လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းထိဖို့ထက်
ပိုခက်တဲ့ ရခဲလှတဲ့ လူအသက်တစ်ချောင်း ဖြစ်တည်လာပြီးရင် မိခင်လောင်းတို့
ဖခင်လောင်းတို့ အနေနဲ့ မိမိတို့ရဲ့ ရင်သွေးကို ကျန်းမာသန်စွမ်း ဉာဏ်ရွှင်လန်းစွာ
မွေးဖွားလာဖို့ ၊မိခင်ရော ကလေးပါ အဆင်ပြေပြေ ချောချော မွေ့မွေ့ မွေးဖွားနိုင်ဖို့
ဆုတောင်းမျှော်လင့်ကြမှာပါ ။ဒါကြောင့် မိခင်ရော ကလေးပါ ဘေးမသီ ရန်မခဘဲ
မွေးဖွားနိုင်ဖို့ ဘယ်လို လုပ်ရမလဲဆိုတာ မိဘအလောင်းအလျာတို့ သိဖို့ ဒီဗိုက်အပ်
ခြင်း ၊ကိုယ်ဝန်စောင့်ရှောက်မှုဆိုတဲ့ ဆောင်းပါးလေးမှာ ဖော်ပြလိုက်ပါတယ် ။
ဘယ်အချိန်မှာ ကိုယ်ဝန် စအပ်ကြမလဲ ။
“အော် ၊ဗိုက်ပဲ ဘယ်အချိန် အပ် အပ်ပေါ့ ၊ဆရာရယ်”လို့ ပြောကြမှာ
ပေါ့ ။အဲ့ဒီလို အပြောတော့ မစောစေချင်ပါ ။ဗိုက်အပ်တဲ့အချိန်သည် အရေးကြီးပါ
တယ် ။ဘာကြောင့်လဲဆိုရင် စောစော အပ်ရင် စောစော ကိုယ်ဝန်စောင့်ရှောက်မှုခံ
ယူနိုင်တယ် ။ကိုယ်ဝန်ဆောင်နေစဉ် ရတတ်တဲ့ ရောဂါတွေ ၊ကလေးကောင်း
မကောင်းတို့ ၊မွေးဖွားစဉ် ခက်ခဲနိုင်တဲ့ အခြေအနေတွေကို စောစောသိတော့ ကြို
တင်ပြင်ဆင်လို့ ရတာပေါ့ ။
ဒါကြောင့် ကိုယ်ဝန်ကို စောနိုင်သမျှ စောစောအပ်ပါ ။
ဘယ်မှာ ကိုယ်ဝန်အပ်ရမလဲ ။
လနုသေးရင် နီးစပ်ရာ ဒေသန္တဆေးခန်း စတာတွေမှာ အပ်ပါ ။
လရင့်လာရင် ၊ကိုယ်ဝန် ၃၆ ပတ်ကျော်လာရင်တော့ ဆေးရုံမှာ အပ်ပါ ။
ဘယ်နှကြိမ် ဆေးရုံဆေးခန်း ပြရမလဲ ။
ကိုယ်ဝန် ၂၈ပတ်အထိကို ၁လ တစ်ခါ ၊၂၉ပတ်မှ ၃၆ပတ်ထိကို
၂ပတ် တစ်ခါ ၊ကိုယ်ဝန် ၃၆ပတ်အထက် ၁ပတ် တစ်ခါ မွေးဖွားခါနီးထိ ပြရမယ် ။
ကိုယ်ဝန်စောင့်ရှောက်မှုမှာ ဘာတွေ လုပ်ပေးမလဲ ။
မိခင်လောင်းတို့ရဲ့ ရာဇဝင်မေးမယ် ။နောက်ဆုံးသွေးပေါ်ရက်ကို
မေးမယ် ။ဘာလို့လဲဆိုရင် မွေးမယ့်ရက်ကို ခန့်မှန်းဖို့ပါ ။သားနှောင်းကိုယ်ဝန်များ
တွင် အရင်ကိုယ်ဝန်အကြောင်းတွေ မေးမယ် ။သားပျက်သားလျောဖြစ်ဖူးလား ၊
ညှပ်ဆွဲမွေးတာလား ၊ဗိုက်ခွဲမွေးတာလား ၊သွေးသွန်ဖူးလား ၊ယခင်ကလေးတွေမွေး
