မိဘ ဖြစ်ရတာဟာ မိမိသားသမီး တွေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး နေထိုင်လာနိုင်တဲ့အရွယ်အထိ ပြုစုပျိုးထောင်ပေးရတာမို့ မလွယ်ကူလှပါဘူး။ ဒါဟာ တစ်ခါတရံ ဘဝနှင့်ရင်းရတဲ့ ပေးဆပ်မှုမျိုးဖြစ်နေတတ်ပါတယ်။ သာမန်အချိန်မှာပင် မလွယ်ကူလျှင် ယခုလို Covid-19 ကပ်ရောဂါဖြစ်နေသော အချိန်မှာ သားသမီးတွေကို ပြုစုထိန်းကျောင်းရတာဟာ ပိုပြီး ခက်ခဲနေပါလိမ့်မယ်။ အရာရာ အကျပ်အတည်းဖြစ်နေကြတဲ့ကာလမို့ စိတ်ညစ်နေကြရတဲ့အပြင် တစ်ခါတရံ သားသားမီးမီးတွေ အလိုမလိုက်မိလို့ ဂျီကြတာမျိုးတွေ ကြုံရတဲ့အချိန်ဆိုရင် စိတ်ရှုပ်စရာလို့ ထင်မြင်ကြပါလိမ့်မယ်။
ကလေးဆိုတာဟာ လူကြီးတွေရဲ့ နေပုံထိုင်ပုံတွေကို စောင့်ကြည့်ပြီး အတုယူတတ်ကြလို့ သူတို့တွေအတွက် စံပြပုဂ္ဂိုလ်တွေအဖြစ်နေထိုင်ပြမှ သူတို့လေးတွေဟာလည်း အလေ့အကျင့်ကောင်းတွေကို အတုယူတတ်ပါလိမ့်မယ်။ လူကြီးတွေရဲ့ စိတ်ခံစားမှုအပေါ်မူတည်ပြီး ကလေးတွေရဲ့ စိတ်အခြေအနေဟာလည်း ပြောင်းလဲနေတတ်တဲ့အတွက် မိမိသားသမီးတွေရဲ့ ရှေ့မှာ စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာတွေပြောဆိုနေခြင်းကို ဂရုစိုက်ရှောင်ရှားသင့်ပါတယ်။
ယခုပြောပြမယ့် အကြောင်းအရာလေးကတော့ covid-19 ဖြစ်ပေါ်နေစဉ်ကာလမှာ မိမိသားသမီးတွေ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့ ဘယ်လို လုပ်ဆောင်ပေးသင့်သလဲဆိုတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။
- ပုံမှန် နေ့စဉ်ဘဝအတိုင်း ဖြတ်သန်းခြင်း။
ကိုဗစ်ကာလမှာ လူတိုင်းလိုလို အိမ်ထဲမှာပဲနေပြီး ကလေးတွေဟာလည်း ကျောင်းလဲ မသွားရ၊ ဘယ်အပြင်မှ ထွက်မရလို့ ကလေးတွေ အတွက်ပိုပြီး စိတ်ကျဉ်းကြပ်စရာဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ အနီးစပ်ဆုံး ပုံမှန်နေ့စဉ်ဘဝဖြတ်သန်းပုံအတိုင်း ကလေးတွေကို ဖန်တီးပေးသင့်ပါတယ်။ အိပ်ရာ ပုံမှန်ထခြင်း၊ ကလေးနှင့် စာဖတ်ခြင်း၊ ကစားခြင်းတွေကအစ ပုံမှန်နေ့ရက်တွေအတိုင်း သဘောထားနိုင်အောင် ဖန်တီးပေးပါ။
- covid-19 ကပ်ရောဂါအကြောင်း ပြောပြပေးခြင်း။
မိမိသားသမီးတွေကို ယခု ဖြစ်ပေါ်နေသော covid-19ရောဂါအကြောင်း ကလေးတွေ သိသင့်သလောက် အကြမ်းဖျင်းရှင်းပြပေးပါ။ ဘယ်လိုနေထိုင်ရင် ကာကွယ်နိုင်တယ်၊ ဘယ်လိုတွေကြောင့် ကူးစက်နိုင်သလဲ၊ ကိုယ့်ဘက်က ကောင်းကောင်း ကာကွယ်နိုင်ရင် အန္တရာယ်မရှိကြောင်း စသဖြင့် နားလည်အောင် ပြောပြပေးသင့်ပါတယ်။ သူတို့ကိုလည်း မေးခွန်းတွေထုတ်ခိုင်းပြီး ကိုယ်ကလည်း သူတို့မေးတာလေးတွေကို သေချာ စိတ်ရှည်ရှည် ပြန်ရှင်းပြပေးသင့်ပါတယ်။ ဒါမှလည်း ကလေးတွေ စိတ်ထဲမှာ ကြောက်လန့်နေတာတွေ နည်းပါးသွားစေနိုင်ပါတယ်။
- ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်ပြုလုပ်ပေးခြင်း။
လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဟာ စိတ်ဖိစီးခြင်းနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ပါးစေနိုင်တဲ့အတွက် ကလေးတွေနဲ့အတူ နေ့စဉ်ပြုလုပ်ပေးသင့်ပါတယ်။ လူကြီးတွေကို ကြည့်ရတာ စိတ်ချမ်းသာနေတယ်လို့ထင်နေရရင် ကလေးတွေဟာလည်း စိတ်သက်သာရာ ရနေပါလိမ့်မယ်။
- မိမိသားသမီးကို နွေးနွေးထွေးထွေးဆက်ဆံပါ။
အိမ်မှာ ကလေးတွေနဲ့တူတူ ရုပ်ရှင်ကြည့်ပေးတာ၊ တူတူဆော့ကစားပေးတာလေးတွေဟာလည်း သားသားမီးမီးတွေအတွက် စိတ်သက်သာရာရစေဖို့ အထောက်အကူပြုပါလိမ့်မယ်။ ကလေးတွေ လုပ်ချင်တဲ့အရာလေးတွေကို မိမိ အဆင်ပြေသလောက် ခွင့်ပြုပေးသင့်ပါတယ်။ ယခုလို ကာလမှာ လူကြီးတွေနည်းတူ ကလေးတွေမှာလည်း စိတ်ဖိစီးမှုတွေရှိနေနိုင်တာမို့ အော်ငေါက်ပြောဆိုခြင်း၊ ရိုက်၍ဆူခြင်း စတဲ့အပြုအမူတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ပါတယ်။
- အင်တာနက် social media များကို ထိန်းချုပ်ခြင်း။
ယခုနောက်ပိုင်း Facebook ကဲ့သို့သော social media တွေပေါ်မှာ ကိုဗစ်နဲ့ ပတ်သက်ပြီး လူအများကို ထိတ်လန့် စေတဲ့ သတင်းအမှားတွေ အများကြီး ပေါ်ထွက်နေပါတယ်။ ဒါကြောင့် မိမိကလေးဟာ social media တွေ သုံးနေတတ်တဲ့အရွယ်ဖြစ်ခဲ့ရင် သည်အချက်ကို သတိထားပြီး အမှား၊ အမှန် ကွဲအောင် ရှင်းပြပေးသင့်ပါတယ်။ ကလေးတွေ Facebookသုံးတဲ့အချိန်ကိုပါ ကန့်သတ်ပေးသင့်ပါတယ်။
- ပြင်ပလောကနဲ့ အဆက်အသွယ်မပြတ်ဘူးဆိုတာကို လက်တွေ့သက်သေပြပေးပါ။
အိမ်ထဲမှာပဲနေလာရတာ ကြာလာရင် ကလေးတွေအနေနဲ့ ပျင်းစရာကောင်းပြီး ငြီးငွေ့နေပါလိမ့်မယ်။ ဒါကြောင့် ဆွေမျိုး၊ မိတ်ဆွေတွေနဲ့ ဖုန်းပြောတာ၊ video callခေါ်ပြောတာတွေ လုပ်ပေးပြီး အိမ်အပြင်ဘက်က လူတွေရော ဘယ်လို အခြေအနေတွေရှိနေတယ်ဆိုတာ ကလေးတွေကို သိအောင်ပြပေးပါ။
ကလေးတွေဟာ လူကြီးမိဘတွေအပေါ် မှီခိုနေထိုင်ရသူလေးတွေပါ။ ဒါကြောင့် မိဘဖြစ်သူတွေက သူတို့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပြမှ သူတို့တွေအတွက် ခွန်အားဖြစ်စေပါလိမ့်မယ်။ သားသားမီးမီးတွေကို ကာကွယ်ပေးရုံတင်မကပဲ သူတို့ကိုယ်တိုင် ကြုံလာတဲ့ အခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက်ပါ မိမိတို့မိဘတွေမှာ တာဝန်ရှိတာကြောင့် မိမိကိုယ်တိုင် စံပြဖြစ်အောင် နေထိုင်ပြသင့်ပါတယ်။