သင့်ကလေးကို ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေဟာ စိတ်ချရရဲ့လား
မိဘတော်တော်များများမှာ ကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ရှိနေတတ်ပါတယ်။ တချို့မိဘတွေက ကာကွယ်ဆေးကြောင့် ကိုယ့်ကလေး အန္တရာယ်ဖြစ်မှာကို ကြောက်ကြပါတယ်။ တချို့ကြတော့ ခုထိုးပေးနေတဲ့ ကာကွယ်ဆေးတွေဟာ ကိုယ့်ရင်သွေးအတွက် အမှန်တကယ်ရော လိုအပ်ရဲ့သလားဆိုပြီး ဇဝေဇဝါ ဖြစ်တတ်ပါတယ်။
ဒီနေ့ခေတ်လို ကိုယ်ပြောချင်ဆိုချင်တဲ့အရာကို အွန်လိုင်းစာမျက်နှာပေါ်မှာ လူမှုကွန်ရက်တွေအပေါ်မှာ လွတ်လွတ်လပ်လပ် ပြောချင်သလိုပြောလို့ရနေတဲ့ အခါမျိုးမှာ မိဘတွေအနေနဲ့ ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေဟာ အမှန်လား အမှားလား ပိုမိုဝေခွဲရခက်စေပါတယ်။
တကယ်တော့ အခုလက်ရှိထိုးနေတဲ့ကာကွယ်ဆေးတွေကြောင့် ဖြစ်နိုင်တဲ့အန္တရာယ်ဟာ သူတို့ကို မထိုးရင်ဖြစ်လာနိုင်တဲ့ ရောဂါတွေရဲ့အန္တရာယ်နဲ့ နှိုင်းယှဉ်ရင် မဖြစ်စလောက်ကို နည်းပါးပါတယ်။
ခု ဒီဆောင်းပါးမှာ ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး မိဘတွေ စိတ်ပူတတ်ကြတဲ့ မေးခွန်းအချို့ကို ဖြေကြားပေးသွားပါမယ်။
၁။ ကာကွယ်ဆေးတွေဟာ အလုပ်တကယ် ဖြစ်ရဲ့လား။
သိပ်အလုပ်ဖြစ်ပါတယ်။ အောင်မြင်တဲ့ ကာကွယ် ဆေးထိုးမှုတွေရှိတဲ့ နိုင်ငံတွေမှာဆို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့ ရောဂါတွေရဲ့ ဖြစ်ပွားနှုန်းဟာ သိသိသာသာကြီးကို ကျဆင်းသွားပါတယ်။ ကာကွယ်ဆေးထိုးနိုင်တဲ့နှုန်းမြင့်လေလေ ရောဂါ ဖြစ်ပွားနှုန်း လျော့နည်းသွားလေလေပါပဲ။
အတိတ်ကိုပြန်ကြည့်ရင် ကာကွယ်ဆေးမရှိခဲ့တဲ့ အချိန် စစ်ပွဲတွေ သဘာဝဘေးဒဏ်တွေကြောင့် ကာကွယ် ဆေးထိုးမပေးနိုင်ခဲ့တဲ့ အချိန်တွေမှာ ရောဂါဖြစ်ပွားနှုန်း သေကျေပျက်စီးနှုန်းတွေဟာ အလွန်အမင်းမြင့်တက်ခဲ့တာတွေကို တွေ့ရပါမယ်။
နောက် ထပ်အရေးကြီးတာတစ်ခုက ကာကွယ်ဆေးဟာ ထိုးထားတဲ့ ကလေးကို သာမကပဲ သူနဲ့ နီးနီးစပ်စပ် နေထိုင်တဲ့သူတွေကိုပါ အကာအကွယ်ပေးနိုင်ပါတယ်။ ဥပမာပြောရရင် ကာကွယ်ဆေးထိုးထာတဲ့ ကလေးနဲ့ တူတူနေတဲ့ သက်ဆိုင်ရာကာကွယ် ဆေးထိုးဖို့ငယ်လွန်းသေးတဲ့ ကလေးပေါက်စတွေ ခုခံအားစနစ်ချို့ယွင်းနေတဲ့သူတွေကို ရောဂါမကူးစက်စေတော့ပါဘူး။ ဒါကြောင့်မို့လို့ ကာကွယ်ဆေးတွေ အလုပ်ဖြစ်ရဲ့လားမေးရင် သိပ်ကိုအလုပ်ဖြစ်ပါတယ်လို့ပဲ ဖြေရပါမယ်။
၂။ ကာကွယ်ဆေးတွေဟာ ကလေးရဲ့ ခုခံအားစနစ်ကို ချို့ယွင်းစေသလား။
မချို့ယွင်းစေပါဘူး။ နေ့စဉ်နဲ့အမျှ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်ခန္ဓာကို ဒုက္ခပေးနိုင်တဲ့ Antigens ပမာဏအများကြီးကို ရင်ဆိုင်ကျော်လွှားနေတဲ့ ခုခံအားစနစ်ဟာ ကာကွယ်ဆေးမှာပါဝင်တဲ့ မပြောပလောက်တဲ့ အန္တရာယ်မဖြစ် လောက်တဲ့ Antigen ပမာဏကြောင့် ဘယ်လိုထိခိုက်ချို့ယွင်းမှုမှ မရှိနိုင်ပါဘူး။
