ကိုယ်ဝန်ရှိတဲ့အခါမှာ သင့်ရဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေ၊ အရပ်ထဲကသူတွေ ဆီကနေ စားတာ သောက်တာနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်း ယုံရခက် မယုံရခက် စကားတွေ ကြားရတတ်ပါတယ်။
ကိုယ်ဝန်ရှိတဲ့အခါ ဘာစားရင် ယောက်ျားလေးဖြစ်မယ်၊ ဘာစားရင် မိန်းကလေးဖြစ်မယ်၊ ဘာစားရင် အမြွှာဖြစ်မယ်၊ ဘာစားရင် ကလေးမှာ ဘာဖြစ်တတ်တယ်၊ ဘာစားရင် ကိုယ်ဝန်ပျက်တယ် ဆိုတာမျိုးတွေကို အများဆုံးကြားရလေ့ရှိနိုင်ပါတယ်။
ဒီထဲကမှ အရပ်ထဲ အပြောများလေ့ရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် နာနတ်သီးစားခြင်းနဲ့ ပတ်သက်တာကို ရေးသားတင်ပြချင်ပါတယ်။
အရပ်ထဲမှာ ကိုယ်ဝန်ဆောင်ချိန် နာနတ်သီးစားရင် ကိုယ်ဝန်ပျက်ကျတာ၊ မွေးချိန်မတန်ဘဲ ဗိုက်နာပြီးမွေးတာ ဖြစ်တတ်တယ်လို့ ပြောကြလေ့ရှိပါတယ်။ ဒါဟာ တကယ်တော့ သက်ကြီးစကား သက်ငယ်ကြားရာကနေတစ်ဆင့် လက်ဆင့်ကမ်းလာတဲ့ အယူအဆမှားတခု သက်သက်ပါပဲ။
လက်တွေ့မှာတော့ သိပ္ပံနည်းကျ သုတေသနပြုလေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ချိန် နာနတ်သီးစားခြင်းဟာ ကိုယ်ဝန်ကို ထိခိုက်ပျက်စီးစေတဲ့ ဆိုးကျိုးဖြစ်တာမျိုးကို မတွေ့ရှိရပါ။
အရပ်ထဲမှာ နာနတ်သီးစားရင် ကိုယ်ဝန်ထိခိုက်ပျက်စီးစေတယ်လို့ ကောလဟာလတွေဖြစ်လာရတာဟာ ဆောင်းပါးအချို့နဲ့ သိပ်သေချာမသိတဲ့လူတချို့က နာနတ်သီးမှာပါတဲ့ Bromelain ဓာတ် အကြောင်းကို ချဲ့ကားပြောဆိုရေးသားရာကနေ ဖြစ်လာတာဖြစ်နိုင်ပါတယ်။ ဆေးပညာရှင်တွေ ဆရာဝန်တွေဟာ Bromelain ဆေးပြားတွေကို ကိုယ်ဝန်ဆောင်စဉ်မှာမသောက်ဖို့ ကိုယ်ဝန်ဆောင်တွေကို မှာလေ့ရှိပါတယ်။
ဘာလို့လဲဆိုတော့ Bromelain ဆေးပြားတွေဟာ မူမမှန်သွေးယိုတာ၊ သားအိမ်ခေါင်းကို ပျော့စေပြီး ကလေးမွေးဖို့ လှုံ့ဆော်သလိုဖြစ်တာတွေကို ဖြစ်စေနိုင်လို့ပါ။ နာနတ်သီးမှာလည်း Bromelain ဆေးပြားတွေမှာ ပါတဲ့ ဓာတ်ပါပါတယ်။ ဒါပေမဲ့ ပါတာက အူတိုင်နေရာမှာ ပါတာဖြစ်ပြီး နာနတ်သီးအသားမှာ မဖြစ်စလောက်အနည်းငယ်သာ ပါပါတယ်။
နာနတ်သီးတစ်လုံးမှာပါတဲ့ Bromelain ဓာတ်ပမာဏဟာ Bromelain ဆေးပြားတစ်ပြားမှာပါတဲ့ပမာဏထက် အဆပေါင်းများစွာနည်းပါတယ်။ ဒါကြောင့် နာနတ်သီးကို အူတိုင်ချည်းဘဲ ၁၀ လုံးလောက် တစ်ထိုင်တည်းစားတာမျိုးမဟုတ်ရင် အန္တရာယ်မဖြစ်နိုင်ပါဘူး။
သုတေသနပညာရှင် ဆေးပညာရှင်များကလည်း နာနတ်သီးမှာ ကိုယ်ဝန်ဆောင်တွေအတွက် လိုအပ်တဲ့ အမျှင်ဓါတ်၊ ဗီတာမင်စီ၊ ဖောလိတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဘီဆစ် စတာတွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်စဉ်မှာ မကြာခဏစားပေးဖို့ကို တိုက်တွန်းထားပါတယ်။
ဒါ့ပြင် နာနတ်သီးကို ဒီအတိုင်းစားရတာ ငြီးငွေ့လာပါက သုပ်စားတာ၊ ဖျော်ရည်လုပ်သောက်တာ၊ ဒိန်ချဉ်ထဲ ထည့်သောက်တာ၊ ယိုထိုးစားတာ စသဖြင့် အမျိုးမျိုးလုပ်စားဖို့ ပြောထားပါသေးတယ်။
ဒါကြောင့် အဆုံးသတ်အနေနဲ့ ပြောရရင် အရပ်ကောလဟာလတွေကြောင့် အရမ်းအရသာရှိပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူပေးတဲ့ နာနတ်သီးကို ကိုးလ ရှောင်နေဖို့မလိုကြောင်း၊ နာနတ်သီးကို ကိုယ်ဝန်ဆောင်ချိန်မှာ စားနိုင်ကြောင်း၊ မကြာခဏလည်း စားပေးသင့်ကြောင်း အကြံပေးချင်ပါတယ်။
Author: Dr. 528