ကယ်ဆီယမ်ဓာတ်ဟာ ကလေးတွေအတွက် အလွန်အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။
ကယ်ဆီယမ်ဟာ အရိုးနဲ့သွားတွေကို သန်မာစေသလို အာရုံကြောနှင့် ကြွက်သားများ ပုံမှန်လုပ်ငန်းတွေကို ဆောင်ရွက်ဖို့အတွက်အရေးပါပါတယ်။
ကလေးတွေမှာ သည်လို အရေးပါတဲ့ ကယ်ဆီယမ်ဓာတ် ချို့တဲ့နေရင် ဘာဖြစ်နိုင်ပါသလဲ..။
ကယ်ဆီယမ်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဌ
- အရိုးတည်ဆောက်ခြင်း
အစားအစာတွေထဲမှာ ပါဝင်တဲ့ ကယ်ဆီယမ်ဓာတ်ဟာ ဗီတာမင် ဒီ ရဲ့ အကူအညီနဲ့ ကိုယ်ခန္ဓာထဲသို့ရောက်ရှိပါတယ်။ သည်ကနေတစ်ဆင့် အရိုးတည်ဆောက်မှုတွေမှာ ကယ်ဆီယမ်ဟာ ပါဝင်အားဖြည့်ပါတယ်။ ဒါကြောင့် ကယ်ဆီယမ်ဓာတ်ချို့တဲ့ရင် အထူးသဖြင့် ကလေးတွေမှာ အရိုးဖွဲ့စည်းတည်ဆောက်မှု အားနည်းနေတတ်ပါတယ်။ မိဘတိုင်းလိုလို မိမိသားသားမီးမီးတွေကို သူများထက် ခေါင်းတစ်လုံးသာပြီး ပိုမို ကြီးထွားဖွံဖြိုးစေချင်ကြပါတယ်။ ကယ်ဆီယမ်ဓာတ် လုံလုံလောက်လောက်ရရှိမှသာ ပုံမှန်ကြီးထွားနိုင်ပြီး အသက်ကြီးလာတဲ့အခါမှာလည်း အရိုးပွခြင်းကဲ့သို့ သော အရိုးအားနည်းတဲ့ရောဂါတွေကို ကာကွယ်နိုင်မှာပါ။
- ကြွက်သားများနှင့် အာရုံကြောစနစ်တွင် ပါဝင်ခြင်း
ကယ်ဆီယမ်ဟာ အရိုးအတွက်အရေးပါရုံမကပဲ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြွက်သားများ ကျုံ့ဆန့်ခြင်းနှင့် အာရုံခံစနစ်တွေအတွက်ပါ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ကယ်ဆီယမ် ချို့တဲ့ခြင်း ကြောင့် ကြွက်သားပုံမှန် အကျုံ့အဆန့်မလုပ်နိုင်ခဲ့လျှင် (ဥပမာ-နှလုံးကြွက်သား ကဲ့သို့အရေးကြီးသော ကြွက်သားများ ထိခိုက်လျှင်) အသက်အန္တရာယ်ပေးသည်အထိ ဆိုးကျိုးများရှိနိုင်ပါတယ်။
ကလေးတွေမှာ တွေ့ရတတ်တဲ့ ကယ်ဆီယမ်ဓာတ် ချို့တဲ့မှုလက္ခဏာများ
- ကြွက်တက်ခြင်း
ကြွက်တက်တယ်ဆိုတာ ကြွက်သားအစိတ်အပိုင်းတစ်ခုခု ပုံမှန် အကျုံ့အဆန့်မလုပ်နိုင်တော့ပဲ တောင့်တင်းနေမှု ဖြစ်ပါတယ်။ ကယ်ဆီယမ်ချို့တဲ့တဲ့အခါ ကြွက်သားကျုံ့ဆန့်မှုတွေကို ထိခိုက်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ မိမိကလေး ကစားနေစဉ် သို့ လမ်းလျှောက်နေစဉ် ရုတ်တရက် ကလေးက ခြေလက်တွေနာတယ်၊ တင်းတယ် ပြောခဲ့မယ်ဆိုရင် ကြွက်တက်တာဖြစ်နိုင်တဲ့အတွက် သတိထားသင့်ပါတယ်။
- အိပ်မပျော်နိုင်ခြင်း
