းလမ်းတွေကို ပြောပြပေးနိုင်သလို အမှန်တကယ်ဆေးသောက်ဖို့လိုခဲ့ရင်လည်း ကောင်းကျိုးနဲ့ ဆိုးကျိုးကိုချိန်ဆကာ ဘေးထွက်ဆိုးကျိုးနည်းတဲ့ ဆေးကိုပေးမှာဖြစ်ပါတယ်။
ဒီနေ့တော့ အသုံးများတဲ့ဆေးတွေထဲက ကိုယ်ဝန်ဆောင်ချိန်မှာသောက်လို့ရတဲ့ဆေးတစ်ချို့နဲ့ မသောက်သင့်တဲ့ဆေးတစ်ချို့အကြောင်းကို ဗဟုသုတအဖြစ် နည်းနည်းဆွေးနွေးပေးသွားချင်ပါတယ်။
အကိုက်အခဲပျောက်ဆေးများ
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုက်ခဲတာတွေရှိခဲ့ရင် ပါရာစီတမောအကိုက်အခဲပျောက်ဆေးကိုတော့ အကန့်အသတ်နဲ့ သောက်သုံးခွင့်ပေးထားပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံကိုက်ခဲတာတွေဟာ သာမန်မဟုတ်ဘဲ ကိုယ်ခန္ဓာမှာ ရောင်ရမ်းမှုတစ်ခုခုရှိလို့ဖြစ်တာ ဖြစ်နေတတ်ပါတယ်။
ပါရာစီတမောမှာ အဖျားကိုကျစေတဲ့အာနိသင်နဲ့ အကိုက်အခဲပျောက်စေတဲ့အာနိသင် နှစ်မျိုးပါပါတယ်။ ဒါပေမဲ့ ရောင်ရမ်းတာတွေကို သက်သာစေတဲ့ အာနိသင်တော့မပါဝင်ပါဘူး။ ဒါ့ကြောင့် သာမန်လူတွေအတွက်တော့ ရောင်ရမ်းတာတွေ သက်သာအောင် ကုသပေးရမဲ့အခါမှာ ရောင်ရမ်းမှုကို ကျစေတဲ့အာနိသင်ပါ ပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို ဆေးဆိုင်တွေနဲ့ ဆရာဝန်တွေဟာပေးလေ့ရှိပါတယ်။ အက်စပရင် ၊ Naproxen နဲ့ Ibuprofen လို့ခေါ်တဲ့ ဆေးတွေဟာ ဒီလိုဆေးအမျိုးအစားထဲမှာ ပါပါတယ်။
ဒီဆေးတွေဟာ သန္ဓေသားဖွံ့ဖြိုးတဲ့ကာလမှာ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့အတွက် လိုအပ်မှသာ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးသင့်သလို ဆေးဆိုင်ကဝယ်သောက်တဲ့ ဆေးဆိုရင်လည်း ဒီဆေးတွေပါမပါ သေချာစစ်ဆေးပြီးမှသောက်သင့်ပါတယ်။
ယားယံခြင်းအတွက်သောက်သုံးသောဆေးများ
ကိုယ်ဝန်ဆောင်ချိန်မှာ ယားယံတာတွေအတွက်ကတော့ ဘာမီတွန်၊ Lorantidine နဲ့ Cetrine က ကူညီပေးနိုင်ပါတယ်။ အရေပြားအင်ပြင်ထခဲ့ရင်လည်း Caladryl အရည်နဲ့Hydrocortisone cream တွေလိမ်းလို့ရပါတယ်။ သူတို့ဟာ ဘေးထွက်ဆိုးကျိုးနည်းတယ်လို့ယူဆရတဲ့အတွက် ဆရာဝန်ညွှန်ကြားချက်နဲ့သောက်လို့ လိမ်းလို့ရပါတယ်။
ပိုးသတ်ဆေးများ
Penicillin အုပ်စုကိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးကို ဘေးအန္တရာယ်ဖြစ်စေတာနည်းတဲ့ဆေးတွေအဖြစ် ယေဘုယျသတ်မှတ်ထားပါတယ်။ ဒါ့ကြောင့် ဆရာဝန်ကလိုအပ်လို့ ပေးတာဆိုရင်တော့ ယုံယုံကြည်ကြည်နဲ့ သောက်လို့ရပါတယ်။ မသောက်သုံးဖို့တားမြစ်ထားတဲ့ ပိုးသတ်ဆေးတွေထဲမှာတော့ Tetracycline နဲ့ ဝမ်းလျှောရာမှာသုံးတတ်တဲ့ Ciprofloxacin အစရှိသော Quinolones အုပ်စုဝင်ဆေးတွေပါ ပါတယ်။
အားဆေး
Folic acid ဟာ သန္ဓေသား အာရုံကြောစနစ် တည်ဆောက်တဲ့နေရာမှာ အရေးပါတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ထည့်သောက်သင့်ပါတယ်။
နာတာရှည်ရောဂါအတွက်သောက်သုံးသောဆေးများ
စိတ်ရောဂါ ၊ပန်းနာရင်ကြပ်ရောဂါ အစရှိတဲ့ နာတာရှည်ရောဂါတွေအတွက် သောက်သုံးနေတဲ့ဆေးတွေကိုတော့ သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီးမှ ကိုယ်ဝန်ဆောင်ချိန် မှာဆက်သောက်ရန်သင့်မသင့် ဆုံးဖြတ်လို့ရပါမယ်။
ဝက်ခြံကုသမှုအတွက်ပေးတတ်တဲ့ Isotretinon လို့ခေါ်တဲ့ဆေးတစ်မျိုးကတော့ ကလေးကိုယ်အင်္ဂါ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့အတွက် ကိုယ်ဝန်ယူဖို့ကြိုးစားနေတဲ့ အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ ရပ်ထားသင့်ပါတယ်။
ဒါကတော့အသုံးများတဲ့ဆေးတွေထဲက သောက်သင့်မသောက်သင့်တဲ့ ဆေးတစ်ချို့အကြောင်းကိုဖော်ပြပေးသွားတာပါ။
ဒီနေ့တော့ဒီလောက်ပါပဲနော်။ နောက်တစ်ခါ ပြန်ဆုံရင်လည်း ကိုယ်ဝန်ဆောင်ချိန်နဲ့ပတ်သတ်တဲ့အကြောင်းအရာထဲက ဗဟုသုတရစရာတွေကိုတင်ပြပေးသွားပါ့မယ်…
Author : Dr. မွှေး