Long chain fructooligosaccharides (LcFOS) ဆိုတာ အပင်အများစုမှာပါဝင်တဲ့ carbohydrate သကြားဓာတ် တစ်မျိုးဖြစ်ပါတယ်။သူ့ရဲ့ ထူးခြားချက်က လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေပေးနိုင်တဲ့ အချက်ပါ။
သူ့မှာ တခြားကာဗိုဟိုက်ဒရိတ်ဓာတ်တွေနဲ့ မတူတဲ့ အချက်တွေရှိပါတယ်။သာမန် ကာဗိုဟိုက်ဒရိတ်တွေဟာ စားသုံးပြီး ပိုလျှံတဲ့အခါမှာ အဆီအဖြစ်ခန္ဓာကိုယ်အတွင်း သိမ်းဆည်းလေ့ရှိပါတယ်။ဒါပေမယ့် သူကတော့ သာမန် ကာဗိုဟိုက်ဒရိတ် ခေါ် သကြားဓာတ်တွေနဲ့ မတူပဲ ကိုယ်ခန္ဓာအတွက် ကောင်းကျိုးပြုစေတဲ့ အမျှင်ဓာတ်တစ်မျိုး (prebiotics) ဖြစ်လို့ပဲ ဖြစ်ပါတယ်။
LcFOS ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဌ
သင့်တင့်မျှတတဲ့ စားသောက်မှုပုံစံလို့ ပြောကြရင် အများစုဟာ အသားငါး ဟင်းသီးဟင်းရွက် အသီးအနှံတွေ စုံလင်အောင်စားရင် ရပြီလို့ပဲ အကြမ်းဖျင်းသိကြပါတယ်။ ဘာကြောင့် စားသင့်တာလဲ၊ ဘာအတွက်အရေးပါတာလဲ ဆိုတာတွေကို တော့ အသေးစိတ်မသိကြပါဘူး။ ဟင်းသီးဟင်းရွက်တွေဟာ LcFOS အမျှင်ဓာတ်ကြွယ်ဝတဲ့ အတွက်ကြောင့် များများစားသုံးပေးသင့်တာဖြစ်ပါတယ်။
- အစာအိမ် အူလမ်းကြောင်းစနစ် ကောင်းမွန်စေပြီး အစာ ခြေစနစ်ကို အထောက်အကူပြုခြင်း ။
- ရောဂါပိုး ခုခံအားကို မြင့်တက်စေခြင်း။
- ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေကို ပိုမိုစုပ်ယူစေနိုင်ခြင်း။
- သွေးတွင်းသကြားဓာတ်ထိန်းသိမ်းပေးခြင်း။
- နှလုံးရောဂါနှင့် လေဖြတ်ခြင်းမှ ကာကွယ်ပေးခြင်း။
- သွေးတွင်း ကိုလက်စထရော ထိန်းသိမ်းပေးပြီး ကိုယ်အလေးချိန် ထိန်းသိမ်းပေးခြင်း စသည့် စနစ်တွေအတွက် အရေးပါ ပါတယ်။
LcFOSဟာ လူကြီးတွေအတွက်ပဲမဟုတ်ပဲ ကလေးတွေအတွက်လည်း အရေးကြီးပါတယ်။ ကလေးတွေဟာ လူကြီးတွေထက်ပိုပြီး ဝမ်းချုပ်ခြင်း၊ အစာမကြေခြင်းတွေဖြစ်လွယ်တဲ့အတွက် ကြောင့်ပါ။ LcFOS ဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ခုခံအားလဲမြင့်တက်စေတဲ့အတွက် လက်ရှိမှာ LcFOS ကြွယ်ဝအောင် သဘာဝကထုတ်လုပ်ပြီး ဖြည့်စွက်စာအနေနဲ့ ရောင်းချလာတာမျိုးတွေရှိပါတယ်။ သည်လို အကျိုးရှိတာကြောင့် လူကြီး တွေအတွက် သာမကပဲ ကလေးတွေအတွက်ပါ ဖြည့်စွက်စာတွေ ထုတ်လုပ်လာကြပါတယ်။ ဒါကြောင့် LcFOS ဟာ Prebiotic fiber အနေနဲ့ လူအများကြား ရေပန်းစားနေတဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်လာပါတယ်။
သဘာဝကပေးထားတဲ့ ခန္ဓာကိုယ်ကို အကျိုးပြုမယ့် Long chain fructooligosaccharides ဓာတ်ကို ဘယ်အစားအစာတွေကနေရရှိမလဲ?
သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အများစုမှာ LcFOS ပါဝင်လို့ များများစားသုံးလေ အကျိုးရှိလေပါပဲ။ သည်ထဲကမှ ပမာဏ ပိုမိုများပြားစွာပါဝင်တဲ့ အစားအစာများမှာ-
- ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ lcfos အမျှင်ဓာတ် လုံလုံလောက်လောက်ပါဝင်တဲ့အတွက် အစာအိမ်အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားပမာဏကိုပါ များပြားအောင် လုပ်ဆောင်ပေးနိုင်တာကြောင့် အူလမ်းကြောင်းမှရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ ကင်ဆာနဲ့ အခြားရောဂါပိုးမွှားတွေပါ ကာကွယ်ပေးပါတယ်။
- ငှက်ပျောသီး
ငှက်ပျောသီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေကြွယ်ဝစွာ ပါဝင်လို့ အလွန်အကျိုးရှိစေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ထို့အပြင် အူလမ်းကြောင်းမှ အကျိုးပြုပိုးမွှားတွေ တိုးပွားလာစေနိုင်တဲ့ (prebiotic effect) ကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်း၊ အစာမကြေဖြစ်ခြင်း နှင့် လေပွခြင်းတွေမှ ကာကွယ်ပေးတဲ့အတွက် ကလေးတွေကို ပိုမိုကျွေးသင့်ပါတယ်။
- ကြက်သွန်နီ
ရောဂါပိုးမွှားတွေကိုကာကွယ်ပေးနိုင်ပြီး ခုခံအားကိုတက်စေပါတယ်။ အစာကြေစေပြီး အဆီတွေကို ဖြိုခွဲနိုင်တဲ့ အာနိသင်လဲရှိတဲ့အပြင် နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေကို ကာကွယ်နိုင်ပါတယ်။ ကင်ဆာရောဂါတွေကို ပါကာကွယ်ပေးနိုင်တဲ့အတွက် ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။
- ကြက်သွန်မြိတ်
ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့နဲ့ အာနိသင်တူပြီး Vitamin K နှင့် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် များများစားသုံးပေးသင့်ပါတယ်။
- ကညွတ်
ဆိမ့်သက်သက်အရသာနဲ့ စားကောင်းတဲ့ ကညွတ်ဟာလဲ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ သူ့မှာ ကင်ဆာကိုကာကွယ်ပေးစေနိုင်တဲ့ Antioxidants နဲ့ ရောင်ယမ်းမှုတွေ လျော့ပါးစေတဲ့ ဓာတ်တွေပါဝင်ပါတယ်။ အစာခြေအားကောင်းမွန်စေတဲ့အတွက် အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ ပြဿနာတွေအတွက် အကျိုးရှိစေပါတယ်။ သားသားမီမီးတို့အတွက် အလွန်သင့်တော်ပါတယ်။
- ပန်းဂေါ်ဖီစိမ်း
အမြင်နဲ့တင် စားချင်စရာကောင်းတဲ့ ပန်းဂေါ်ဖီစိမ်းဟာလည်း ကင်ဆာရောဂါ ကာကွယ်နိုင်တယ့်အချက်နဲ့ လူကြိုက်များနေတဲ့ အစားအစာဖြစ်ပါတယ်။ သူ့မှာ သည့်အပြင် ဗီတာမင်အမျိုးမျိုး ကြွယ်ဝစွာ ပါဝင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ခြင်း နှင့် နှလုံးသွေးကြော ရောဂါတွေ အတွက်ပါ ကာကွယ်ပေးနိုင်ပါတယ်။ ခုခံအားကောင်းစေတဲ့အတွက် ကလေး ရော လူကြီးပါ စားသုံးသင့်ပါတယ်။
သည်လို LcFOS ပါဝင်တဲ့ အစားအစာတွေကို မိမိတို့ကိုယ်တိုင် စားသုံးပေးခြင်းသာမက သားသားမီမီးတို့ကိုပါ ကျွေးမွေးခြင်းအားဖြင့် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်မြင့်မားအောင် ပြုစုပျိုးထောင်ပေးကြပါစို့
Dr.Aye Myat