ပြီးမှ ၃-၄ရက်အတွင်း ပျက်စီးဆုံးရှုံဖူးလား စသဖြင့် မေးပါတယ် ။ဒါတွေသိရင် ကြို
တင်ပြင်ဆင် ထားနိုင်အောင်ပါ ။မီးယပ်နဲ့ ဆိုင်တဲ့ရောဂါတွေ ဖြစ်ဖူးလား မေးမယ် ။
သွေးတိုးနှလုံးဆီးချို စတဲ့ ရောဂါတွေ ရှိ/မရှိ ၊ခွဲစိတ်ဖူးခြင်း ရှိ/မရှိ ၊မိသားစုမျိုးရိုးမှာ
အမြွှာမွေးတဲ့ရာဇဝင်တို့ ၊ရောဂါကြီးကြီးမားမား ဖြစ်တာတို့ ရှိ/မရှိ နဲ့ ယခု ကိုယ်ဝန်
မှာ ထူးထူးခြားခြား ဘာဖြစ်သေးလဲ ဆိုပြီး မေးပါတယ် ။တစ်ခုခု ထူးခြားတာရှိရင်
စောစီးစွာကုသထားနိုင်အောင်ပါ ။
မိခင်လောင်းတွေကို အရပ်တိုင်းမယ် ၊ပေါင်ချိန်မယ် ၊သွေးပေါင်း
တိုင်းမယ် ။နှလုံး ၊အဆုတ်နဲ့ ဗိုက်စမ်းမယ် ။လိုအပ်ရင် မိန်းမကိုယ်ကို စမ်းမယ် ။
တစ်ခါတစ်လေ ရင်သား ကောင်းစွာ ဖွံ့ဖြိုးမှု ရှိ/မရှိ စမ်းမယ် ။
သွေးစစ်မယ် ။သွေးအား ကောင်း/မကောင်း ၊သွေးအုပ်စု အမျိုးအစား ၊
ကူးစက်ရောဂါပိုးများ ( ကာလသားပိုး ၊အိပ်ချ်အိုင်ဗွီပိုး ၊အသည်းရောင် အသားဝါ ဘီ
ပိုး ၊စီပိုး ) ရှိ/မရှိ စစ်မယ် ။ပြီးရင် ဆီးစစ်မယ် ။
ကိုယ်ဝန်ဆောင်အားဆေးတွေ တိုက်မယ် ။
ကိုယ်ဝန်ဆောင်မိခင်လောင်းတို့ ဘာသတိထားရမလဲ ။
-အနည်းဆုံး တစ်နေ့ ၁၀နာရီ အိပ်ချိန်ရှိရမယ် ။ညဘက် ၈နာရီလောက် အိပ်ချိန်ရှိ
ရမယ် ။နေ့ခင်း တရေးတမော ၂နာရီလောက်အိပ်ပါ ။
-အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားရမယ် ။
-အဝတ်အစားတွေကို ချောင်ချိတာ ရွေးဝတ်ပါ ။
-အလေးအပင် မ မပါနဲ့ ။အကုန်းအကွ အရမ်းမလုပ်ပါနဲ့ ။
-သာမန် အပေါ့စား ကိုယ်လက်လှုပ်ရှားမှုများ လုပ်ပါ ။ဥပမာ-လမ်းလျှောက်တာ ။
-ဒေါက်မြင့်ဖိနပ်တို့ ၊ဖိနပ် ခုံအထူစားတို့ မစီးပါနဲ့ ။ကြွက်ပိုတက်တတ်တယ် ။
ဘာတွေက အရေးပေါ်အခြေအနေလဲ ။
-သွေးဆင်း
-ရေဆင်း
-ကလေး မတိုး
-အရမ်းအန်
-အသားဝါ ၊မျက်စိဝါ
-ခေါင်းအရမ်းကိုက်
-ဗိုက်နာ
-သွေးပေါင်တက်
-ဆီးအရောင်မကောင်း
က နီးစပ်ရာ ဆေးရုံ ဆေးခန်း အမြန်ပြပါ ။ဆေးမြီးတိုတွေနဲ့ အချိန်မဖြုန်းပါနဲ့ ။
မိခင်ရော ကလေးအတွက်ပါ အရေးကြီးပါတယ် ။
Author: ခေတ်သစ် ဇီဝက