ဒီနေ့ခေတ်အချိန်အခါက မေမေတို့အတွက် သားသမီးကို ပြုစုစောင့်ရှောက်ရတာဟာ တကယ့်ကို
ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ ကလေးသဘာဝဖြစ်တဲ့ ဂျီကျတာ၊ အစာဂျီးများတာနဲ့
အမေးအမြန်းထူတာအပြင် ယနေ့ခေတ်လို လုပ်ငန်းခွင်ပြန်ဝင်ရတဲ့ မေမေတွေအတွက် ကလေးကို
အချိန်ပေး ပြုစုပျိုးထောင်ရတာ သိပ်တော့ မလွယ်ကူလှပါဘူး။ အထူးသဖြင့် အဘိုး၊ အဘွား၊ ဦးလေး၊
အဒေါ်စတဲ့ ဆွေမျိုးတွေနဲ့ အိမ်ခွဲနေတဲ့အခါမှာ မေမေတို့အနေနဲ့ ကလေးကူထိန်းမယ့်သူ
မရှိဖြစ်နေတတ်ပါတယ်။
ဒါကြောင့် ယနေ့ခေတ်မှာ ကလေးယူမယ့် မိခင်လောင်းတွေအပြင် အခုမှစပြီး
မေမေဖြစ်လာတဲ့သူတွေအတွက် ကြုံတွေ့နိုင်မယ့် စိန်ခေါ်မှုတွေနဲ့ ဒီစိန်ခေါ်မှုတွေကို
ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာကို ရေးသားဖော်ပြလိုက်ပါတယ်။
၁။ အချိန်မရှိတာ
မေမေဖြစ်ရတာ ဘယ်တော့မှ မလွယ်ကူပါဘူး။ သားသမီးမွေးကင်းစအရွယ်တည်းက
မေမေတို့ရဲ့ တစ်နေ့တာအချိန်တော်တော်များများကို ကလေးငယ်နဲ့ပဲ အတူတူကုန်ဆုံးရတာဖြစ်ပါတယ်။
ကလေး လသားအရွယ်ဖြစ်လာတဲ့အချိန်ရောက်ရင်လည်း ဒီနေ့ခေတ်မေမေတွေဟာ အများအားဖြင့်
လုပ်ငန်းခွင် ပြန်ဝင်ကြရတဲ့အတွက် အလုပ်ချိန်၊ အိမ်မှုကိစ္စအချိန်နဲ့ ကလေးထိန်းတဲ့အချိန်
စတဲ့အချိန်တွေနဲ့ တစ်နေ့တာမှာ အလုပ်ရှုပ်နေတတ်ပါတယ်။ တစ်ခါတစ်လေမှာ လုပ်ငန်းခွင်အချိန်နဲ့
မိသားစုအချိန်ကိုတောင် လုနေရတတ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့ မေမေတို့အနေနဲ့ တစ်ခါတစ်လေမှာ
စိတ်ရှုပ်ပြီး ကလေးကို အော်ငေါက်မိလိုက်တာတွေတောင် ဖြစ်တတ်ပါတယ်။ ရလဒ်အနေနဲ့
မိခင်နဲ့အတူရှိတဲ့အချိန် နည်းပါးလာတဲ့အခါ ကလေးက မိခင်မေတ္တာရရှိတာ လျော့ကျသွားနိုင်ပြီး
စိတ်အားငယ်သွားနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာနဲ့အပြုအမူဆိုင်ရာတွေ ပြောင်းလဲသွားတတ်ပြီး
သွန်သင်ဆုံးမရခက်တဲ့ ကလေးတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလိုစိန်ခေါ်မှုကို ရင်ဆိုင်ဖို့ အကူအညီလိုနိုင်ပါတယ်။ အဲဒီအကူအညီကတော့ အဘိုး၊ အဘွားနဲ့
ဆွေမျိုးရင်းခြာတွေပါပဲ။ လုပ်ငန်းခွင်ကို ပြန်ဝင်ရမယ့် မေမေတို့အတွက် ကလေးယူမယ်လို့
