ဗီတာမင် C ကို စတင်တွေ့ရှိခဲ့သည့် ၁၉၃၀ ခုနှစ်မှစ၍ ဗီတာမင် C ၏ ကောင်းကျိုးများစွာကို သိရှိခဲ့ကြပါသည်။ ဗီတာမင် C သည် ချဉ်သော အသီးအနှံများတွင် ပါဝင်ပြီး သင်္ဘောသားများအား သွားဖုံးသွေးယိုခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သိရှိခဲ့ကြချိန်တွင် ဗီတာမင် C အကြောင်းကို လူတိုင်း စိတ်ဝင်စားခဲ့ကြပါသည်။ ယနေ့ခေတ်တွင်တော့ ဗီတာမင် C ကို ဆေးဝါးများအဖြစ်သာမကဘဲ အလှအပဆိုင်ရာ ထုတ်ကုန်များတွင်ပါ တွင်တွင်ကျယ်ကျယ် ထည့်သွင်းအသုံးပြုလာကြပြီဖြစ်ပါတယ်။
ဗီတာမင် C သည် ရေတွင် ပျော်ဝင်သော ဗီတာမင်ဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်မှ ထုတ်လုပ်နိုင်ခြင်း မရှိဘဲ အစားအစာများမှသာ ရရှိနိုင်ပါသည်။ ဗီတာမင် C ကြွယ်၀သော အစားအစာများကို စားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင် C ကို ရရှိစေနိုင်ရုံမျှမက ဗီတာမင် C ဖြည့်တင်းထားသော အလှအပရေးရာ ပစ္စည်းများကို အသုံးပြုခြင်းအားဖြင့်လည်း အသား အရေအတွက် လိုအပ်သော ဗီတာမင် C များကို ရရှိနိုင်မည် ဖြစ်ပါသည်။ ဗီတာမင် C က အရေပြားနှင့် အသားအရေအပေါ်ကို မည်သို့ မည်ပုံကောင်းကျိုးပြုနိုင်ပုံ အချို့ကို ဖော်ပြပေးလိုက်ပါသည်။
၁။ နေရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း။
ဗီတာမင် C သည် အစွမ်းထက် Antioxidant တစ်မျိုးဖြစ်ပါသည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်များကြောင့် ဖြစ်လာသော free radicals များကို ဓါတ်ပျယ်မှု ဖြစ်စေနိုင်စွမ်း ရှိပါသည်။ ထို့ကြောင့် အရေပြားပျက်စီးခြင်းမှ ထိရောက်စွာ ကာကွယ်ပေးနိုင်သည့်အပြင် နေရောင်ထိတွေမှုများခြင်းကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးနိုင်ပါသည်။ ခရမ်းလွန်ရောင်ခြည်သည် အရေပြားပေါ်တွင် ရှိသော ဗီတာမင် C ပမာဏကို လျော့နည်းစေနိုင်ပါသည်။ ထို့ကြောင့် ဗီတာမင် C ကို အရေပြားတွင် လိမ်းပေးခြင်းဖြင့် လျော့နည်းသွားသော ပမာဏကို ပြန်လည် ဖြည့်ဆည်းပေးပါသည်။
ဗီတာမင် C ကို ဗီတာမင် E နှင့် ပေါင်းစပ်လိုက်သောအခါ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်စွမ်းသည် ပို၍မြင့်မားလာသည်ကို တွေ့ရပါသည်။
၂။ ကော်လာဂျင်များကို တည်ဆောက်ပေးခြင်း။
အသားအရေ ထိန်းသိမ်းမှုကို တန်ဖိုးထားသူများအဖို့ ကော်လာဂျင်သည် အလွန်တန်ဖိုးရှိသောအရာ ဖြစ်ပါသည်။ အကယ်၍ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို အဓိကထားထိန်းသိမ်းချင်ပါက ကော်လာဂျင်သည် အရေးကြီးသကဲ့သို့ ၎င်း ထုတ်လုပ်မှုကို အားပေးသော ဗီတာမင် C သည်လည်း အရေးပါလှပါသည်။ ကော်လာဂျင်သည် ခန္ဓာကိုယ်တွင်းရှိ တွယ်ဆက်တစ်ရှူးများနှင့် ဆဲလ်များတွင် တွေ့ရှိရသော အသားဓာတ်တစ်မျိုး ဖြစ်ပါသည် ဗီတာမင် C သည် အရေပြားတွင် ကော်လာဂျင်များ ထုတ်လုပ်မှုကို အားပေးရုံမျှမက ကော်လာဂျင်များ ပျက်စီးခြင်းနှင့် အားနည်းခြင်းများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
