“ယနေ့လူငယ် နောင်ဝယ် လူကြီး” ဆိုတဲ့ အဆိုအတိုင်း ကလေးများဟာ အနာဂတ် အတွက် ခေါင်းဆောင်များ ဖြစ်သလို နိုင်ငံအတွက် အုတ်မြစ်ကောင်းလေးများလည်း ဖြစ်ပါတယ်။ ဒါကြောင့် သားသား၊ မီးမီးတို့ ကိုယ်ကျန်းမာစေဖို့အပြင် ဉာဏ်ရည်ထက်မြက်စေဖို့လည်း အလွန်တရာမှ အရေးပါလှပါတယ်။ ဒါကြောင့် ဒီတခေါက်မှာ Dr.Z အနေနဲ့ အနာဂတ်ရဲ့ သားကောင်းသမီးကောင်းများဖြစ်တဲ့ ကလေးများအတွက် ဉာဏ်ရည်ထက်မြက်စေတဲ့ အစားအစာများ အကြောင်းရေးသားဖော်ပြပေးလိုက်ရပါတယ်။
ကလေးတွေ ကိုမှန်ကန်စွာ စားသောက်စေခြင်းက ခန္ဓာကိုယ်ကြီးထွားစေရုံသာမက ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့လည်း အထောက်အကူပြုပါတယ်။ သားသားမီးမီးတို့ ရဲ့ ဦးနှောက်တွေ ကလည်း သားသားမီးမီးတို့ ခန္ဓာကိုယ်နည်းတူ nutrients လို့ခေါ်တဲ့ အာဟာရများ လိုအပ်ပါတယ်။ ကလေးများ ဉာဏ်ရည်ထက်မြက်စေတဲ့ အစားအစာ တွေကတော့
(၁) အဆီများသော ငါးများ
အဆီများသောငါးတွေမှာ omega-3 ဓါတ်များ ကြွယ်ဝစွာပါဝင်နေပါတယ်။ အဆိုပါ omega 3 မှာ cells များရဲ့ membranes လို့ ခေါ်တဲ့ အပြင်လွှာအမြှေးပါး တည်ဆောက်မှုကိုအားပေးသောကြောင့် ဦးနှောက် cells များ အတွက်လည်းများစွာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် လေ့လာစမ်းသပ်ချက်များ၏ အဆိုများအရ omega-3 ဓါတ်သည် ဦးနှောက်သို့ သွေးပို့ဆောင်မှုကို ပိုမိုကောင်းမွန်စေသဖြင့် ကလေးငယ်များ သာမက လူကြီးများအတွက်ရော မှတ်ဉာဏ်ပိုမိုကောင်းမွန်စေတာကို တွေ့ရပါတယ်။ ကလေးငယ်များကို ကျွေးသင့်သော အဆီများတဲ့ ငါးတွေကတော့
– ဆော်လမွန်ငါးများ
– တူနာငါး
– ဆာဒင်း ငါးသေတ္တာငါး အစရှိသော ငါးတို့ ဖြစ်ပါတယ်။
(၂) ဥများ
ကြက်ဥ၊ ဘဲဥ၊ ငုံးဥ အစရှိသော ဥများတွင် ဗိုက်တာမင်နှင့် ဦးနှောက်အတွက်လိုအပ်သော အာဟာရများစွာပါဝင်နေပါတယ်။ ဥများ၏ အနှစ်တွင်ပါသော ကိုလင်း (Choline) ဓါတ်မှာ cell များရဲ့ membrane အလွှာများရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်ပြီး အာရုံကြောများ (nerve) များမှ အချက်အလက်များ သယ်ယူပို့ဆောင်ရာတွင် အထောက်အကူပြုပေးပါတယ်။ ဒါ့အပြင် ဥများတွင် ဉာဏ်ရည်ဖွံ့ဖြိုးစေသော ဗိုက်တာမင် B6, B12 နှင့် ဖော်လစ်အက်စစ် တို့ပါဝင်သောကြောင့် ကလေးတို့ရဲ့ အစားအသောက်ထဲတွင် ဥတစ်မျိုးမျိုး ထည့်သွင်းချက်ပြုတ်စားသောက်စေသင့်ပါတယ်။
(၃) အသီးများ
