ဖျားနာခြင်းဆိုတာ ကလေးတွေ အတွေက်တော့ မဖိတ်ထားဘဲ မကြာခဏရောက်လာနေကျ ဧည့်သည်ဆိုးတစ်ယောက်လိုပါပဲ။
ကလေးတွေဟာ အသက်ငယ်ရွယ်တုန်းမှာ ပိုဖျားတတ်ပြီး အရွယ်ပိုကြီးလာလေ အဖျားအနာနည်းသွားလေမို့ ငယ်တုန်းမှာတော့ ပိုသတိထားရပါတယ်။
ဒါပေမဲ့ ဒီလို COVID-19 ကပ်ရောဂါကာလမှာတော့ ကလေးကြီးကြီးငယ်ငယ် မိဘတွေက ပိုစိတ်ပူလာကြတာတွေ့ရပါတယ်။
ဒီတော့ ဒီကာလမှာ ကလေးတစ်ယောက်ဖျားလာရင်ဘာလုပ်ရမလဲဆိုတာ နည်းနည်း ပြောပြချင်ပါတယ်။
ကလေးဖျားနေပြီထင်ရင်ဘာလုပ်ရမလဲ ??
အရင်ဆုံး ဖျားနေတာ တကယ်ဟုတ်မဟုတ် သေချာအောင် ကိုယ်ပူချိန်တိုင်းကြည့်ပါ။
ကိုယ်ပူချိန် 98.6 °F ကျော်နေပြီဆို ကလေးဖျားတာဖြစ်နိုင်ပါတယ်။
ချက်ချင်းဆေးတိုက်တာမျိုး၊ ဆေးခန်းချက်ချင်းခေါ်သွားတာ၊ ဆေးရုံချက်ချင်းခေါ်သွားတာမျိုးမလုပ်ပါနဲ့ဦး။
နောက်တစ်ခေါက်သေချာအောင် အချိန်ခဏခြားပြီး ပြန်တိုင်းကြည့်ပါ။
တကယ်လို့ 99°F ကျော်လာပြီ ဆိုရင်တော့ ကလေးဖျားတာသေချာပါပြီ။ 100°F ကျော်ပြီဆိုရင်တော့ ကိုယ်ပူကျဆေးတစ်ခုခုစတိုက်လို့ရပါပြီ။
ဘာဆေးတိုက်မလဲ ဘယ်လောက်တိုက်ရမလဲ ??
ပါရာစီတမောလ်က ကလေးတွေအတွက် အဆင်ပြေဆုံးနဲ့ လူသိအများဆုံး ကိုယ်ပူကျဆေးတစ်ခုဖြစ်ပါတယ်။
ပါရာစီတမောလ်ကို ကလေးကိုယ်အလေးချိန်နဲ့ အသက်အရွယ်ပေါ်မူတည်ပြီးတိုက်ရပါမယ်။
15mg/kg နှုန်းနဲ့ တွက်ပြီးတိုက်နိုင်သလို အသက်အရွယ်အလိုက် တိုက်ရမဲ့ ဆေးရည်ပမာဏကို ဆေးဘူးတွေပေါ်က ညွှန်ကြားချက်တွေဖတ်ပြီးတော့လည်း တိုက်နိုင်ပါတယ်။
သတိထားဖို့ လိုတဲ့ အချက်ကတော့ အနည်းဆုံး ၄နာရီခြားဖို့လိုအပ်ပြီး တနေ့အတွင်း ၄ကြိမ်ထက်ပိုမတိုက်သင့်ပါဘူး။
အသည်းထိခိုက်သွားနိုင်ပါတယ်။
ကိုယ်ပူကျဆေးတိုက်ခြင်းဟာ ကလေးကို ပိုသက်သောင့်သက်သာဖြစ်စေဖို့အတွက်သာ တိုက်တာဖြစ်ပြီး ဆေးတိုက်လို့ ကိုယ်ပူချိန်ကျသွားခြင်းက ရောဂါပျောက်ကင်းသွားခြင်းမဟုတ်ဘူးဆိုတာ နားလည်ဖို့လိုပါမယ်။
မြန်မြန်ကောင်းစေချင်ဇောနဲ့ ဆေးကို လိုအပ်တာထက် ပိုတိုက်တာ အကြိမ်ရေပိုတိုက်တာမျိုးလည်း မလုပ်ရပါဘူး။
အိပ်နေတဲ့ကလေးကို နှိုးပြီး ကိုယ်ပူကျဆေးတိုက်တာမျိုးလည်း လုပ်ဖို့မလိုပါဘူး။
ကိုယ်ခံအားပြန်တက်လာဖို့အတွက် အနားယူအိပ်စက်တာနဲ့ အစာအာဟာရပြည့်ဝအောင် ကျွေးတာက ပိုအရေးပါပါတယ်။
ဘာတွေကျွေးရမလဲ ?
