စားသုံးသော အစာအာဟာရများစွာရှိသည့်အနက် သံဓာတ်သည် ခန္ဓာကိုယ်၏ လုပ်ငန်းများစွာ အတွက် အရေးပါသော အာဟာရသတ္တုဓာတ်တစ်မျိုးဖြစ်ပါသည်။
သံဓာတ်ကို အစားအစာများတွင် အမျိုးအစားနှစ်မျိုးအနေဖြင့် တွေ့ရှိရပါသည်။
၎င်းတို့မှာ
– တိရစ္ဆာန်အရင်းအမြစ်မှ ရရှိသော သံဓာတ်အမျိုးအစား ( Heme Iron )
– အပင်အရင်းအမြစ်မှ ရရှိသော သံဓာတ်အမျိုးအစား (Non- Heme Iron ) စသည်တို့ ဖြစ်ပါသည်။
သံဓာတ်၏ ခန္ဓာကိုယ်အတွက် လုပ်ဆောင်ပေးသော လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
( ၁ ) အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးခြင်း။
ဦးနှောက်နှင့် အခြားအင်္ဂါရပ်များဆီသို့ လိုအပ်သော အောက်ဆီဂျင်ကို ပို့ဆောင်ပေးခြင်းလုပ်ငန်း ကို လုပ်ဆောင်ပေးပါသည်။
( ၂ ) စွမ်းအင်ထုတ်လုပ်ပေးခြင်း။
သံဓာတ်သည် ခန္ဓာကိုယ်လုပ်ငန်းများလုပ်ဆောင်ရန် လိုအပ်သော စွမ်းအင်ကို ထုတ်လုပ်ရာတွင် အရေးပါသော အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။
( ၃ ) ဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေနှင့် လုပ်ဆောင်ခြင်း။
ခန္ဓာကိုယ်ရှိဆဲလ်များမှ ထုတ်လုပ်သော အောက်ဆီဂျင် ဓာတ်တိုးပစ္စည်းများ ( Free Radicals) မှ ကာကွယ်ပေးပါသည်။
( ၄ ) ဦးနှောက်ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာတွင် အထောက်အကူပြုခြင်း။
သန္ဓေသား၏ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းတွင် အရေးပါသော အာဟာရဓာတ်တစ်မျိုးလည်း ဖြစ်ပါသည်။
( ၅ ) ဦးနှောက်နှင့် ကြွက်သားလှုပ်ရှားမှုဆိုင်ရာလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်ခြင်း။
ကြွက်သားလှုပ်ရှားမှုဆိုင်ရာလုပ်ငန်းကို အားပေးသော Dopamine ဓာတ်များကို ပြုလုပ်ရာတွင် မရှိမဖြစ် လိုအပ်ကြောင်းတွေ့ရှိရပါသည်။
( ၆ ) အာရုံကြောမှတ်ဉာဏ်ပိုင်းဆိုင်ရာ လုပ်ငန်းတွင် အရေးပါသော ကဏ္ဍမှပါဝင်ခြင်း။
မှတ်ဉာဏ်ပိုင်းနှင့် သက်ဆိုင်သော စိတ်ပိုင်းဆိုင်ရာလုပ်ငန်းများတွင် အလွန်အရေးပါသော သတ္တုဓာတ်တစ်မျိုး ဖြစ်ပါသည်။
သံဓာတ်ချို့တဲ့လျှင် တွေ့ရသောရောဂါလက္ခဏာများ
အောက်ပါတို့သည် သံဓာတ်ချို့တဲ့လျှင် တွေ့ရသောရောဂါလက္ခဏာများဖြစ်ကြပါသည်။
– မောပန်းနုံးချိလွယ်ခြင်း
– အသားအရေဖြူဖျော့ခြင်း
– ရင်တုန်ခြင်း
– အသက်ရှူမ၀ခြင်း
– ဆံပင်၊ လက်သည်းနှင့် အရေပြားခြောက်သွေ့ခြင်း
– လက်သည်းများ ကျွတ်ဆတ်ကျိုးလွယ်ခြင်း
– လျှာနှင့်ပါးစပ်များ အနာဖြစ်၍ရောင်ရမ်းခြင်း
– အားနည်းသလိုခံစားနေရခြင်း စသည့်လက္ခဏာများ ခံစားရနိုင်ကြောင်းတွေ့ရှိရပါသည်။
ထို့ကြောင့် သံဓာတ်ကြွယ်၀သော အစားအစာများကို ရွေးချယ်စားသုံးရန် အလွန်အရေးကြီး လှပေသည်။
သက်သတ်လွတ်စားသောသူများအနေနှင့် အပင်အရင်းအမြစ်မှ ရသော သံဓာတ်ကို ရရှိရန် အောက်ပါအစားအစာများကို စားသုံးသင့်ပါသည်။
– တိုဖူး
– ပဲအမျိုးမျိုး
– ဗာဒံစေ့
– နေကြာစေ့
– သီဟိုဠ်စေ့
– အခွံမာသီးများ
– ရွှေဖရုံသီး
– ဟင်းနုနွယ်
– ကန်စွန်းရွက်
– ပန်းဂေါ်ဖီစိမ်း
– ဂေါ်ဖီပွင့် စသော အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
– ခရမ်းချဉ်သီးအနှစ်
– အာလူး
– မှို
– သံလွင်ဆီ
– ဘယ်ရီသီးများ
– အစေ့အဆန်များ
– အုန်းနို့ စသော အစားအစာများဖြစ်ကြပါသည်။
သံဓာတ်ကြွယ်၀သော အစားအစာများကို စားသုံးသည့်အပြင် သံဓာတ်စုပ်ယူခြင်းကို အကျိုးသက်ရောက်နိုင်သော အစားအစာများကို ရွေးချယ်ဆင်ခြင်၍ စားသုံးသင့်ပါသည်။
( ၁ ) ဗီတာမင် စီသည် သံဓာတ်စုပ်ယူခြင်းကို အားပေးသောကြောင့် သံဓာတ်အစားအစာများကို ဗီတာမင် စီ နှင့် တွဲ၍ စားသုံးသင့်ပါသည်။
( ၂ ) ကော်ဖီ၊ လက်ဖက်ရည်စသော အစားအစာများသည် သံဓာတ်စုပ်ယူခြင်းကို နှောင့်နှေးစေ နိုင်သောကြောင့် သံဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်ရန် ၎င်းတို့ကို အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
( ၃ ) Lysine ဓာတ်သည် သံဓာတ်စုပ်ယူခြင်းကို အားပေးနိုင်သော အာနိသင်ရှိသောကြောင့် ၎င်းဓာတ်ပါဝင်သော အစားအစာများ (ဥပမာ ပဲအမျိုးမျိုး) ကို စားသုံးခြင်းဖြင့် သံဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။