လူအများသိထားကြတဲ့ အတိုင်း အသီးများမှာ ဗိုက်တာမင်များ ကြွယ်ဝကာ ဦးနှောက်ဖွံ့ဖြိုးမှုကိုများစွာ အကျိုးများစေပါတယ်။ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ အစရှိသော ဘယ်ရီသီးများမှာ antioxidant များ ပေါကြွယ်ဝသောကြောင့် ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အခြားသော အသီးများမှာလည်း ဗိုက်တာမင်စီ နှင့် အခြားသော ဗိုက်တာမင်များစွာပါဝင်သဖြင့် သားသားမီးမီးတို့ ထမင်းစားပြီးတိုင်း အသီးတစ်မျိုးမျိုး သို့မဟုတ် အသီးဖျော်ရည်တစ်မျိုးမျိုးတိုက်ကျွေးခြင်းက ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမယ့် အကျင့်ကောင်းတစ်ခုဖြစ်ပါလိမ့်မယ်။
(၄) အရွက်များ
အသီးများနည်းတူ အရွက်များမှာလည်း ဗိုက်တာမင်၊ သတ္ထုဓါတ်နဲ့ အာဟာရများကြွယ်ဝပါတယ်။ ခရမ်းချဉ်သီး၊ မုန်လာဥနီ အစရှိသော အရောင်ပါတဲ့ အသီးများမှာ ဗိုက်တာမင်ပေါကြွယ်ဝကာ ပန်းပွင့်စိမ်း နှင့် ဂေါ်ဖီတို့တွင် antioxidant များကြွယ်ဝပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်ကဲ့သို့သော အရွက်များမှာ folate များပါသဖြင့် ဆဲလ်များပြုပြင်ရာတွင်လွန်စွာ အထောက်အကူပြုသဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုအားပေးပါတယ်။
(၅) အစေ့၊အဆန်များ
သားသားမီးမီး အများစုကြိုက်နှစ်သက်ကြသော အစေ့၊အဆံများမှာလည်း ဦးနှောက်ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုတာတွေ့ရပါတယ်။ Almond စေ့၊ မြေပဲဆန် အစရှိသော အစေ့၊အဆန်များမှာ အသားဓါတ်များရုံသာမက သံဓါတ်၊ ဇင့် နှင့် omega-3 များပါ ပါဝင်တာကြောင့် ကလေးများဉာဏ်ရည်အတွက် အကျိုးများပါတယ်။
(၆) Oats များ
Oatmeal မှာ ကာဗိုဟိုက်ဒရိတ်၊ နှင့် အမျှင် ဓါတ်ကြွယ်ဝတဲ့ အစားအစာ ဖြစ်တဲ့အတွက် အစာကြေလွယ်သည့်အပြင် ခန္ဓာကိုယ်နှင့် ဦးနှောက်အတွက်လိုအပ်သော စွမ်းအင်ထုတ်လုပ်ရာတွင် ကူညီပေးပါတယ်။ ဒါ့အပြင် အခြားသော ဓါတ်တွေ ဖြစ်တဲ့ မဂ္ဂနီစ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖောရပ်၊ ဇင့်ဓါတ်၊ သံဓါတ်၊ ဖောလိတ် နှင့် ဗီတာမင် B1 နှင့် B5 တို့ ကြွယ်ဝစွာပါဝင်တဲ့ အတွက် ကလေးများရဲ့ ဦးနှောက် နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အဘက်ဘက်မှ အထောက်အကူပြုစေပါတယ်။
အထက်ပါ အစားအစာတွေကတော့ ကလေးများအတွက် ဉာဏ်ရည်ဖွံ့ဖြိုးစေသော အစားအစာများဖြစ်တဲ့အတွက် အနာဂတ်ရဲ့ သားကောင်း၊ သမီးကောင်းရတနာလေးများဖြစ်တဲ့ သားသား၊ မီးမီးတို့ရဲ့ အစားအစာများထဲတွင် သင့်တင့်မျှတစွာ ထည့်နိုင်စေဖို့ရည်ရွယ်၍ Dr.Z မှရေးသားပေးလိုက်ရပါတယ်။