လာခြင်းကောင်းတဲ့ လူငယ်တွေမှာ တွေ့နေတာက မိဘဖိနှိပ်ထားလို့ ‘ပြင်ပ ဗဟုသုတနည်းပြီး၊ လူမှုရေးညံ့တဲ့ ကလေးများ’ ဖြစ်နေတာကိုပါ။ အနှီလူငယ်တွေဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်မချမှတ်နိုင်၊ မချမှတ်တတ်ပါဘူး။ ဘာပဲလုပ်လုပ် မိဘပါမှလုပ်တတ်။ ဘယ်ကိုပဲခိုင်းခိုင်း မဆင်မပြေတတ်လို့ မိဘက ပြန်လုပ်ရတာနဲ့ ကျောင်းတက်လည်း မလုပ်နိုင်၊ မကြိုးစား၊ ပြောရရင် လူကဲခတ်ညံ့သလို၊ စာမေးပွဲ ချဉ်းကပ်လေ့လာရာမှာလည်း အားနည်းလှတယ်။ ဥပမာပြောရရင် လေးနှင့်သုံး မြှောက်ရင် ၁၂ရသလို၊ ၁၂နှင့် ၁ကို မြှောက်လည်း ၁၂ရတာ။ ယခုလိုကွဲလွဲသွားရင်၊ စာမေးပွဲမှာ မဖြေတတ်ဘူး။ အလောင်းဘုရား၏ တတိယမြန်မာနိုင်ငံထူထောင်ပုံ နှင့် အလောင်းမင်းတရားဦးအောင်ဇေယျ၏ ဆောင်ရွက်ချက်များ အတူတူပဲဆိုတာ အကင်းမပါးဘူး။ စာမေးပွဲမှာ ‘ချွေးစေးပြန်၊ ကျွမ်းပစ်နေရော’ ။
ပြင်ပဗဟုသုတနည်းတော့ ဖုန်းလည်းမဆက်တတ်၊ ဂိမ်းလည်းမဆော့တတ်၊ ကွန်ပျူတာလေ့လာပြန်တော့ အတက်နှေး၊ စာဖတ်ရင် မျက်စိမှိတ်ရွတ်ပြနေတာကိုပဲ မိဘက စာကြိုးစားတယ် ထင်နေကြတယ်။ ကျူရှင်တို့ ၊ ဂိုက်တို့ဆိုတာလည်း ကလေးရဲ့Óဏ်၊ ပါရမီပါမှ အစွမ်းထက်သလို သာမာန်အောင်ရင်ပဲ မိဘတွေ ကျေနပ် သင့်ပါပြီ။ အချို့က ‘အာဂုံဆောင် လက်ဖျားခါလောက်ပေမယ့်’ စာမေးပွဲမှာ ရေးချရင် မေ့သွားရော။
အိမ်တွင်းမှုတစ်ခုခုသင်၊ အပ်ချုပ်၊ ဇာထိုး၊ ပန်းထိုး၊ လက်သမား၊ ပန်းရံ အချောကိုင်၊ စက်ပြင်တို့မှာ ဦးနှောက်သိပ်မသုံးရလို့ အတတ်မြန်ကြတယ်။ အနှီ လူငယ်များ ရှစ်တန်း၊ ဆယ်တန်းမအောင်ရင် စိတ်မပျက်သင့်ဘူး။ အသက်မွေးဝမ်း ကျောင်း တစ်ခုခုသင်ပေးလိုက် အချိန်တန်ရင် ဇွဲရှိသလို ကြီးပွားချမ်းသာလိမ့်မယ်။
အိုင်ကျူဆိုတာ အသက်နဲ့လိုက်တဲ့ အသိÓဏ်၊ အီးကျူဆိုတာ အသက်အရ လူမှုဆက်ဆံရေးကောင်းမှု၊ အနှီလူငယ်တွေမှာ အိုင်ကျူရော၊ အီးကျုပါ အားနည်း တတ်တယ်။ မတတ်ရကောင်းလား ဆူ၊ ဆဲ၊ မာန်မဲနေလို့မပြီးဘူး။ အချို့မျိုးရိုးကြောင့် အချို့အခြေအနေမပေးလို့ ဖြစ်နိုင်သလို အချို့အားကစားဖက်မှာ ထူးချွန်တတ်တယ်။
