ဗီတာမင် အီး အကြောင်း သိကောင်းစရာ
ဗီတာမင်’အီး’သည် ကျွနုပ်တို့အတွက် လိုအပ်သော ဗီတာမင်ဓာတ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အမြင်အာရုံကောင်းမွန်စေခြင်း၊ မျိုးဆက်ပွားကျန်းမာရေးတို့တွင် အထောက်အကူပြုသည့်အပြင် သွေးလည်ပတ်မှုအားကောင်းစေခြင်း၊ ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုကို ကူညီပေးခြင်း စသည့်ကောင်းကျိုးများစွာရှိပါတယ်။
ဗီတာမင်အီးတွင် antioxidantပါဝင်သည့်အတွက် အသားအရေတွင် collagenဓာတ်ဖြည့်တင်းပေးနိုင်ပြီး အသားအရေကို စိုပြေလှပစေပါတယ်။
ဗီတာမင်အီး ကြွယ်ဝသော အစားအစာများမှာ နေကြာဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ မက်မန်းပင်၊ မြေပဲစသည့် ပဲအမျိုးမျိုးနှင့် အသားများ၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ ဟင်းရွက်အဆီ၊ နို့နှင့်နိူ့ထွက်ပစ္စည်းများ စသည်တို့မှရရှိနိုင်ပါတယ်။ ဒါ့အပြင် ဖြည့်စွက်အစာအနေနှင့် ဆေးတောင့်အနေဖြင့်လည်းကောင်း၊ vitamin E dropsအနေဖြင့်လည်းကောင်း ရရှိနိုင်ပါသေးတယ်။ ဗီတာမင်အီးကို အစားအသောက် တော်တော်များများမှ ရရှိနိုင်ခြင်းကြောင့် ဗီတာမင်အီးဓာတ်ချို့တဲ့မှုမှာ ရှားပါးလှပါတယ်။ သို့သော် ဗီတာမင်အီး ချို့တဲ့ပါက ကိုယ်လက်ညောင်းခြင်း၊ ခြေလက်ထုံကျဉ်ခြင်း စသည်တို့ ခံစားရတတ်ပါတယ်။
လူတစ်ယောက်အတွက် တစ်နေ့တာ ဗီတာမင်အီး လိုအပ်မှုမှာ ကလေးငယ်များတွင် 4mgမှ 11mg/dayအထိဖြစ်ပြီး လူကြီးတစ်ယောက်အတွက် 15mg/dayလိုအပ်ပါတယ်။
ဗီတာမင်အီး၏ အသုံးဝင်မှုမှာလည်း များစွာရှိပါတယ်။ ၎င်းတို့မှာ-
- Alzheimer’s diseaseဟုခေါ်သော အသက်အရွယ်ကြီးသူများတွင် ခံစားရသည့် မှတ်ဉာဏ်ချို့ယွင်းခြင်း ဝေဒနာကို သက်သာစေသော အကျိုးကျေးဇူးရှိပါတယ်။
- အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်းဝေဒနာခံစားနေရသူများတွင် ဗီတာမင်အီး သောက်သုံးခြင်းဖြင့် သက်သာစေပါတယ်။
- ကိုယ်ဝန်ဆောင်မိခင်များတွင် ဗီတာမင်အီးသောက်သုံးပါက ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆိပ်တက်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
- ဗီတာမင်အီးသည် သွေးအားနည်းခြင်း ရောဂါကိုလည်း သက်သာစေပါတယ်။ ဗီတာမင်အီးသည် ကိုယ်ခန္ဓာတွင် သွေးနီဥများထုတ်လုပ်မှုကို ပိုမိုအားကောင်းစေခြင်းဖြင့် သွေးအားနည်းခြင်းဝေဒနာကို သက်သာစေခြင်းဖြစ်ပါတယ်။