ဆုံးဖြတ်ထားတဲ့အချိန်တည်းက အဘိုး၊ အဘွားနဲ့ ဆွေမျိုးတွေကို အသိပေးသင့်ပါတယ်။ လုပ်ငန်းခွင်
ပြန်ဝင်တဲ့အချိန်မှာ ကလေးကို အကြင်နာ၊ ဂရုဏာနဲ့ ပြုစုစောင့်ရှောက်ပေးနိုင်ဖို့
ဆွေမျိုးရင်းခြာတွေဖြစ်တဲ့ ဖေဖေ၊ မေမေတို့ မိဘတွေ၊ ဆွေမျိုးရင်းခြာတွေ လိုအပ်ပါတယ်။
မေမေတို့အနေနဲ့လည်း ကိုယ်ပိုင်အချိန်တစ်ခုကို သတ်မှတ်ထားသင့်ပြီး ကလေးနဲ့အတူတူ
ရင်းရင်းနှီးနှီးကုန်ဆုံးသင့်ပါတယ်။ ကိုယ်ပိုင်အချိန်မှာ အလုပ်ကိစ္စတွေမေ့ထားပါ။ ကလေးနဲ့ပဲ
ပျော်ပျော်ရွှင်ရွှင် သံယောဇဥ်တစ်ခုကို အကောင်းဆုံးတည်ဆောက်ဖို့ လိုအပ်ပါတယ်။
၂။ တခြားမေမေတွေနဲ့ နှိုင်းယှဥ်နေတာ
ဒီနေ့ခေတ်က ဒီဂျစ်တယ်နည်းပညာတွေ တိုးတက်လာတဲ့ခေတ်ဖြစ်တဲ့အတွက် မေမေတို့ဟာ
ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို ချက်ချင်းသိနိုင်ကြပါတယ်။ ပတ်ဝန်းကျင်က
မေမေတွေပဲဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းတွေပဲဖြစ်ဖြစ် အင်တာနက်ဆိုရှယ်မီဒီယာပေါ်ကနေတဆင့်
သူတို့ကလေးတွေကို ဘယ်လို ကစားစရာအကောင်းစားတွေ ဝယ်ပေးနိုင်ကြောင်း၊ ဘယ်လို
ကျောင်းကောင်းကောင်းတွေ ထားနိုင်ကြောင်း၊ ဘယ်လို အရသာရှိတဲ့ အစားအသောက်တွေ
ဝယ်ကျွေးနိုင်ကြောင်းစတဲ့ အကြောင်းအရာတွေကို တွေ့လိုက်တဲ့အခါမှာ မေမေတို့အနေနဲ့
မသိစိတ်ကဖြစ်ဖြစ်၊ သိစိတ်ကဖြစ်ဖြစ် လိုက်နှိုင်းယှဥ်မိပြီး အားမလိုအားမရနဲ့ စိတ်ဖိစီးမှုတွေ
များလာတတ်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုက မေမေတို့ရဲ့ အိမ်ထောင်ဖက်အပေါ်ကိုအပြင် သားသမီးကိုပါ
ထိခိုက်စေတတ်ပါတယ်။
တကယ်တမ်းက လက်ရှိမေမေတို့က ကိုယ့်သားသမီးတွေအတွက် အကောင်းဆုံးပါပဲ။
သူများတွေနဲ့ လိုက်နှိုင်းယှဥ်စရာ မလိုပါဘူး။ သားသမီးတွေအတွက် အကောင်းဆုံးက မေမေတို့ရဲ့
အကန့်အသတ်မဲ့ချစ်ခြင်းမေတ္တာတရားပဲ ဖြစ်ပါတယ်။
မေမေတို့အနေနဲ့ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် မေမေတို့ကိုယ်တိုင်ဟာ သားသမီးအတွက်
အကောင်းဆုံးဆိုတာကို ယုံကြည်မှုရှိဖို့လိုအပ်ပြီး ကလေးအတွက် အကောင်းဆုံးနဲ့အသင့်တော်ဆုံး
ပြုစုပျိုးထောင်မှုကိုပဲ လုပ်ဆောင်ပေးသင့်ပါတယ်။
၃။ ကလေးကို ကျန်းမာသွက်လက်အောင် ပျိုးထောင်ရတာ
ဒီနေ့ခေတ်မှာဆို အရင်ကလို လမ်းတွေပေါ်မှာ ပြေးလွှားဆော့ကစားနေတဲ့ကလေးတွေ