လက်တွေ့ဘဝမှာလည်း ပညာသင်ရုံသက်သက် လူဖြစ်လာတာမဟုတ်ဘူး။ ပညာထက် ကျယ်ဝန်းတဲ့ လူမှုဝန်းကျင်မှာ လုပ်စရာတွေအများကြီးရှိတယ်။ လောကီ၊ လောကုတ္တရာ နှစ်ဖြာနဲ့ပဲ တွက်ကြည့်၊ သင်ကြားလေ့လာစရာများသလို၊ ဆရာကောင်း လည်း လိုအပ်နေတယ်။ အချို့ကျောင်းစာညံ့မလိုလိုနဲ့၊ ဘုန်းကြီးစာအတတ်မြန်လို့ ငယ်ငယ်ကတည်းက ကိုရင်၊ ရဟန်း၊ သီလရှင်ဝတ်သွားပြီး ယနေ့မှာစာဟော၊ စာချ၊ ဓမ္မစရိယတွေဖြစ်နေတာ တွေ့ဖူးပါတယ်။
လူတစ်ဦးအတွက် တစ်နေရာမှာ အဆင်မပြေရုံနဲ့ သုံးလို့မရဘူးလို့ မှတ်ချက် မပေးသင့်ဘူး။ တစ်ခုခုမှာ သာလွန်နေတယ်။ ကျောင်းမှာ ဘောလုံးထူးချွန်သူ၊ အားကစား ထူးချွန်သူများ စာမလိုက်နိုင်ကြဘူး။ အချို့နှစ်ဖက်လုံး ထူးချွန် သို့မဟုတ် နှစ်ဖက်လုံး သာမာန်နဲ့ ဆယ်တန်းအောင်ရုံအောင်ပြီး သာမန်ဘွဲ့ တစ်ခုခုရသွားတယ်။ လူငယ်ကို အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်တာများရင် ပြင်ပဗဟုသုတနည်းပြီး လူမှုရေး ညံ့တတ်တယ်။ ကျောင်းစာပါထိခိုက်လာတယ်။
သူများကထိန်ပွဲ၊ လွတ်လပ်ရေး အောင်ပွဲ ပျော်ရွှင်နေတဲ့အချိန်မှာ မိဘတွေက ပင်ပန်းတယ်။ မလိုက်နဲ့ဆိုတော့ လူမှုရေး ဘယ်ဝင်ဆံ့တော့မလဲ။ တစ်ချိန်လုံး စာကျက်လည်း လက်မခံနိုင်တော့ဘူး။
ဦးနှောက်ကို ဖြေလျှော့ပေးရမယ်။ ‘စက်’ ဆို အနားပေးရသေးတာ လူလည်း အနားပေးသင့်တယ်။ တစ်ခုပြီးတစ်ခု၊ နောက်တစ်မျိုးမရိုးရအောင် တီထွင်ဆန်းသစ်ရင် ဦးနှောက်လေ့ကျင့်ပြီးသားဖြစ်စေတယ်။ လူမှုရေးကောင်းတဲ့ လူငယ်တွေ၊ အသက်ရ လာရင် ရပ်ရွာမှာ အကြီးအကဲဖြစ်နေတာ မအံ့သြနဲ့၊ ငယ်စဉ်ကတည်းက လူမှုရေး နားလည်လို့၊ စိတ်ဝင်စားလို့ အဆင်ပြေသွားတယ်။ မိဘများအနေနဲ့ လူငယ်ရဲ့ အနေအထား ကောင်းကောင်းသိထားရမယ်။
Author: Dr.လွင်သန့်