ပန်းသေပန်းညှိုးခြင်းဆိုသည်မှာ အရွယ်ရောက်ပြီးအမျိုးသားတွေမှာ လိင်ဆက်ဆံမှုပြုလုပ်ရန်အတွက် လိင်တံမထောင်မတ်နိုင်ခြင်း သို့မဟုတ် ထောင်မတ်မှုအားထိန်းမထားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဖြစ်တယ်ဆိုပါက ကျန်းမာရေးပြဿနာတစ်ရပ်တော့ မဟုတ်ပါ။ ဒါပေမဲ့ ဆက်တိုက်ဖြစ်နေမယ်ဆိုရင်တော့ ကာယကံရှင် အမျိုးသားကို စိတ်ဖိစီးမှုတွေ ပေးလာနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာကာ အိမ်ထောင်ရေးပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ပန်းသေပန်းညှိုးခြင်းဟာ တစ်ခါတစ်ရံမှာ အခြေခံရောဂါတစ်ခုခုနဲ့ ဆက်စပ်နေတတ်တာမို့ ၎င်းအခြေခံရောဂါကို ပျောက်ကင်းအောင် ကုသလိုက်နိုင်ရုံနဲ့ ပန်းသေပန်းညှိုးခြင်း ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ပန်းသေပန်းညှိုးခြင်းကို တိုက်ရိုက်ကုသရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ များသောအားဖြင့် ပန်းသေပန်းညှိုးရောဂါခံစားနေရတဲ့ အမျိုးသားတွေအနေဖြင့် ဆရာ၀န်နဲ့ပြသရမှာကို ရှက်ရွံတတ်ကြပါတယ်။ ဒါပေမဲ့ ဝေဒနာခံစားနေရတာ ရက်သတ္တပတ်မကရှိနေပီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ဆရာ၀န် ပြသပီးကုသမှု ခံယူသင့်ပါတယ်။
ဆက်လက်ပြီးတော့ ပန်းသေပန်းညှိုးဖြစ်ရတဲ့ အကြောင်းအရင်းများကို ဆက်လက်ဖော်ပြပေးပါမယ်။ စိတ်ပိုင်းဆိုင်ရာကြောင့် ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့ စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု နည်းပါးခြင်းနဲ့ အိမ်ထောင်ရေး အဆင်မပြေခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ကတော့ ဟော်မုန်းဆိုင်ရာ ပြဿနာတွေရှိခြင်း၊ ယခင်က လိင်တံအားထိခိုက်မှုရှိခြင်း ဒါမှမဟုတ် ခွဲစိတ်ဖူးခြင်း၊ သွေးတိုးနဲ့ ဆီးချိုရောဂါ အခံရှိသူများ၊ အ၀လွန်သူတွေနဲ့ လိင်တံရှိသွေးကြောများ ကျဉ်းမြောင်းနေခြင်းတို့ကြောင့် ဖြစ်စေနိုင်ပါတယ်။
ဆက်လက်ပြီးတော့ ပန်းသေပန်းညှိုးခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးပါ့မယ်။
၁။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊ ကျန်းမာရေး၀န်ထမ်းရဲ့ ညွှန်ကြားချက်နဲ့သာ ဆေးဝါးတွေကို သုံးစွဲပါ။ ဘာကြောင့်လဲဆိုတော့ တချို့သော ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးက သင့်လိင်တံထောင်မတ်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ (ဥပမာ-စိတ်ကျရောဂါကုသသောဆေးဝါးတွေ၊ သွေးထိန်းဆေး၊ အကိုက်အခဲပျောက်ဆေး)တို့ဖြစ်ပါတယ်။
၂။ အ၀မလွန်အောင် ဂရုစိုက်ပါ။ လေ့လာတွေ့ရှိချက်တွေအရ အ၀လွန်အမျိုးသားတွေမှာ ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းက သာမန်အမျိုးသားတွေထက် နှစ်ဆကျော် မြင့်တက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားအားကစားကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးပြီး ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။
၃။ ဆေးလိပ်၊ ကွမ်းယာ ရှောင်ရှားပါ။ ဆေးလိပ်နဲ့ ကွမ်းယာကို နေ့စဉ်သုံးစွဲခြင်းကြောင့် ကိုယ်ခန္ဓာရှိ သွေးကြောတွေမှာ မလိုလားအပ်တဲ့ အဆီများစုပုံစေကာ၊ လိင်အင်္ဂါရှိသွေးကြောတွေကိုလည်း ကျဉ်းမြောင်းစေပြီးတော့ လိင်တံထောင်မတ်ခြင်းကို အဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့် ဆေးလိပ်နဲ့ ကွမ်းယာကို ရှောင်ရှားသင့်ပါတယ်။
၄။ စိတ်ဖိစီးမှုကို လျှော့ချပါ။ များသောအားဖြင့် စိတ်ဖိစီးမှုများတဲ့ အမျိုးသားတွေမှာ ပန်းသေပန်းညှိုးရောဂါ ဖြစ်စေနိုင်တဲ့ ရာခိုင်နှုန်းတော်တော်များပါတယ်။ စိတ်ပူပန်သောကကို နေ့စဉ်ခံစားနေရတဲ့ အမျိုးသားတွေအနေနဲ့ လိင်စွမ်းဆောင်ရည်မှာလည်း တဖြည်းဖြည်းကျဆင်းလာပီးတော့ မိမိကိုယ်ကို ယုံကြည်ကိုးစားမှုလည်း အားနည်းလာပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချဖို့လိုအပ်ပါတယ်။
Author: Dr. KTZ