မရှိတော့တာ ကြာနေပါပြီ။ ကလေးငယ်တော်တော်များများဟာ ဖုန်းတွေ၊ တီဗွီတွေ၊
ကွန်ပျူတာဂိမ်းတွေနဲ့ပဲ အချိန်ကုန်ဆုံးနေတတ်ပါတယ်။ အလုပ်ရှုပ်တဲ့ မေမေတို့ကလည်း
ကလေးငြိမ်ရင်ပြီးရောဆိုပြီး ဖုန်းတွေ၊ တီဗွီတွေနဲ့ လွှတ်ပေးထားတတ်မျိုးလည်း တွေ့ရတတ်ပါတယ်။
ပြင်ပ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုနည်းလာတဲ့အခါ ကလေးငယ်တွေဟာ သန်မာဖျတ်လတ်မှုမရှိတဲ့အပြင်
ခုခံအားနည်းလာတာ၊ လူမှုဆက်ဆံရေးအားနည်းလာတာ၊ အဝလွန်လာတာ စတဲ့ပြဿနာတွေ
ကြုံတွေ့ရတတ်ပါတယ်။
ဒီလိုစိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ မေမေတို့ပတ်ဝန်းကျင်မှာ ကလေးတွေအတွက်
ကစားဖော်ကလေးငယ်တွေ ရှာပြီး အတူတူဆော့ကစားစေဖို့ လိုပါတယ်။ ကစားဖော်မရှိရင်လည်း
ဖေဖေ၊မေမေတို့နဲ့အတူတူ တိုက်ခန်းရှေ့ ဒါမှမဟုတ် ခြံရှေ့မှာ ဘောလုံးကန်တာ၊
ကြက်တောင်ရိုက်တာမျိုး စတာတွေကို ဆော့ကစားပေးနိုင်တဲ့အပြင် လမ်းတူတူလျှောက်တာမျိုးလည်း
လုပ်ပေးနိုင်ပါတယ်။
ကလေးငယ် ဖုန်းနဲ့တီဗွီကြည့်တဲ့အချိန်ကို တစ်နေ့မှာ အများဆုံး ၁ နာရီလောက်ပဲ ထားသင့်ပြီး
ကျန်တဲ့အချိန်တွေကို ကစားဖော်တွေနဲ့ ဆော့ကစားစေတာမျိုး၊ ဒါမှမဟုတ်
လေကောင်းလေသန့်ရတဲ့နေရာမှာ ပုံဆွဲစေတာ၊ အရုပ်ဆက်စေတာ၊ ရုပ်ပြစာပေတွေဖတ်စေတာ
စတာတွေကို လုပ်ဆောင်ဖို့ အားပေးသင့်ပါတယ်။
တကယ်တမ်းက မေမေဖြစ်ရတာဟာ မလွယ်ကူပါဘူး။
ပြီးပြည့်စုံပြီး လုပ်ဆောင်မှုတိုင်း မှန်ကန်တဲ့မေမေဆိုတာလည်း မရှိပါဘူး။ ကိုယ့်သားသမီးအပေါ်
အနွေးထွေးဆုံးမေတ္တာတရားနဲ့ ပြုစုစောင့်ရှောက်မှုကပဲ အရေးကြီးပါတယ်။
ကလေးကို ပြုစုပျိုးထောင်တာအပြင် မေမေတို့လုပ်ဆောင်ရတဲ့ နေ့တဓူဝအိမ်မှုကိစ္စတွေ၊
မိသားစုကျန်းမာရေးကိစ္စတွေ စတဲ့ စိန်ခေါ်မှုတွေလည်း ရှိတဲ့အတွက် အိမ်ထောင်ဖက် ဖေဖေတို့ကလည်း
ကူညီပေးဖို့ လိုအပ်ပါတယ်။
ဖေဖေတွေအနေနဲ့လည်း ဒီလိုစိန်ခေါ်မှုတွေ များနေတဲ့ မေမေတွေကို နားလည်ပေးဖို့ လိုအပ်ပြီး
တတ်နိုင်သမျှ ဖြည့်ဆည်းကူညီပေးသင့်ပါတယ်။
ဖေဖေနဲ့ မေမေတို့က ဒီလိုစိန်ခေါ်မှုတွေကို အတူတူကျော်လွှားနိုင်မှ ကျန်းမာပြီး
ပျော်ရွှင်တဲ့သားသားမီးမီးလေးတွေကို ပိုင်ဆိုင်နိုင်ကြမှာပဲ ဖြစ်ပါတယ်။
ဒေါက်တာကောင်း (ဆေး-၂)