ကိုယ်ဝန်ဆောင်တုန်းကာလမှာ စားသမျှအစာတိုင်းက မိခင်ရောကလေးကိုပါ အနည်းနဲ့အများ သက်ရောက်မှုရှိနေပါတယ် ။ မိခင်က သန္ဓေသားလေးအတွက် အစာအဟာရ အဓိကရတဲ့ နေရာဖြစ်တဲ့အတွက်ကြောင့်မို့ မိခင်ရော ကလေးပါ ကျန်းမာဖို့အတွက် အဟာရပြည့်ဝတဲ့ အစားအသောက်ဖြစ်ဖို့ အလွန်အရေးကြီးလှပါတယ် ။ မှန်ကန်တဲ့ စားသောက်မှုပုံစံကသာ ကလေးငယ်ကြီးထွားဖွံဖြိုးဖို့အတွက် အထောက်အကူုဖြစ်မှာ ဖြစ်ပါတယ်။
– အာဟာရများ ပိုမိုလိုအပ်မှု
တချို့ကတော့ ပြောကြတယ် ။ ၂ယောက်စာစားရင် အဆင်ပြေတယ်တဲ့ ။ ဒါကလည်းအလုံးစုံတော့ မမှန်ပေမဲ့ နဂိုထက်ပိုပြီး အဟာရဓာတ်တွေ လိုအပ်တာကတော့ မှန်နေပါတယ် ။ သတ္တုဓာတ် ( Minerals ) နဲ့ သက်စောင့်ဓာတ် ( Vitamins ) တွေက ပမာဏနည်းနည်းသာလိုပေမဲ့ စွမ်းအင်ကိုထုတ်ပေးမဲ့ Calories ဖြစ်စေတဲ့ အသားဓာတ် ( protein ) , ကစီဓာတ် ( carbohydrate ) နဲ့ အဆီဓာတ် ( fat ) တွေကတော့ အဓိကလိုအပ်တဲ့ အဟာရတွေပါပဲ ။ အလွယ်နည်းပြောရရင်တော့ အောက်မှာပြထားတဲ့ အစာအုပ်စုတွေကို တစ်မျိုးကို နည်းနည်းစီ နေ့တိုင်းစားရပါမယ် ။
* ဂျုံ / ဆန် မှပြုလုပ်သော အစားအစာများ – စွမ်းအင်အဓိကထုတ်ပေးပါတယ် ။
* အသီး နဲ့ အရွက်တွေ – ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ၊ အမျှင်ဓာတ် ၊ ရေ နဲ့ အဆီတွင်းပျော်ဝင်ဓာတ် သက်စောင့်ဓာတ်တွေ အများအပြားပါဝင်ပါတယ် ။
* အသား / ပဲအမျိုးမျိုး – အသားဓာတ် ၊ သံဓာတ် ၊ folate ဓာတ်တို့ကို အဓိကပေးပါတယ် ။
* နို့ နဲ့ နို့ထွက်ပစ္စည်း – အရိုးကိုခိုင်မာစေတဲ့ ကယ်လ်ဆီယမ်ဓာတ် ( Calcium ) နဲ့ Vitamin D တွေပါဝင်ပါတယ် ။
– ဘယ်လောက် နဲ့ ဘာတွေစားရမလဲ ?
အဟာရတစ်ခုခု လိုအပ်တာနဲ့ ကိုယ်ဝန်ကို အနှောင့်အယှက်ဖြစ်မှာပါပဲ ။ ဒါကြောင့်မေမေတွေက တတ်နိုင်သလောက် အစာအမျိုးအစား အများအပြားကို စားရပါမယ် ။ ဒါပေမဲ့ တတ်နိုင်သလောက်တော့ ဆီကြော်အစားအစားတွေ ၊ ဆိုဒါပါဝင်တဲ့ အစားအစာတွေကို ရှောင်ပြီး အဆီနည်းတဲ့ ၊ သာဘာဝစားသောက်ကုန်တွေကိုသာ ရွေးချယ်ရပါမယ် ။
# Protein ( အသားဓာတ် )
သန္ဓေလေးရဲ့ တစ်ရှူးအစိတ်အပိုင်းတွေနဲ့ ဦးနှောက်ဖွံ့ဖြိူးမှုအတွက် အဓိကအကျဆုံးကတော့ Protein ပါပဲ ။ မေမေရဲ့ ရင်သားနဲ့ သားအိမ်ဖွံ့ဖြိုးမှုတွေ ၊ သွေးလည်ပတ်မှု ကောင်းစေဖို့အတွက်လည်း လိုအပ်ပါတယ် ။
တစ်နေ့ကို ၃ကြိမ်တော့ အသားဓာတ်ကို မှီဝဲရပါမယ် ။ အသားဓာတ်များတဲ့ အစားအစာတွေကတော့
* အမဲသား
* ဝက်သား
* ပဲအမျိုးမျိုး
* ဆော်လမွန်ငါး
* မြေပဲ တွေပဲ ဖြစ်ပါတယ် ။
# Calcium ( အရိုးဓာတ် )
Calcium ကတော့ ကလေးငယ်ရဲ့ အရိုးကြီးထွားမှုကို ကူညီတာပါ ။
