fbpx

Myanmar (Covid-19 Stats)

😷 96,520 Total Cases
😥 2,059 Deaths
😇 74,973 Recovered

ကလေးနေမကောင်းဖြစ်ရင် ဘာကျွေးရမလဲ?

ဒီမေးခွန်းက အဖေအမေတိုင်းနီးပါး ကလေးကိုဆေးခန်းပြပြီး အပြင်ပြန်မထွက်ခင် ဆရာဝန်ကို မဖြစ်မနေ အမြဲမေးနေကျမေးခွန်းတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် ဆရာဝန် ရဲ့ ဆန္ဒ ၊ မိဘတွေရဲ့ ဆန္ဒနဲ့ ကလေးရဲ့ ဆန္ဒ ဘယ်တော့မှ တစ်ထပ်တည်း မကျတတ်တဲ့ အကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ်။

“ဆရာ ကလေးကို ဘာကျွေးရမလဲ” မေးချိန်မှာ “ကလေးစားချင်တာ အကုန်ကျွေးပါ..အားရှိဖို့လိုတယ် ထမင်းစားချင်ထမင်းကျွေးပါ” ပြောပေမဲ့ မိဘတွေရဲ့ ဆန္ဒမှာ ထမင်းကျွေးဖို့မပါတတ်ပါဘူး။
ထမင်းကျွေးရင် ကလေးတွေပိုဖျားမယ်..ထမင်းအစား ခေါက်ဆွဲပြုတ်လေးပဲ ကျွေးမယ်..ကြာဆံပြုတ်လေးပဲကျွေးမယ်လို့ ရည်ရွယ်ထားတဲ့ မိဘတွေက ပိုများပါတယ်။

ဒီတော့ကလေးကို သူစားချင်တာကျွေးဖို့ မေးကြည့်လိုက်ရင်တော့ ပိုငါးပါးမှောက်သွားမဲ့ အဖြေတွေရတတ်ပါတယ်။
ကလေးတွေကိုဘာစားချင်လဲမေးကြည့်ရင်တော့ များသောအားဖြင့် အချိုရည်ဘူးတွေ၊ ချောကလက်တွေ၊ ရေခဲမုန့်တွေ စတဲ့ မစားသင့်တာတွေပဲ တောင်းတတ်ပါတယ်။

ဒီတော့ ဆရာဝန်၊ မိဘနဲ့ ကလေးရဲ့ ဆန္ဒတွေထက် ဘယ်အခြေအနေမှာ ဘာကျွေးသင့်တယ် မကျွေးသင့်ဘူး ဆိုတာ နားလည်သိရှိထားဖို့လိုပါတယ်။

ဒါဆို ကလေးတစ်ယောက်နေမကောင်းဖြစ်ရင် ဘာကျွေးသင့်လဲ..ဘာကျွေးလို့ရလဲ..ဘာကျွေးလို့မရဘူးလဲ..??

 

ကလေးတစ်ယောက်နေမကောင်းဖြစ်ရင် အဖြစ်အများဆုံးလက္ခဏာတွေနဲ့ ပြဿနာတွေကို အခြေခံပြီး ဘာတွေမကျွေးသင့်ဘူးလဲ အရင်ပြောပါမယ်။

 

– နှာစေးနေရင် နှာခေါင်းပိတ်နေရင်

ဒီလိုအခြေအနေမျိုးတွေမှာ ကလေးတွေက ကြာကြာဝါးရတဲ့အစားအသောက်မျိုးကို ပိုမကြိုက်တတ်ပါဘူး။ နှာခေါင်းပိတ်လို့ ပါးစပ်နဲ့ အားပြုအသက်ရှူနေရချိန်ဖြစ်တဲ့အတွက် စားစရာအလုတ်ကြီးကြီးကျွေးတာမျိုးလည်း ရှောင်ရပါမယ်။
အရည်ခပ်ရွှဲရွှဲ သိပ်ဝါးစရာမလိုတာမျိုးက ပိုအဆင်ပြေပါတယ်။

 

– ချောင်းဆိုးနေရင်
လည်ချောင်းယားစေမဲ့ လည်ချောင်းမှာ အချွဲပိုများစေမဲ့ အစားအသောက်တွေရှောင်ရပါမယ်။
အချိုများတာ၊ အဆီများတာ၊ ဆီကြော်မုန့်တွေ၊ Histamine ဓာတ်များတဲ့ အစားအသောက်တွေဖြစ်တဲ့ မှို၊ စတော်ဘယ်ရီ၊ အသီးအနှံအခြောက်တွေ၊ ဒိန်ချဉ် စတာတွေ ကို နည်းနည်းသတိထားပြီးကျွေးရပါမယ်။ ချောင်းပိုဆိုးလာရင် ရှောင်ပါ။

