ပန်းနာရင်ကြပ်ရောဂါ ခေါ် Asthma ရောဂါသည် မျိုးရိုးလိုက်၍သော်လည်းကောင်း। အသက်ရှုလမ်းကြောင်းတွင် ဓါတ်မတည့်ခြင်း। လေပြွန်တလျှောက် ရောင်ရမ်း၍ ကျဉ်းမြောင်းကာ လေပြွန်မှအရည်အချွဲများ ထုတ်လုပ်မှုများခြင်းတို့ကြောင့် အသက်ရှူခက်ခြင်း၊ ချောင်းဆိုးခြင်း၊ တရွှီရွှီ မြည်ခြင်းနှင့် အသက်ရှူ မဝခြင်းတို့ ဖြစ်စေသော ရောဂါတစ်မျိုးဖြစ်သည်။
DHA ဆိုတာဘာလဲ?
Omega 3 fatty acids သည် ခန္ဓာကိုယ်ဇီဝကမ္မ လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော essential fatty acid ဖြစ်သည်။ Essential Fatty Acid ဆိုသည်မှာ polyunsaturated fatty acids (PUFA) မပြည့်ဝအဆီတစ်မျိုး ဖြစ်သည်။
ခန္ဓာကိုယ်ဆဲလ်များ၏ ဇီဝလုပ်ငန်းများအတွက် PUFA ခေါ် အရည်အသွေးကောင်းသော မပြည့်ဝဆီ လိုအပ်ပါသည်။ Omega 3 fatty acids (၃) မျိုးရှိပါသည်။ ၎င်းတို့မှာ ALA (alphalinolenic acid)। EPA (eicosapentaenoic acid) နှင့် DHA (docosahexaenoic acids) တို့ဖြစ်ပါသည်။
Omega 3 fatty acids သည် ကောင်းမွန်သည့် ပရိုစတာဂလန်းဒင်ဓာတ် (prostaglandins) ကို ခန္ဓာကိုယ်မှထုတ်ပေးပြီး ဆဲလ်များရောင်ရမ်းခြင်းကို တားဆီးပေးသည်။
ပန်းနာရင်ကြပ်ရောဂါ ရောဂါရှိသူများတွင် ဓါတ်မတည့်မှုကိုဖြစ်စေသည့် IgE ပဋိဓာတ်ပစ္စည်း ထုတ်လုပ်မှုကို အိုမီဂါ 3 မှလျှော့ချပေးနိုင်သည်။
DHA ၏အကျိုးသက်ရောက်မှု
DHA ဓါတ်၏ ရောင်ရမ်းမှုကိုဆန့်ကျင်သည့် အစွမ်းကြောင့် ဓါတ်မတည့်ခြင်းနှင့် ပန်းနာရင်ကြပ်ကဲ့သို့ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ DHA ဓာတ်သည် ဆဲလ်အမြှေးပါးများကို ကျန်းမာစေပြီး အာရုံကြောဆဲလ်များကို သန်စွမ်းစေပါသည်။
အိုမီဂါ-3 အဆီဖြင့် တည်ဆောက်ထားသော ဆဲလ်နံရံများသည် ပျော့ပြောင်းပြီး ဇီဝကမ္မလုပ်ငန်းများအတွက် ပိုသင့်လျော်ပါသည်။ ထို့ပြင် DHA သည် ခန္ဓာကိုယ်တွင်းကို ရောဂါပိုးမဝင်ရောက်နိုင်အောင် ကာကွယ်တားဆီးပေးသော ပရိုစတာဂလန်းဒင်ဓာတ်ကို ထွက်စေပါသည်။ ပရိုစတာဂလန်းဒင်ဓာတ်သည် ကိုယ်ခံစွမ်းအားကိုလည်း ကောင်းမွန်စေသောကြောင့် အလွယ်တကူဖျားနာခြင်း မဖြစ်စေပါ။ ထို့ကြောင့် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် ပန်းနာရင်ကြပ်ဖြစ်ခြင်းကိုလည်း DHA က ကာကွယ်ပေးနိုင်ပါသည်။
နောက်ဆုံးပေါ်လေ့လာတွေ့ရှိချက်များအရ DHA ဓါတ်သည် ပန်းနာရင်ကြပ်ဖြစ်ပွားမှုကို ကာကွယ်နိုင်ပေးနိုင်သည့်အပြင် ပန်းနာရင်ကြပ်ရှိသူများတွင် စတီးရွိုက်ပါဝင်သော ရှူဆေးအသုံးပြုရသည့်ပမာဏကိုလည်း လျော့ကျစေနိုင်ကြောင်း တွေ့ရှိချက်များကဖော်ပြထားပါသည်။
Omega-3 ရနိုင်သောအစားအစာ
Omega-3 PUFA ကို လူ့ခန္ဓာကိုယ်မှ သဘာ၀အတိုင်းမထုတ်နိုင်ပဲ အစားအစာနှင့် supplment ဖြည့်စွက်ဆေးများမှသာ ရရှိနိုင်ပါသည်။ EPA, DHA အိုမီဂါ 3 ဖက်တီးအက်ဆစ် ၂ မျိုးကို ငါးအချို့တွင်တွေ့ရပြီး ALA ကို အစေ့အဆန်များတွင် တွေ့ရပါသည်။ အရေးကြီးသော Omega-3 နှစ်မျိုးဖြစ်သည့် DHA နှင့် EPA ကို ငါးကြီးဆီ၊ ငါးသလောက်၊ ငါးနီတူငါး၊ တူနာငါး၊ ငါးမြစ်ချင်း၊ ပင်လယ်ငါးများ ဖြစ်သော ဆော်လမွန်ငါး၊ ဆာဒင်း၊ ဆာဘငါး၊ မက်ကရယ်ငါးများ၊ flax seed oil ခေါ် အပင်မှထွက်သောအဆီတစ်မျိုး၊ သစ်ကြားသီးနှင့် Omega-3 ဖြည့်စွက်စာ ဆေးဝါးများတွင် အဓိကတွေ့ရသည်။ သတိပြုရန်မှာ ငါးနှင့်ဓာတ်မတည့်သူများသည် omega 3 နှင့်လည်း မတည့်တတ်ပါ။ ထို့ပြင် အိုမီဂါ-3 ဖက်တီးအက်ဆစ်ကို တစ်နေ့တာလိုအပ်ချက် အတိအကျသတ်မှတ်ထားခြင်း မရှိသော်လည်း တစ်နေ့လျှင် ၃ ဂရမ်ထက် ပို၍မသုံးသင့်ပါ။
ထို့ကြောင့် သားသားမီးမီးများအတွက် ပန်းနာရင်ကြပ် ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးခြင်း၊ ရောဂါကာကွယ်တားဆီးပေးပြီး ကိုယ်ခံအားကိုကောင်းမွန်စေခြင်း စသည့်ကောင်းမွန်သော အကျိုးသက်ရောက်မှုများရှိသည့် အိုမီဂါ-3 DHA ကို နေ့စဥ်ပုံမှန်အစားအစာတွင် လုံလောက်စွာကျွေးခြင်း၊ ငါးကြီးဆီကဲ့သို့ ဖြည့်စွက်အားဆေးများ တိုက်ကျွေးခြင်းတို့ ပြုလုပ်သင့်ကြောင်း ဖေဖေမေမေတို့ကို အသိပေးမျှဝေလိုက်ပါတယ်ရှင့်…..
Author : Dr. Yee Mon