၃။ အရေပြားတွန့်ခြင်းနှင့် လျော့တွဲခြင်းများကို ကာကွယ်ပေးခြင်း။
ဗီတာမင် Cကို အရေပြားပေါ်တွင် လိမ်းကျံပေးခြင်းသည် အရေပြားတွန့် ခြင်း လက္ခဏာရပ်များကို သိသိသာသာလျော့နည်းစေပါသည်။ အသက်အရွယ် တဖြည်းဖြည်း ကြီးရင့်လာသည်နှင့်အမျှ အရေပြား၏အလွှာများ ပြောင်းလဲမှု ဖြစ်လာကာ အရေပြားတွင်ရှိသော အလက်စတင် နှင့် ကော်လာဂျင် များ ပျက်စီးလာကြပါသည်။ ထိုသို့ပျက်စီးလာခြင်းကြောင့် အရေပြားပေါ်တွင် အရေးအကြောင်းများ ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ ထို့အပြင် အရေပြားပါးလွှာလာခြင်းနှင့် ကြွက်သား၏တင်းအားများ လျော့နည်းလာခြင်းများကလည်း အရေပြားကို လျော့တွဲလာစေပါသည်။ ဗီတာမင် Cသည် ဓါတ်တိုးဖိစီးမှုများကို လျော့နည်းစေသည့်အတွက်ကြောင့် အရေပြား၏ ဖွဲ့စည်းတည်ဆောက်ပုံကို ကောင်းမွန်တိုးတက်လာစေပါသည်။
ထိုသို့ ဗီတာမင် စီ၏ လျော့နည်းမှုကြောင့် အရေပြားပေါ်တွင် အရေး အကြောင်းဖြစ်ခြင်းကို ဗီတာမင် C ချို့တဲ့သည့်လူနာများတွင် သိသာထင်ရှားစွာ တွေ့ရှိရပါသည်။
အထက်တွင်ဆွေးနွေးသကဲ့သို့ ဗီတာမင် C၏ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိများနှင့် ကော်လာဂျင်များကို တည်ဆောက်နိုင်သော အစွမ်းသတ္တိများ က အရွယ်မတိုင်မီ အရေပြားအိုမင်းရင့်ရော်ခြင်းကို လျော့နည်းစေ ပါသည်။
၄။ အရေပြားကိုတောက်ပစေခြင်း
ဗီတာမင် Cသည် အရေပြားကို တောက်ပစေနိုင်သော အစွမ်းသတ္တိရှိပါသည်။ အထူးသဖြင့် နေရာင်ခြည်နှင့် ခရမ်းလွန်ရောင်ခြည်များကို အချိန်ကြာမြင့်စွာ ကာလကြာရှည်စွာ ထိတွေ့ခံစားရခြင်းကြောင့် အရေပြားတွင် အမည်းရောင်ခြယ်များ အလွန်အကျွံထွက်၍ အသားအရေညိုညစ်ညစ်ဖြစ်သောသူများနှင့် အရေပြားတွင် အစက်အပြောက်ထွက်သောသူများတွင် ပို၍အကျိုးကျေးဇူးပေးပါသည်။ ခရမ်းလွန် ရောင်ခြည်ကို အချိန်ကြာမြင့်စွာ ထိတွေ့ခြင်းသည် အရေပြားကိုညိုညစ်ညစ်ဖြစ်စေသည့်အပြင် အစက်အပြောက်များနှင့် အရေပြားအသားအရေ မညီမျှသည့်ပြဿနာများစသည့် အရေပြားပြဿနာပေါင်းများစွာကို ဖန်တီးပေးနိုင်ပါသည်။ ဗီတာမင် Cသည် အရေပြားပေါ်တွင်ရှိသော အမည်းရောင်ခြယ်ဖြစ်သည့် melanin ထုတ်လုပ်ရာတွင် အရေးပါသည့် enzyme ဖြစ်သော tyrosinase ထုတ်လုပ်ခြင်းကို တားဆီးပေးပါသည်။ ထို့ကြောင့် အသားအရေကို ညီညာစေကာ အမည်းရောင်အစက်အကွက်များကိုလည်း လျော့နည်းစေပါသည်။
အရေပြားဆိုင်ရာ ပြဿနာကို ကုသရာတွင် ဗီတာမင် C ကို Serum ၊ ခရင်မ်၊ အမှုန့်နှင့် သောက်ဆေး ပုံစံများကို အသုံးပြုနိုင်ပါသည်။ ဗီတာမင် C သောက်ဆေးများကို သောက်သုံးပါက တစ်နေ့လျှင် ၁၀၀ မှ ၃၀၀ မီလီဂရမ် အထိ သောက်သုံးနိုင်ပါသည်။
အချို့သော လေ့လာတွေ့ရှိသော အထောက်အထားများအရ အရေပြားကောင်းမွန်စေရန် ဗီတာမင် C သောက်ဆေးများသည် လိမ်းဆေးများလောက် အာနိသင် မရှိကြောင်း ဆိုပါသည်။
ထိုကြောင့် ဗီတာမင် C သောက်ဆေးနှင့် လိမ်းဆေးကိုတွဲ၍ အသုံးပြုခြင်းဖြင့် တောက်ပကောင်းမွန်သော အသားအရေကို ပိုင်ဆိုင်နိုင်ရန် သေချာစေမည် ဖြစ်ပါသည်။