မိမိကလေး အိပ်မပျော်နိုင်တာ ဖြစ်နေခဲ့ရင်၊ အိပ်ရခက်နေရင်လည်း ကယ်ဆီယမ်ဓာတ် ချို့တဲ့တာကြောင့် ဖြစ်နိုင်တာကို သတိထားသင့်ပါတယ်။
- ကြီးထွားဖွံဖြိုးမှုနှုန်း နှေးကွေးခြင်း
အထက်မှာ ပြောပြခဲ့တဲ့အတိုင်း ကယ်ဆီယမ်နဲ့ ဗီတာမင်ဒီ ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲတွေအနေနဲ့ အရိုးပျော့၍ ပုံသဏ္ဍာန် မမှန်ခြင်း (Rickets) ၊ ခြေထောက်ခွင်ခြင်း (Bow Leg) နှင့် အခြားကလေး တွေနဲ့ယှဉ်ရင် ဖွံဖြိုးမှုနောက်ကျခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတွေမှာဆိုရင် အပျိုဖော်ဝင်ချိန် နောက်ကျခြင်းတွေဖြစ်နိုင်ပါတယ်။
- အခြား ပြောင်းလဲမှုများ
သွားများ ပျက်စီးလွယ်ခြင်း၊ လက်သည်းများ ကျိုးလွယ်ခြင်း။
စသည့် ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်-
- မွေးကင်းစအရွယ်ကနေ အသက်ခြောက်လထိ မိခင်နို့ကို ဂရုစိုက်တိုက်သင့်ပါတယ်။ မိခင်နို့မှာ ကယ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့အတွက် ကြောင့်ပါ။ နွားနို့နှင့် အသင့်ဖျော် နို့မှုန့်အထုတ်များ တိုက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
- ခြောက်လအထက် အစားစားနိုင်သော ကလေးတွေမှာ ကယ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ကျွေးပေးသင့်ပါတယ်။ ဒါမှမဟုတ် ကယ်ဆီယမ်ပါဝင်သော ဖြည့်စွက်အာဟာရဓါတ်များကို ကျွေးမွေးနိုင်ပါတယ်။
- ဆယ်ကျော်သက်အရွယ် ရောက်လာတော့မယ့် ကလေးတွေက ကယ်ဆီယမ်ဓာတ်ကို အလိုအပ်ဆုံးဖြစ်ပါတယ်။ သည်အချိန်မှာ ကယ်ဆီယမ်ဓာတ်လုံလောက်နေမှသာ အရိုးများ ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဖွံဖြိုးကြီးထွားရမယ့် အရွယ်ဖြစ်တဲ့ကလေးတွေအတွက် ကယ်ဆီယမ်ဓာတ်ဟာ အရေးကြီးပါတယ်။ ဒါကြောင့် အစားအသောက်တွေ ကျွေးပြီဆိုရင် ကယ်ဆီယမ်ဓာတ်များများပါအောင် ကျွေးပေးသင့်ပါတယ်။
ကယ်ဆီယမ်ကြွယ်ဝသောအစားအစာများမှာ-
- နွားနို့၊ ဒိန်ခဲ၊ မလိုင် နှင့် ချိစ် စသည့် နို့နှင့် နို့ထွက် ပစ္စည်းများ။
- အရိုးပါ ဝါးစားလို့ရသော ငါးအမျိုးမျိုးနှင့် ပုစွန် စသည်။
- အစိမ်းရောင် ဟင်းသီးဟင်းရွက်များ စသည်တို့ ကျွေးမွေးပေးသင့်ပါတယ်။
မိမိကလေး သူများထက် ခေါင်းတစ်လုံးသာပြီး ကြီးထွားဖွံဖြိုးစေချင်တဲ့ မိဘတိုင်း မိမိသားသမီးကို ကယ်ဆီယမ်ဓာတ်မချို့တဲ့အောင် နည်းလမ်းမှန်စွာ ကျွေးမွေးပေးသင့်ပါတယ်။
Author : Dr. Aye Myat