ကြက်ဟင်းခါးပင်ကို ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ တောနယ်ဘက်တွေမှာ ပေါများစွာတွေ့နိုင်ပါတယ်။
ကြက်ဟင်းခါးပင်ကို အင်္ဂလိပ်လို Bitter gourd လို့ခေါ်ပါတယ်။ရုက္ခဗေဒနာမည်ကတော့ Momordica charartia Linn ဖြစ်ပါတယ်။
မျိုးရင်းကတော့ Cucurbitaceae ပါ။
ကြက်ဟင်းခါးပင်ကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ စိုက်ပျိုးပင်အနေနဲ့တွေ့ရနိုင်ပါတယ်။
တနှစ်ခံနွယ်ပင်မျိုးဖြစ်ပါတယ်။အပင်ရဲ့ပင်စည်ဟာ လေးတောင့်ပုံစံဖြစ်ပြီး မြောင်းများပါသော နှာမောင်းနွယ်ပင်မျိုးဖြစ်ပါတယ်။နုသောအပိုင်းများမှာ အမွှေးငယ်လေးများကိုတွေ့ရနိုင်ပါတယ်။
ကြက်ဟင်းခါးပင်ရဲ့အရွက်များဟာ ရွက်လွဲထွက်ပြီးအဝိုက်ငယ်များရှိပါတယ်။ရွက်ရင်းကတော့ နှလုံးပုံစံဖြစ်ပါတယ်။အဝါရောင်အပွင့်များပွင့်ပါတယ်။
ကြက်ဟင်းခါးသီးရဲ့ပုံစံကတော့ လွန်းပုံစံရှိပါတယ်။
ကြက်ဟင်းခါးသီးကို တချို့ကလည်းခါးလို့သိပ်မကြိုက်ကြပါဘူး။တချို့ကလည်း အခါးကိုကြိုက်တာမကြိုက်တာထက် ဆေးဖက်ဝင်လို့စားတတ်ကြပါတယ်။
ကြက်ဟင်းခါးသီးကို ပုစွန်ခြောက် ငါးပိတို့နဲ့နယ်ပြီး ကြော်စားတာ၊ဝက်ရိုးနဲ့ဟင်းချိုချက်သောက်တာ စသဖြင့် အမျိုးမျိုးလုပ်စားနိုင်ပါတယ်။
ကြက်ဟင်းခါးသီးဟာ မှိုနဲ့ မတည့်တဲ့အတွက် ကြက်ဟင်းခါးသီးစားရင်မှိုမစားမိဖို့ မှိုစားရင် ကြက်ဟင်းခါးသီးမစားမိဖို့သတိထားဖို့လိုပါတယ်။
ကြက်ဟင်းခါးပင်မှာ Peptide,glycoside:momordin,charantin;alkaloid:momordicine, စတဲ့ အကျိုးပြုဒြပ်ပေါင်းများစွာပါဝင်ပါတယ်။
ဒီလိုဓါတ်တွေပါဝင်တဲ့အတွက် ကြက်ဟင်းခါးပင်ဟာ သန်ကျစေသောအစွမ်း၊သွေးတွင်းသကြားဓါတ်ကိုလျော့ကျစေသောအစွမ်းစတဲ့အစွမ်းတွေရှိပါတယ်။
တိုင်းရင်းဆေးအသုံးပြုအစိတ်အပိုင်းအနေနဲ့ကတော့ ကြက်ဟင်းခါးသီးသာမက ကြက်ဟင်းခါးရွက်ကိုလည်း အသုံးပြုပါတယ်။
ဆီးချိုဆေး၊သန်ချဆေး၊အသားဝါရောဂါဆေး၊ပြည်တည်နာအတွက်ဆေးတွေဖော်စပ်ရာမှာ ကြက်ဟင်းခါးပင်ရဲ့ အသီး၊အရွက် တွေကို ထည့်သွင်းဖော်စပ်ကြလေ့ရှိပါတယ်။
ကြက်ဟင်းခါးသီးရဲ့ဆေးမြီးတိုအနေနဲ့အသုံးဝင်ပုံကတော့ ကြက်ဟင်းခါးသီးဟာ ကာလဝမ်းရောဂါပျောက်ဖို့ရာ ဓါတ်စာအနေနဲ့အထောက်အကူပြုနိုင်ပါတယ်။ဒါ့အပြင် အရက်နာကျခြင်းနဲ့ လိပ်ခေါင်းရောဂါဖြစ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
အဆစ်ရောင်ရောဂါဖြစ်ပါက ကြက်ဟင်းခါးသီးအနုရည်ကို မီးဖိုပေါ်တွင် နွေးပြီးလိမ်းပေးလျှင် သက်သာနိုင်ပါတယ်။
ကြက်ဟင်းခါးရွက်ရဲ့ ဆေးမြီးတိုအနေနဲ့အသုံးဝင်ပုံကတော့ အညော်မိတာ၊မူးတာတွေအတွက် အရွက်ကိုချေပြီးရှုနိုင်ပါတယ်။
ချမ်းတုန်ဖျားပါက ကြက်ဟင်းခါးရွက်ကို ဆား ထန်းညက်တို့နဲ့ရောပြီး သုံးခွက်တခွက်တင်ကျိုသောက်နိုင်ပါတယ်။
ဥတုဘောဇနကျမ်းတွင်
ကြက်ဟင်းခါးရွက်သည် ပူခါးအရသာရှိ၏။သလိပ်သည်းခြေနဲ့ယှဉ်ပြီးဖြစ်သောအဖျား၊ဝမ်းပြည့်ရင်ကယ်၊အော့အန်ချောင်းဆိုး၊လေနာ၊အဆိပ်အတောက်သင့်သောအနာမျိုးတို့ကိုနိုင်၏။အညော်အသင်းတို့ကို ထုတ်စေတတ်၏ ဟု ရေးသားထားပါတယ်။
Dr .သီတာနွယ်(အမရပူရ)