– အစာပျော့ပျော့ပျောင်းပျောင်း (ဆန်ပြုတ်၊ စွပ်ပြုတ် ၊ မြူစွမ် စသည်ဖြင့်) ကျွေးပါ
– ကလေးထမင်းစားချင်ရင်ကျွေးပါ
– အရည်များများဝင်အောင်တိုက်ပါ (ရေ၊ ဟင်းချို ၊ စွပ်ပြုတ်၊ အသီးအနှံ ၊ ဆန်ပြုတ် ၊ နို့ စသည်ဖြင့်)
အဖျားတက်မှာကြောက်ပြီး အစာဖြတ်ထားတာလုံးဝမလုပ်ပါနဲ့။
ဆရာဝန်ပြဖို့လိုမလို ?
ကလေး လန်းလန်းဆန်းဆန်းရှိတယ် ..ဆော့နေတယ် ..အစားဝင်တယ် ကိုယ်ပူအရမ်းမကြီးဘူး.. တခြားဆိုးဆိုးဝါးဝါးလက္ခဏာမရှိဘူး.. ဖျားတာ (၃)ရက်မကျော်သေးဘူးဆိုရင် ခုလိုအခြေအနေမှာ အရေးတကြီး ဆေးရုံ/ဆေးခန်းသွားမပြပါနဲ့ဦး။
အပြင်ကနေ ရောဂါပြန်ကူးလာမှာ ပိုကြောက်ရပါတယ်။
တကယ်လို့ ကလေးဖျားတာ (၃)ရက်လောက်ဖြစ်လာပြီ ၊ အရမ်းနုန်းခွေနေမယ် ၊ အစာမဝင်ဘူး၊ တခြား အန္တရာယ်ရှိတဲ့လက္ခဏာတွေဖြစ်တဲ့ ရင်ကြပ်တာ၊ ဝမ်းအရမ်းလျှောတာ၊ သတိလစ်သွားတာ၊ ဆက်တိုက်အန်နေတာ၊ တက်တာ စတာ တစ်ခုခုတွဲဖြစ်လာရင်တော့ ဆရာဝန်နဲ့တွေ့ဖို့လိုပါပြီ။
ခုလိုကာလမှာ မိဘတွေအနေနဲ့ ပြနေကျ ဆရာဝန်ကို ဖုန်း သို့မဟုတ် အွန်လိုင်းကနေ တိုင်ပင်လို့ရမရ ကြိုသေချာအောင်လုပ်ထားသင့်ပါတယ်။
ကိုယ့်သဘောနဲ့ကိုယ်ပိုးသတ်ဆေးတွေ တွေ့ရာဆေးတွေ တိုက်တာမျိုးတော့ လုံးဝမလုပ်ပါနဲ့။
ဟိုတုန်းက နေမကောင်းဖြစ်ချိန်ဆရာဝန်ညွှန်ဖူးတဲ့ ပိုးသတ်ဆေးတွေကို ပြန်တိုက်တာမျိုးလည်း လုံးဝမလုပ်ပါနဲ့။
ဝမ်းလျှောရင် ဓာတ်ဆားရည်တိုက်တာ၊ ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ နှာစေးချောင်းဆိုးပျောက်ဆေးတွေတော့ ဆေးဘူးပေါ်ကအညွှန်းထက်မပိုပဲ တိုက်ထားနိုင်ပါတယ်။
ကလေးကို ဖျားမှနေမကောင်းမှ ကုတာထက် ဘာမှမဖြစ်ခင်ကတည်းက ကြိုပြီး ကိုယ်ခံအားကောင်းအောင်ဂရုစိုက်ထားတာက အကောင်းဆုံးဖြစ်ပါတယ်လို့ မှာချင်ပါတယ်။
ကလေးတိုင်းအဖျားအနာကင်းပြီး ကျန်းမာပျော်ရွှင်ကြပါစေ..
Dr ဖြိုးဝေလင်း