၃။ ကာကွယ်ဆေးတွေဟာ စိတ်ချလုံခြုံမှုအတွက် စနစ်တကျရော စမ်းသပ်ထားရဲ့လား။
ကာကွယ်ဆေးတွေဟာ စိတ်ချယုံကြည်ရပြီးအကျိုးလည်း ရှိပါတယ်။ အခြားသောဆေးဝါး တွေလိုပဲ ကာကွယ်ဆေးတွေဟာ FDA အသိအမှတ်ပြုခံရဖို့ အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ရပါတယ်။
တကယ်အသုံးမပြုခင်မှာ အဆင့်ဆင့် သက်သေပြရသလို စတင်အသုံးပြုတာနဲ့ တပြိုင်နက်လည်း ကျန်းမာရေးအာဏာပိုင်တွေ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေးတွေကြောင့် ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်တယ်ဆိုတာ မရှိသလောက် ရှားပါတယ်။
၄။ ကာကွယ်ဆေးတွေမှာ ဘေးထွက်ဆိုးကျိုး (Side Effects) ရှိသလား။
ဘေးထွက်ဆိုးကျိုးမရှိတဲ့ဆေးဆိုတာ မရှိပါဘူး။ အနည်းနဲ့အများတော့ ရှိကြပါတယ်။ ဒါပေမဲ့ မဖြစ်မနေ သိထားရမှာကတော့ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါတစ်ခု ဖြစ်ပွားနိုင်နှုန်းဟာ ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုးဆိုးဆိုးဝါးဝါး ဖြစ်နိုင်တဲ့နှုန်းထက် အဆမတန်မျာတယ်ဆိုတာကိုပါပဲ။
တချို့ကလေးတွေမှာ ကာကွယ်ဆေးထိုးထားတဲ့ နေရာတဝိုက် နာကျင်ပြီး နီရဲရောင်ရမ်းနေတာမျိုးတော့ ရှိတတ်ပါတယ်။ အရမ်းနာကျင်နေရင် အကိုက်အခဲပျောက်ဆေး တမျိုးမျိုး တိုက်လို့ရပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးပြီး ခြောက်နာရီလောက် အကြာမှ အခြားဆေးဝါးတွေတိုက်သင့်ပါတယ်။
ကလေးငယ်တွေ ကာကွယ်ဆေးထိုးပြီးတိုင်း ကြုံရလေ့ရှိတာကတော့ ကိုယ်နွေးနွေးလေး ပူပြီး ဖျားတာပါပဲ။ အရမ်းငယ်သေးတဲ့ ကလေးတွေမှာဆို ပထမဆုံးကာကွယ်ဆေးစထိုးပြီးချိန်မှာ ကိုယ်ပူကြီးတတ်ပါတယ်။
အနည်းငယ်သောကလေးတွေမှာ ကိုယ်ပူကြီးတဲ့အခါမှာ ”တက်” တတ်ပါတယ်။ ကိုယ်ပူကြီးပြီး တက်တယ်ဆိုတာဟာ လုံးဝအန္တရာယ်မရှိသလို ဦးနှောက်ကို ထိခိုက်စေမှု လုံးဝမရှိပါဘူး။ မိဘတွေမှာ မွေးချင်းတွေမှာ ကိုယ်ပူကြီးပြီး တက်တတ်တဲ့ မှတ်တမ်းရှိခဲ့ရင် မွေးလာတဲ့ကလေးတွေမှာလည်း အဲ့လို ဖြစ်လေ့ ရှိပါတယ်။
ဝက်သက်ကာကွယ်ဆေး ထိုးပြီးကာစကလေးတွေမှာ အနီအစက်အကွက်တွေ ထွက်တတ်ပြီးကိုယ်ပူလေ့ရှိပါတယ်။ တချို့ အပ်အရမ်းကြောက်တတ်တဲ့ ကလေးတွေ ဆယ်ကျော်သက်တွေဆို မထိုးရသေးခင် မေ့လဲတာတွေတောင် ရှိပါသတဲ့။
ကာကွယ်ဆေးတွေကြောင့် ပြင်းပြင်းထန်ထန်ခံစားရတဲ့ ဘေးထွက်ဆိုးကျိုး (ဥပမာ ပြင်းထန်တဲ့ဓာတ်မတည့်ခြင်း) အရမ်းနဲပါတယ်။ အရင်ကာကွယ်ဆေးထိုးခဲ့စဉ်က မျက်နှာနဲ့နှုတ်ခမ်းရောင်ရမ်းခြင်း အသက်ရှုကြပ်ခြင်း နဲ့ သွေးပေါင်အလွန်ကျခြင်းတွေ ခံစားဖူးခဲ့တဲ့ ကလေးတွေဆိုရင် အာ့ကာကွယ်ဆေးကို နောက်တကြိမ်ထပ်မထိုးခင် သက်ဆိုင်ရာသမားတော်နဲ့ ပြသခြင်း ဒါမှမဟုတ် အဆင့်မြင့်ဆေးရုံဆေးခန်းတွေမှာသာ ထိုးခြင်းမျိုးတွေ ပြုလုပ်ရပါမယ်။
