ကလေးငယ်များတွင် အဝလွန်ခြင်း
ကလေးငယ်များတွင် အဝလွန်ခြင်းသည် ယနေ့ခေတ်တွင် အဖြစ်များလာသော ရောဂါတစ်ခုဖြစ်ပါတယ်။ ကလေးငယ်တစ်ယောက်သည် သူ၏ အသက်အရွယ်တွင် ရှိသင့်သည့် ပုံမှန်ကိုယ်အလေးချိန်ထက်များနေလျှင် အဝလွန်နေသည်ဟု ယူဆနိုင်ပါတယ်။
ကလေးငယ်များတွင် အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲရောဂါများဖြစ်သည့် ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးအတွက်းအဆီဓာတ်များခြင်း၊ အသည်းအဆီဖုံးခြင်း၊ အရိုးပွရောဂါနှင့် အိပ်နေစဉ် အသက်ရှူခေတ္တရပ်ခြင်းစသည့် ရောဂါများ ဖြစ်ပွားနိုင်ပါတယ်။ အဝလွန်နေသောကလေးအများစုသည် အသက်အရွယ်ကြီးလာလျှင် ဝလာနိုင်ပါတယ်။
ထို့အပြင် မိသားစုထဲတွင် အဝလွန်သူရှိပါက ထိုမိသားစု၏ ကလေးများတွင် အဝလွန်နိုင်ချေပိုမိုများပါတယ်။ အဝလွန်သောကလေးငယ်များတွင် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများသာမက စိတ်ပိုင်းဆိုင်ရာအနေဖြင့် မိမိကိုယ်ကိုယုံကြည်မှုအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းစသည့်ဝေဒနာများလည်း ခံစားရနိုင်ပါတယ်။
အဝလွန်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများမှာ
– ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
လေ့ကျင့်ခန်းမလုပ်သော ကလေးငယ်များ၊ ကစားတာနည်းသော ကလေးငယ်များမှာ အဝလွန်ခြင်း ပိုမိုဖြစ်စေနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းကြောင့် ခန္ဓာကိုယ်တွင် ပိုလျှံသော ကယ်လိုရီနှင့် အဆီများမှာ မလောင်ကျွမ်းဘဲ အဝလွန်ခြင်းကို ဖြစ်စေပါတယ်။
– ကယ်လိုရီများသော အစားအစာများဖြစ်သည့် အလွယ်တကူရရှိနိုင်သော မုန့်ပဲသရေစာများ၊ ကွတ်ကီး၊ ကိတ်ခြောက်နှင့် အမြန်စာများ၊ အဆီ၊ အစိမ့်နှင့်မုန့်အချိုများစားသုံးခြင်းသည်လည်း ကိုယ်အလေးချိန်တက်စေပါတယ်။ အသင့်သောက် အချိုရည်များကိုလည်း မသောက်သုံးသင့်ပါဘူး။
– မိသားစုထဲတွင် အဝလွန်သူများရှိနေပါက ကလေးငယ်များတွင်လည်း အဝလွန်နိုင်ချေများပါတယ်။ ဒီလိုဖြစ်ရခြင်းမှာ မိသားစုဝင်များကိုယ်တိုင်က အစားအသောက်ကို စနစ်တကျ မစားခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရန် အားပေးမှုမရှိခြင်းတို့ကြောင့်ဖြစ်ပါတယ်။
– နောက်တစ်ချက်အနေနှင့် ကလေးငယ်များတွင် စိတ်ဖိစီးမှုများခြင်း၊ မိသားစုပြဿနာများရှိနေခြင်းကြောင့်လည်း အစားများလာတတ်ပြီး အဝလွန်စေပါတယ်။
ထို့ကြောင့် မိဘများအနေဖြင့် မိမိတို့၏ကလေးငယ်များကို အဝလွန်ခြင်း ရှိ၊မရှိ သေချာစွာစစ်ဆေးပေးဖို့လိုအပ်ပါတယ်။ အဝလွန်ခြင်းသည် သာမန်ကြည့်ရုံဖြင့် မသိနိုင်ပါဘူး။ BMI (Body Mass Index) ဟုခေါ်သော ကိုယ်အလေးချိန်နှင့် အရပ်အချိုးကိုသေချာတွက်ကြည့်ပြီးမှသာ သိရှိနိုင်ပါတယ်။ ထို့ကြောင့် မိမိကလေးငယ်များ၏ BMI ကို သေချာသိရှိစေရန် ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများလည်း ရရှိခံစားရနိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများမှာ
ဆီးချို၊ သွေးချိုရောဂါ
သွေးအတွင်း အဆီဓာတ်များခြင်း
သွေးတိုးရောဂါ
နှလုံးရောဂါ
ပန်းနာရင်ကြပ်ရောဂါ
Obstructive sleep apnoea ဟုခေါ်သော အိပ်နေစဉ် အသက်ရှူ ရုတ်တရက်ရပ်ခြင်း၊ အသည်းအဆီဖုံးခြင်းစသည့် ရောဂါဝေဒနာများ ခံစားရနိုင်ပါတယ်။
လူမှုရေးဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအနေဖြင့်
– မိမိကိုယ်ကို ယုံကြည်မှု နည်းလာခြင်းနှင့် အနိုင်ကျင့်ခံရခြင်း
အဝလွန်သောကလေးငယ်များကို အခြားကလေးများမှ မကြာခဏစခြင်း၊ အနိုင်ကျင့်ခြင်းတို့ ရှိတတ်ပါတယ်။ ထိုအခါ ကလေးငယ်များ၏ စိတ်တွင် မိမိကိုယ်ကိုယုံကြည်မှုနည်းလာပြီး စိတ်ဖိစီးမှုများလာကာ နောက်ဆုံးတွင် စိတ်ကျရောဂါ ခံစားလာရပါတယ်။
အဝလွန်သောကလေးငယ်များသည် သာမန်ကလေးငယ်များထက် စိုးရိမ်မှုပိုများခြင်း၊ ပေါင်းသင်းဆက်ဆံရေးတွင် အားနည်းခြင်းတို့ပိုမိုဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် စာသင်ကျောင်းများတွင် ပြဿနာရှာတတ်သော ကလေးများအဖြစ်သတ်မှတ်ခံရတတ်ပါတယ်။
နောက်ဆုံးတွင် အဝလွန်သောကလေးငယ်များမှာ မျှော်လင့်ချက်ကင်းမဲ့သော ခံစားမှုများဝင်လာပြီး အသက်အရွယ်ကြီးသည်အထိ စိတ်ကျရောဂါဝေဒနာကိုခံစားသွားရတတ်ပါတယ်။
သို့ဖြစ်ပါသောကြောင့် ကျန်းမာရေးရှုထောင့်အရ၊ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်အရ ကလေးငယ်များတွင်အဝလွန်ခြင်း မဖြစ်စေရန် မိဘများက ပြုပြင်ထိမ်းသိမ်းပေးသင့်ပါတယ်။
– ကလေးများ၏ စားသောက်မှုပုံစံကိုပြုပြင်ပေးပါ။ ချိုသောအစားအစာ၊ အသင့်စားမုန့်များ၊ အဆီအစိမ့်များ မစားစေရန်ထိန်းပေးပါ။
– သန့်ရှင်းလတ်ဆတ်သော အသီးအနှံ၊ ဟင်းသီးဟင်းရွက်များကို များများကျွေးပေးပါ။
– အိမ်တွင် သေချာချက်ပြုတ်ထားသော အစားအစာများကိုသာကျွေးပါ။ အပြင်ဆိုင်များတွင် မကြာခဏ သွားရောက်စားသောက်ခြင်းကိုရှောင်ကြဉ်ပါ။
– အသက်အရွယ်အလိုက်ရှိသင့်သော ကိုယ်အလေးချိန်ဖြစ်စေရန် ထိန်းသိမ်းပေးပါ။
– ကိုယ်လက်လှုပ်ရှားအားကစားများ လုပ်စေရန်တိုက်တွန်းပေးပါ။ သူငယ်ချင်းအပေါင်းအဖော်များနှင့် ကစားစေပါ။ ဖုန်းသုံးခြင်း၊ တီဗွီကြည့်ခြင်း၊ ဂိမ်းကစားခြင်းတို့ကို အချိန်သတ်သတ်မှတ်မှတ်ထားပြီး ကစားစေပါ။ တစ်နေ့လျှင် အများဆုံး၁နာရီခန့်သာ တီဗွီကြည့်သင့်ပါတယ်။
အထက်ဖော်ပြပါ အချက်များအပြင် ဆရာဝန်နှင့် မိမိကလေးငယ်များကို တစ်နှစ်တစ်ခါ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပေးသင့်ပါတယ်။ ဆရာဝန်မှ ကလေးငယ်၏ BMI( ကိုယ်အလေးချိန်နှင့် အရပ်အချိုး)ကို တွက်ချက်ပေးပါလိမ့်မယ်။
အကယ်၍ ကလေးငယ်တွင် အသက်အရွယ် အလိုက် ရှိသင့်သည့် BMI ထက်များနေပါက အဝလွန်နေသည်ဟု သတ်မှတ်လို့ရပါတယ်။ ထိုအခါ ကိုယ်လက်လှုပ်ရှားမှု များများလုပ်စေခြင်း၊ စားသောက်မှုပုံစံပြုပြင်ပေးခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။
ကျန်းမာကြံ့ခိုင်၍ ရောဂါကင်းစင်သော သားသားမီးမီးများဖြစ်ကြပါစေ။
Author: Dr.သီတာလှိုင်(ဆေး-၂)