ခဏခဏ မောမောနေတာ ဘာလို့လဲ
မောပန်းနွမ်းနယ်ပြီး အားမရှိသလိုဖြစ်တာကို လူတိုင်းနီးပါးဖြစ်ဖူး ခံစားဖူးပါလိမ့်မယ်။မောပန်းနွမ်းနယ်တဲ့အခါမှာ လူရဲ့ဆုံးဖြတ်နိုင်စွမ်း၊ဆင်ခြင်နိုင်စွမ်းတွေကျဆင်းလာပါတယ်။မောပန်းနွမ်းနယ်မှုကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြသာနာတွေအများကြီးရှိပါတယ်။(ဥပမာ အနေနဲ့ဆိုရင် ကားမောင်းရင်းနဲ့မောပန်းနွမ်းနယ်လို့ အိပ်ငိုက်သွားပါက ယဉ်မတော်တဆမှုတွေကိုဖြစ်စေနိုင်ပါတယ်။)မောပန်းနွယ်နယ်ခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့ အများကြီးရှိပါတယ်။
အဲ့ဒါတွေကတော့
၁။အိပ်ရေးပျက်ခြင်း
ကိုယ်ရောစိတ်ပါစွမ်းဆောင်ရည်ကောင်းတဲ့အခြေအနေမှာရှိဖို့အတွက် အရွယ်ရောက်ပြီးသူတယောက်ဟာ တနေ့တာအိပ်ချိန် အနည်းဆုံး ၇နာရီရှိဖို့လိုပါတယ်။အိပ်ရေးပျက်တာ အိပ်ချိန်မလုံလောက်တာတွေဖြစ်လာရင် ရေရှည်မှာ မောပန်းနွမ်းနယ်တာ၊လုပ်ရည်ကိုင်ရည်ဆုံးဖြတ်နိုင်စွမ်းတွေကျဆင်းတာတွေ၊မတော်တဆယဉ်တိုက်မှုဖြစ်တာတွေ အပြင် အစားသောက်ပျက်လာတာ၊စိတ်ဓါတ်ကျလာတာ စတဲ့ကျန်းမာရေးပြသာနာတွေကိုပါဖြစ်စေနိုင်ပါတယ်။ဒါကြောင့်အိပ်ရေးဝအောင်အိပ်ဖို့အရေးကြီးပါတယ်။ညနက်တဲ့အထိ ဖုန်းသုံးတာ၊တီဗွီကြည့်တာ၊ဂိမ်းဆော့တာ တွေကိုရှောင်ပါ။
၂။အစားအသောက် စားသောက်ပုံမမှန်ခြင်း
အဆီ၊အဆိမ့်၊အငန် လွန်ကဲတဲ့အစားစာတွေကို များများစားခြင်း
အချိုဓါတ်ပါဝင်တဲ့အစားသောက်တွေကို စားသောက်တာများခြင်း
အသား၊ငါး၊ဟင်းသီးဟင်းရွက် တွေကို မျှတအောင်မစားခြင်း
မနက်စာမစားခြင်း
အစာစားချိန်မှာ အချိန်မှန်မစားခြင်း
တွေဟာလည်း မောပန်းနွမ်းနယ်မှုကိုဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် တနေ့တာအစားသောက်စားသောက်ရာမှာ အဆီအဆိမ့်အငန်လျှော့ပြီး အသားငါး ဟင်းရွက် စုံလင်မျှတအောင်စားပါ။အစာစားချိန်မှန်အောင်စားပါလို့အကြံပေးချင်ပါတယ်။
၃။စိတ်ဖိစီးမှုတအားများခြင်း
အလုပ်အဆင်မပြေမှုကြောင့်၊မိသားစုပြသာနာတွေကြောင့် စတဲ့အကြောင်းရင်းတွေကြောင့်စိတ်ဖိစီးမှုတအားများနိုင်ပါတယ်။
စိတ်ထောင်းကိုယ်ကြေဆိုတဲ့စကားပုံအတိုင်း စိတ်ဖိစီးမှုတအားများလာရင် စိတ်ပင်ပန်းပြီး နေရထိုင်ရတာ မွန်းကြပ်ကာ မောပန်းနွမ်းနယ်သလိုခံစားရနိုင်ပါတယ်။
ဒါကြောင့်စိတ်ဖိစီးစရာများနေတယ်ဆိုရင် သူငယ်ချင်းတွေကိုရင်ဖွင့်တာ၊အပန်းဖြေခရီးထွက်တာ၊သီချင်းဆိုတာ စတဲ့စိတ်ဖြေဖျောက်နည်းတခုခုကိုလုပ်ဖို့လိုပါတယ်။
၄။အထိုင်များခြင်း
တနေကုန်နီးပါး ကွန်ပျူတာနဲ့အလုပ်လုပ်ရတာ၊စာရေးရတာ စတဲ့အထိုင်များတဲ့အလုပ်တွေလုပ်တာများပြီး ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့အခါမှာ မောပန်းနွမ်းနယ်တာမျိုးခံစားရတတ်ပါတယ်။
ဒါကြောင့်ကိုယ်က ထိုင်ပြီးအလုပ်လုပ်ရတဲ့သူဆိုရင် အလုပ်ပြီးတဲ့ညနေပိုင်းတွေ၊အားလပ်ရက်တွေမှာ လမ်းလျှောက်တာ စက်ဘီးစီးတာစတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကိုလုပ်ဖို့လိုပါတယ်။
၅။ခန္ဓာကိုယ်ထဲကအရည်ဓါတ်လျော့နည်းခန်းခြောက်ခြင်း
ပူအိုက်တဲ့ရာသီဥတုမှာ ချွေးထွက်များတတ်ပါတယ်။အဲ့အခါကျ ထွက်တဲ့ချွေးတွေနဲ့အတူ ကိုယ်အတွင်းရှိရေနဲ့ဆားဓါတ်များဆုံးရှုံးသွားလို့ မောပန်းနွမ်းနယ်မှုကိုခံစားရနိုင်ပါတယ်။
ဒါကြောင့် နွေရာသီမှာ ချွေးထွက်များတဲ့သူတွေဆိုရင် ဓါတ်ဆားသောက်ပေးဖို့လိုပါတယ်။
၆။ရောဂါတွေကြောင့် မောပန်းနွမ်းနယ်ခြင်း
သွေးအားနည်းရောဂါ၊နှလုံးရောဂါ၊သိုင်းရွက်ဟော်မုန်းရောဂါ၊ဆီးချိုရောဂါ၊စိတ်ကျရောဂါ စတဲ့ရောဂါတွေကြောင့်လည်း မောပန်းနွမ်းနယ်ခြင်းကို ခံစားရနိုင်ပါတယ်။
ကိုယ်ကအစားသောက်လည်းမှန်မှန်စား၊အိပ်ရေးလည်းဝအောင်အိပ်၊စိတ်ဖိစီးစရာလည်းမရှိဘဲမောပန်းနွမ်းနယ်နေရင် သို့မဟုတ် မောပန်းနွမ်းနယ်တာက မကြာခဏရေရှည်ဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။
Dr 528