၅။ ဝက်သက်ကာကွယ်ဆေး ထိုးခြင်းနဲ့ အော်တစ်ဇင် (Autism) ရောဂါ ဆက်စပ်မှုရှိသလား။
ဆက်စပ်မှု လုံးဝ မရှိပါဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ တိကျသေချာတဲ့ သိပ္ပံနည်းကျသက်သေပြချက်တွေ မရှိပါဘူး။ အော်တစ်ဇင် ဆိုတာ စိတ်ပိုင်းဖွိ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းတဲ့ ရောဂါတစ်မျိုးပါ။
အောတစ်ဇင် ကလေးငယ်တွေဟာ လူမှုပေါင်းသင်းဆက်ဆံရေး ချို့ယွင်းချက်တွေ ဘာသာစကားသင်ယူမှု အခက်အခဲတွေ ရှိပါတယ်။ အပြုအမူတစ်ခုထဲကို အဆက်မပြတ်ထပ်ခါထပ်ခါ ပြုလုပ်နေတတ်ပါတယ်။
ဒီလက္ခဏာတွေကို မိဘတွေ စသတိထားမိတဲ့ အချိန်က ဝက်သက်ကာကွယ်ဆေး တတိယအကြိမ်ထိုးတဲ့ အချိန်နဲ့ သွားတူနေတဲ့အတွက် အချို့မိဘတွေက ဒီရောဂါဟာ ဝက်သက်ကာကွယ်ဆေးကြောင့် ဖြစ်တယ်လို့ အထင်ရှိကြပါတယ်။
ခုလို ဝက်သက်ကာကွယ်ဆေးနဲ့ အော်တစ်ဇင် တွဲပြောလာကြတဲ့ အရင်းခံကတော့ ၁၉၉၈ လောက်က ထွက်ခဲ့တဲ့ စာတမ်းတစ်စောင်ကြောင့်ပါ။ အဲဒီစာတမ်းမှာ ဒီကာကွယ်ဆေးနဲ့ ဒီရောဂါ ဆက်စပ်မှုရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့နောက်ပိုင်းမှာ အဲ့စာတမ်းဟာ လိမ်လည်ထားတာလို့ တွေ့ရှိခဲ့ပြီး ဖယ်ရှားခံခဲ့ရပါတယ်။ဒီကနေ့ထိ စမ်းသပ်ချက်ပေါင်း မြောက်မြားစွာ လုပ်ခဲ့ပေမဲ့ ဝက်သက်ကာကွယ်ဆေးနဲ့ အော်တစ်ဇင် ဆက်စပ်မှုရှိတယ်လို့ ဘယ်တခုကမှ မထုတ်ပြန်ခဲ့ပါဘူး။
အနှစ်ချုပ်အနေနဲ့ ပြောပြချင်တာကတော့
၁။ ကာကွယ်ဆေးတွေဟာ သင့်ကလေးငယ်တွေကို ဆိုးဝါးပြင်းထန်တဲ့ ရောဂါတွေ မဖြစ်ရအောင် အမှန်တကယ်ကို ကာကွယ်ပေးနိုင်ပါတယ်။
၂။ လက်ရှိ နိုင်ငံတော်အဆင့် ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးတိုင်းဟာ စစ်ဆေးစမ်းသပ်မှုအကြိမ်ကြိမ်ကို ကျော်ဖြတ်ခဲ့ရတာမို့ စိတ်ချယုံကြည်လို့ ရပါတယ်။
၃။ ကာကွယ်ဆေးတွေမှာ ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေတော့ ရှားပါတယ်။သေချာတာတစ်ခုကတော့ ကာကွယ်ဆေးမထိုးလို့ ဖြစ်လာနိုင်တဲ့ ရောဂါတွရဲ့ အကျိုးဆက်ကတော့ ပိုမိုပြင်းထန်ဆိုးရွားတယ်ဆိုတာပါပဲ။
၄။ အခု လူပြောများနေတဲ့ ဝက်သက်ကာကွယ်ဆေးကြောင့် အော်တစ်ဇင်ရောဂါ ဖြစ်ရတယ်ဆိုတာဟာ လုံးဝကို အခြေအမြစ် မရှိပါဘူး။ ကာကွယ်ဆေးထိုးမထားရင်တော့ ဝက်သက်ဟာ အသက်သေစေနိုင်တဲ့အထိကို အန္တရာယ်ကြီးပါတယ်။
ဒါကြောင့် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ယုံမှားသံသယတွေအားလုံးကို ဖျောက်ဖျက်ပစ်ပြီး ကျန်းမာပျော်ရွှင်တဲ့ သားသားမီးမီးတွေပိုင်ဆိုင်ရဖို့ သတ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေကို အချိန်မှီထိုးပေးကြဖို့ အကြံပေးလိုက်ပါတယ်။
ဒေါက်တာလန်း