တစ်နေ့ကို အနည်းဆုံး ၃ ကြိမ်တော့ စားသုံးသင့်ပါတယ် ။ ကိုယ်ဝန်ဆောင် မိခင်ကပါ အသက်ငယ်ရင်တော့ ၅ ကြိမ်အထိ မှီဝဲလို့ရပါတယ် ။ Calcium ဓာတ် များတဲ့ အစားအစာတွေကတော့
* နွားနို့
* ဒိန်ချဉ်
* ချိစ်
* ဂေါ်ဖီထုပ်
* တို့ဖူး
* ဥအမျိုးမျိုး
* ပူတင်း တို့ဖြစ်ပါတယ် ။
# Folate ( ဖောလိတ်ဓာတ် )
Folate ကို Folic acid လို့လည်း ခေါ်ပါတယ် ။ အာရုံကြောဆိုင်ရာ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် ဥိးနှောက်ကို ပုံမှန်ဖွံ့ဖြိုးအောင်လို့လည်း ကူညီပါတယ် ။
တစ်နေ့ကို ၆၀၀ ကနေ ၈၀၀ microgram အထိ Folate ကိုစားသုံးသင့်ပါတယ် ။ Folate များတဲ့ အစားအစာတွေကတော့
* အသည်းတွေ
* မြေပဲ
* ပဲအမျိုးမျိုး
* ကြက်ဥ
* အစိမ်းရင့်ရောင်ရှိတဲ့ အရွက်များ တို့ဖြစ်ပါတယ် ။
# Iron ( သံဓာတ် )
Iron ကတော့ အခြားဓာတ်တွေနဲ့ပေါင်းပြီး မိခင်ရော ကလေးပါ အောက်ဆီဂျင်ကောင်းကောင်းရအောင် ကူညီပေးပါတယ် ။
တစ်နေ့ကို ၂၇ milligram အနည်းဆုံးစားသုံးသင့်ပါတယ် ။ Iron များတဲ့ အစားအစာတွေကတော့
* အစိမ်းရင့်ရောင် အရွက်များ
* ချဉ်တဲ့ အသီးတွေ
* ပေါင်မုန့်တွေ
* ကြက်ဥ
* အခြောက်ခံထားတဲ့ အသီးတွေပဲ ဖြစ်ပါတယ် ။
– ချဉ်ခြင်းတက်ခြင်း ( Craving ) နဲ့ စားချင်စိတ်မရှိခြင်း ( Food aversion )
နှစ်မျိုးက လုံးဝဆန့်ကျင်ဘက်ပါ ။
ကိုယ်ဝန်ဆောင်မိခင်တွေက အနည်းဆုံးအစာတစ်မျိုးတော့ ချဉ်ခြင်းတက်လေ့ရှိကြပါတယ် ။ အများအားဖြင့်တော့
* ချောကလက်
* အစပ်တွေ
* အသီးတွေ
* အလွယ်တကူရတဲ့ အစားအစာတွေတွေ… ဥပမာ ပီဇာ ၊ အာလူးကြော်
တချို့ကတော့ အစားအစာတချို့ကို အနံ့တောင် မခံနိုင်လောက်အောင် ဖြစ်လေ့ရှိပါတယ် ။ ပုံမှန်အားဖြင့်တော့ ဘာမှမဖြစ်ပေမဲ့ ကလေးငယ်အဟာရဖြစ်စေမဲ့ အစားအစာတွေကိုပါ မစားချင်တော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ ။
– Pica ( ပုံမှန်မဟုတ်သောအရာကို စားလိုခြင်း )
ဥပမာအားဖြင့် ဆေးလိပ်ပြာတွေ ၊ ရွှံ့တွေ ၊ မြေကြီးတွေကို စားချင်လာကြပါတယ် ။ ဒါကတော့ ဓာတ်တစ်ခုခု လိုအပ်နေတာကိုဖော်ပြတာဖြစ်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ် ။
နိဂုံးချုပ်ရမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်မိခင်တွေက စားလို့ရသမျှ အကုန်စားသင့်ပါတယ် ။ သေချာကိုယ့်အစားအစာကို ဂရုစိုက်ပြီး ကိုယ်လက်လှုပ်ရှားမှူလေးပါ တွဲလုပ်လိုက်မယ်ဆိုရင်တော့ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို မလွဲမသွေ ပိုင်ဆိုင်မှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ် ။ ။
Dr.Z