- အမျိုးသမီးများတွင် ဓမ္မတာမလာခင်၂ရက်အလိုနှင့် ဓမ္မတာလာပြီးအချိန်များ၍ ဗီတာမင်အီးကို သောက်သုံးပါက ဓမ္မလာစဉ် ကိုက်ခဲခြင်းကို သက်သာစေသည့်အပြင် ဓမ္မတာသွေးများခြင်းကိုလည်း လျော့နည်းစေပါတယ်။
- ဒါ့အပြင် ကလေးမရနိုင်လို့ ကြိုးစားနေရတဲ့သူများအတွက် ဗီတာမင်အီးကို နေ့စဉ်သောက်သုံးပါက သားအိမ်အားကောင်းစေခြင်းဖြင့် အထောက်အကူပြုပါတယ်။
- ဗီတာမင်အီးအဆီကို ဆံပင်နှင့် ဦးရေပြားသို့လိမ်းပေးပါက ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ဆံသားများကို ပျော့ပျောင်းနူးညံ့စေပါတယ်။ ဒါ့အပြင်ဦးရေပြားကိုလည်း သန်စွမ်းစေပါတယ်။
- ဗီတာမင်အီးသည် အသားအရေထိန်းသိမ်းမှုတွင်လည်း လိုအပ်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အသားအရေတွန့်ခြင်း၊ ဝက်ခြံတွေပေါက်ခြင်း အစရှိသည်တို့ကို သက်သာစေပြီး အသားအရေ စိုပြေဝင်းမွတ်စေပါတယ်။ နေလောင်သောကြောင့်အသားအရေတွင် အညိုမည်းစွဲခြင်းကိုလည်း သက်သာစေပါတယ်။
- ဒါ့အပြင် ဗီတာမင်အီးသည် အမြင်အာရုံကောင်းမွန်စေပြီး အသက်အရွယ်ကြီးသောအခါဖြစ်တတ်သော ရေတိမ်စွဲခြင်း၊ အတွင်းတိမ်ဖြစ်ခြင်း စသည်တို့ မဖြစ်စေရန် ကာကွယ်ပေးနိုင်ပါတယ်။
- ဒီလို ကောင်းကျိုးတွေရှိသည့်အပြင် ကျွနုပ်တို့ နေ့စဉ်ဘဝတွင် အလုပ်တွေ လူမှုရေးတွေနဲ့ စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ခံစားရသော ခေါင်းကိုက်မှုတွေ သက်သာစေဖို့ antioxidantပါဝင်တဲ့ ဗီတာမင်အီးကိုလည်း သောက်သုံးပေးသင့်ပါတယ်။
ဗီတာမင်အီးသည် ကောင်းကျိုးများစွာရှိသော်လည်း သောက်သုံးသောအခါ အလွန်အမင်းမဖြစ်စေဖို့လည်း လိုအပ်ပါတယ်။ မည်သည့်ဆေးမဆို ကောင်းကျိုးပေးနိုင်သလို ဆိုးကျိုးတွေလည်း ရှိတတ်ပါတယ်။ ဗီတာမင်အီးနှင့် မတည့်ခြင်း (သို့) အလွန်အမင်းသောက်သုံးမိပါက
- ပျို့အန်ခြင်း
- ဝမ်းလျှောခြင်း
- ဗိုက်နာခြင်း
- ခေါင်းကိုက်ခြင်း
- ယား၍ အနီပြင်ထခြင်း
စသည့် ဝေဒနာများ ခံစားရနိုင်ပါတယ်။ အကယ်၍ မိမိတွင် ရောဂါတစ်ခုခုကြောင့် ခွဲစိတ်စရာရှိပါက ဗီတာမင်အီးကို မခွဲခင် ၂ပတ်ကြိုတင်၍ ဖြတ်ထားရပါမည်။ သင့်တွင် နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အသည်းရောဂါနှင့် ဆီးကျိတ်ရောဂါစသည့်ရောဂါများ ရှိနေပါက ဗီတာမင်အီးမသောက်ခင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အနာရောဂါ ကင်းဝေး၍ လှပနိုင်ကြပါစေ……..
Dr.သီတာလှိုင်(ဆေး-၂)