လူ့ခန္ဓာကိုယ်အရေပြားဟာ ကျုံ့နိုင်ဆန့်နိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ကိုယ်အလေးချိန်ပြောင်းလဲတဲ့ ကြီးကောင်ဝင်ချ်ိန်၊ကိုယ်ဝန်ဆောင်ချိန်မှာ အရေပြားအကြောပြတ်တဲ့ ပြဿနာကို ကြုံရတတ်ပါတယ်။ ဗိုက်၊ ရင်ဘတ်၊ တင်ပါး၊ ပေါင်၊ ခြေသလုံး စတဲ့နေရာတွေဟာ အဓိကဖြစ်နိုင်တဲ့နေရာတွေဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီး ၅၀-၈၀% မှာ အရေပြားအကြောပြတ်တဲ့ ပြဿနာကို ကိုယ်ဝန်ဆောင်ကာလ ၆ ပါတ် သို့ ၇ ပါတ်မှာ စတင်ခံစားရတတ်ပါတယ်။ အရေပြားအဆီလိမ်းပြီး ကာကွယ်တဲ့ ကိုယ်ဝန်ဆောင်ရဲ့ ၅၈.၅ % မှာတောင် ဒီပြဿနာကို ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ အကြောပြတ်ခြင်းဟာ မျိုးရိုးဗီဇနဲ့ ဆက်နွယ်မှုရှိပေမယ့် တချို့သောနည်းလမ်းတွေအသုံးပြုပြီး ဖြစ်ပွားမှုကိုလျော့နည်းအောင် ရှိပြီးသားကိုမှေးမှိန်အောင် လုပ်ဆောင်နိုင်ပါတယ်။
အဆိုပါ နည်းလမ်းလေးတွေကတော့-
၁။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ကိုယ်အလေးချိန်တက်ရန် လိုအပ်ပေမယ့် ကျန်းမာရေးနှင့်သင့်တင့်သော ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းပါ။
၂။ ခန္ဓာကိုယ်မှာရေဓါတ်နည်းရင် အသားရည် ခြောက်သွေ့ပြီး အကြောပြတ်တာ ပိုဖြစ်နိုင်တဲ့အတွက် ရေဓါတ်ဖြည့်ပေးပါ။
၃။ အာဟာရပြည့်အောင်စားပါ။ ငါး၊ အစေ့အဆံများ စားသုံးခြင်းဖြင့် အသားရည်ကို အားဖြည့်ပေးပါ။
၄။ အရေပြားကျန်းမာရေး အတွက် ဗီတာမင်စီကြွယ်ဝတဲ့ သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ ခရမ်းချဥ်သီး၊ ကျွဲကောသီး၊ စတော်ဘယ်ရီနှင့် ဘယ်ရီသီး၊ ကီဝီသီး၊ စပျစ်သီးတို့ကို စားသုံးပေးပါ။
၅။ အိုမီဂါ omega3 ပါဝင်သော ဆော်လမွန်ငါး (salmon)၊ မက်ကရယ်ငါး(mackerel)၊ ဆာဒင်းငါးသေတ္တာငါး(sardines) တို့ကိုစားသုံးပေးပါ။
၆။ ဆေးလိပ်သောက်ခြင်းဟာ အရေပြားခြောက်သွေ့ ကြမ်းတမ်းစေတဲ့အတွက် ဆေးလိပ်ကို ရှောင်ကျဥ်ပါ။
၇။ ဗီတာမင်ဒီ လုံလောက်စွာရရှိအောင် စားသောက်နေထိုင်ပါ။
၈။ နေရောင်ထဲထွက်လျှင် နေရောင်ကာလိမ်းဆေး အသုံးပြုပေးပါ။
၉။ အရေပြားအပေါ်ယံ ဆဲလ်သေများ ဖယ်ရှားနိုင်ရန် scrub ပုံမှန်လုပ်ပါ။ အသားရည် အစိုဓါတ်ထိန်းသိမ်းတဲ့ခရင်မ် cream ပုံမှန်လိမ်းပါ။
၁၀။ သံလွင်ဆီကဲ့သို့ အရေပြားအားဖြည့်ဆီ အသုံးပြုပေးပါ
(Argan oil, Bitter almond oil or orange oil, Lavender oil, Neroli oil, Patchouli oil, Pomegranate oil, Frankincense essential oil)
၁၁။ အိမ်တွင်းနည်းလမ်းအနေနဲ့-သံပုရာသီး၊ ရှောက်သီး၊ ကြက်ဆူဆီ၊ သခွားသီး၊ ရှားစောင်းလက်ပါတ်တို့ကိုလည်း အသုံးပြုနိုင်ပါတယ်။
၁၂။ စတီးရိုက်လိမ်းဆေးများအသုံးပြုခြင်းရှောင်ပါ။
၁၃။ Petroleum jelly ပါဝင်သော vaseline ကဲ့သို့ အသားအလှဆီ ပုံမှန်လိမ်းပေးခြင်းဖြင့် အကြောပြတ်တဲ့အရေပြားကို တဖြည်းဖြည်းသက်သာလာစေနိုင်ပါတယ်
၁၄။ အရေပြားဆရာဝန်နှင့် စောလျင်စွာ ကုသမှုခံယူပါ
၁၅။ Tretinoin ထရက်တီနွိုင်း သို့ ရက်တီနွိုက်(Retinoid) ပါဝင်သောလိမ်းဆေး၊ လေဆာနှင့် အလင်းကုထုံး (laser & light therapy)၊ dermabrasion အရေပြားကုသမှုနည်း၊ ဂလိုင်ကိုးလစ်အက်ဆစ်နှင့် သွေးရည်ကြည်ကုထုံး (platelet rich plasma-PRP) တို့ကို အရေပြားဆရာဝန်နှင့်တိုင်ပင် အသုံးပြုပါ။
ဒါကြောင့် ကိုယ်ဝန်ဆောင်မယ့် မိခင်လောင်းများအနေနဲ့ ဒီဆောင်းပါးမှာဖော်ပြထားတဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေ လိုက်နာပြီး ကလေးမီးဖွားပြီးနောက် အရေပြားအကြောပြတ်ခြင်းကို လျော့နည်းအောင် ကာကွယ်နိုင်ကြပါစေနော်….