–  ကိုယ်ပူနေရင်
ဖျားနေရင်၊ ကိုယ်ပူနေရုံနဲ့တော့ အထူးတလည်ရှောင်ရမဲ့အစားအသောက်မရှိပါဘူး။
ဒါပေမဲ့ ရေခဲစိမ်အချိုရည်ဘူးတွေ၊ ရေခဲရေတွေတော့ ရှောင်သင့်ပါတယ်။ အဖျားရှိန်ကြောင့် နှလုံးခုန်မြန်နေချိန်မှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊လက်ဖက်ရည်၊ အားဖြည့်အချိုရည်တွေက ပိုရင်တုန်စေနိုင်ပါတယ်။

 

အန်နေရင်

အန်နေတဲ့ ကလေးကိုတော့ မကျွေးရမဲ့အရာတွေကရှင်းပါတယ်။
မာတဲ့အစားအသောက်တွေ၊ ပူတဲ့စပ်တဲ့ ချဉ်တဲ့ အစားအသောက်တွေရှောင်ရပါမယ်။
ပျော့ပျော့ပျောင်းပျောင်းရှိမဲ့ ဆန်ပြုတ်လို၊ မြူစွမ်လို အစာခြေရလွယ်မဲ့ အရည်များများပါတဲ့ အစားအသောက်တွေ၊ နို့နဲ့ ပေါင်မုန့်လို အစားအသောက်မျိုးတွေပိုကျွေးပေးရပါမယ်။
တခါတည်းများများမကျွေးဘဲ တစ်လုတ်နဲ့ တစ်လုတ်ကြား မိနစ်အနည်းငယ်ခြားခြားပြီးကျွေးရပါမယ်။

 

– ဝမ်းပျက်ဝမ်းလျှောဖြစ်နေရင်

အသီးဖျော်ရည်တွေ၊ အသီးအနှံတွေ၊ အသီးအရွက်တွေနဲ့ တခြားအမျှင်ဓာတ်များတဲ့ oatmeal လိုအစားအသောက်တွေမကျွေးပါနဲ့။
နို့နဲ့နို့ထွက်ပစ္စည်းတွေခဏဖြတ်ထားပါ။

ဒိန်ချဉ်ကတော့ အူလမ်းကြောင်း အကျိုးပြု probiotics လေးတွေ ပါဝင်တဲ့အတွက် မြန်မြန်ပုံမှန်ဝမ်းပြန်ဖြစ်စေပါတယ်။

ဒါတွေကတော့ ကလေးတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုစီအတွက် ဖြစ်ပါတယ်။

ကလေးတစ်ယောက်နေမကောင်းရင် ဘာတွေဘယ်လိုကျွေးသင့်တယ်ဆိုတာကို အကြမ်းဖျဉ်းအားဖြင့် ပြောရရင်တော့

– နေမကောင်းဖြစ်နေချိန်မှာ ပိုအာဟာရပြည့်အောင် ဂရုတစိုက်ကျွေးပါ။
အာဟာရအုပ်စု(၃)ခု စုံလင်မျှတအောင်ကျွေးပါ။
အသား၊ ငါး၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ပဲ၊ နို့၊ ဥ စသည်ဖြင့် စုံလင်အောင်ကျွေးပါ။

– ပုံမှန်ထက်ပို အကြိမ်ရေတိုးကျွေးပါ။
ဒါပေမဲ့ ပုံမှန်ထက်ပို ဖြည်းဖြည်းကျွေးပါ။ နည်းနည်းစီ ခဏခဏကျွေးပါ။ ကလေးစားနိုင်သလောက်ပဲ ကျွေးပါ။

– အရည်များများဝင်အောင်တိုက်ပါ။
ရေ၊ အသီးဖျော်ရည်၊ နို့အမျိုးမျိုး၊ ကွေကာအုတ်၊ ဓာတ်ဆားရည်၊ စွပ်ပြုပ်၊ ဟင်းချို၊ ဆန်ပြုတ်၊ မြူစွမ် စတာတွေအကုန် တိုက်လို့ရပါတယ်။

 

ကောင်းကောင်းစား ကောင်းကောင်းအိပ်ပြီး မြန်မြန်ကိုယ်ခံအားပြန်တက်လာမှ မြန်မြန်ပြန်နေကောင်းသွားမှာဖြစ်ပါတယ်။
ဒီတော့ ကလေးနေမကောင်းဖြစ်ရင် အစာကျွေးဖို့ မကြောက်ကြပါနဲ့။
အစာမကျွေးမိတာက ကလေးအတွက် ပိုဆိုးစေပါတယ်လို့ မှာလိုက်ချင်ပါတယ်။

ကလေးတိုင်းကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း

ဆက်စပ် ဆောင်းပါးများ