မွေးခါနီး သွေးအချွဲဆင်းတယ် ဆိုသည်မှာ
ကိုယ်ဝန်ဆောင်သည်များကို မွေးခါနီးလရင့်လာသောအခါ ကိုယ်ဝန်စောင့်ရှောက်မှုပေးနေသော ဆရာဝန် ဆရာမများက အမြဲမှာကြားသည်မှာ ရေဆင်း၊ သွေးဆင်း၊ ဗိုက်နာပြန်လာပါဟု မှာကြားလိုက်ပါတယ်။ ထိုအခါ အများစုသည် ရေဆင်း၊ ဗိုက်နာခြင်းကိုနားလည်သော်လည်း သွေးဆင်းခြင်းကို ထင်ယောင်ထင်မှားဖြစ်တတ်ပါတယ်။
မွေးခါနီးလရင့်သောအခါ ကိုယ်ဝန်ဆောင်သည်များသည် မိန်းမကိုယ်မှ အချွဲနှင့် သွေးများပါသော အကျိအချွဲများ ဆင်းတတ်ပါတယ်။ မွေးခါနီး ကိုယ်ဝန်ဆောင်သည်တိုင်း ဖြစ်လေ့ရှိပါတယ်။
ကိုယ်ဝန်ဆောင်သည် ကာလတလျောက် အဖြူရည်ကြည်ဆင်းသည်မှာ ပုံမှန်ဖြစ်ပါတယ်။ အမျိုးသမီးဟော်မုန်းပမာဏအပြောင်းအလဲပေါ် မူတည်၍ အဖြူရည် အပစ်အကျဲ ပမာဏကွဲပြားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်သည်များသည် အဖြူရည်ကို အမြဲစောင့်ကြည့်နေသင့်ပါတယ်။ အထူးဖြင့် မွေးခါနီးရက်ပိုင်းအလို ကာလအတွင်း ပိုမိုအရေးကြီးပါတယ်။ သွေးစအကျိအချွဲဆင်းခြင်းသည် ကိုယ်ဝန်ဆောင်သည်အတွက် ပုံမှန်ဟုယူဆနိုင်သလို မွေးဖွားခါနီး အစလက္ခဏာတစ်ခုဟုလည်း ဖြစ်နိုင်ပါတယ်။
သွေးရောင်ဆင်းခြင်းသည် မိန်းမကိုယ်မှ ဆင်းသော အရည်တစ်မျိုးဖြစ်ပါတယ်။ သွေးရောင်ပါသော အကျိအချွဲဖြစ်ပါတယ်။ ဆင်းခြင်းသည် မမွေးခင်တွင် ဆင်းတတ်ပါတယ်။ သို့သော် မွေးသောအချိန်နှင့် သွေးအကျိအချွဲထွက်သောအချိန် ကွာခြားမှုသည် တစ်ဦးနှင့် တစ်ဦးမတူပါ။
သွေးအချွဲဆင်းတိုင်း အရေးပေါ်အခြေအနေဟူ၍ ပြောမရပါ။ သွေးဆင်းတိုင်းပျက်ကျသည်ဟု ယူဆမရပါ။ သွေးဆင်းခြင်း အကျိအချွဲဆင်းခြင်းအပါအဝင် အချို့အခြေများသည် ကိုယ်ဝန်ဆောင်စဉ် ပုံမှန်ဟု ယူဆနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအစပိုင်းတွင်အနည်းငယ်တစ် ၂ စက်ဆင်းခြင်းသည် ဖြစ်တတ်ပါတယ်။ သားအိမ်ခေါင်းတွင် သားပိုရှိခြင်း ရောင်ရမ်းခြင်းကြောင့်လည်း သွေးအနည်းငယ်ဆင်းတတ်ပါတယ်။
ကိုယ်ဝန်ဆောင် ဒုတိယအပိုင်းအခြားနှင့် တတိယအပိုင်းအခြားတွင် သွေးအများကြီးဆင်းလျင် စိုးရိမ်စရာအခြေအနေများကြောင့် ဥပမာအချင်းကွာကျခြင်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်လမစေ့ခင် သွေးဆင်းလျှင် အထူးဂရုစိုက်ကုသရန် လိုအပ်ပါတယ်။
လစေ့နေသောကိုယ်ဝန်ဆောင်သည် သွေးအကျိအချွဲဆင်းပါက အခြားသောမွေးခါနီးလက္ခဏာများရှိမရှိ စောင့်ကြည့်ပါ။ မွေးခါနီးလက္ခဏာများမှာ
– အဆက်မပြတ်ခါးနာခြင်း
– အဆက်မပြတ်ဗိုက်နာခြင်း
– သားအိမ်ကျုံခြင်းပိုစိပ်လာခြင်း
– ရေမွှာပေါက်ခြင်းစသည့်တို့ဖြစ်ပါတယ်။
သွေးဆင်းခြင်းသည် သားအိမ်ခေါင်းကျယ်လာပြီး မွေးရန်အသင့်အနေထားဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။ အမျိုးသမီးများသည် သွေးအကျိအချွဲဆင်းပါက အခြားသောမွေးချင်သောလက္ခဏာများကို စောင့်ကြည့်ပါ။ ထို့ကြောင့်သွေးအကျိအချွဲဆင်းကြောင့် ကလေးမွေးချိန်နီးမနီးဟု အတိအကျမပြောနိုင်ပါ။ လမစေ့ခင် သွေးဆင်းလျင် အထူးဂရုစိုက်ရန်လိုအပ်ပါတယ်။
Dr. Pyae Shin