ရောဂါပိုးမွှားတွေဟာ နုနယ်သေးတဲ့ကလေးလေးတွေရဲ့ ကိုယ်ခန္ဓာအတွင်းကို အလွယ်တကူဝင်ရောက်တက်ကြလို့ ကလေးတွေမှာဖျားနာချောင်းဆိုးတွေ မကြာခဏခံစားရတတ်ကြပါတယ်။ ဒီလိုရောဂါပိုးမွှားတွေကို ခုခံတိုက်ခိုက်ရင်းနဲ့ပဲ ကလေးတွေရဲ့ ခုခံအားစနစ်ဟာ တဖြည်းဖြည်းဖွံ့ဖြိုးလာကြရပါတယ်။ ကလေးတွေဖျားနာပြီးချောင်းဆိုချွဲကျပ်တာတွေခံစားနေရပြီဆိုရင် ဖေဖေမေမေတို့က မိမိကလေးရဲ့ဝေဒနာတွေကိုအမြန်ဆုံးသက်သာစေနိုင်မယ့် သဘာဝနည်းလမ်းလေးတွေကို တော့သိရှိထားရမှာဖြစ်ပါတယ်။
ကလေးတွေချောင်းဆိုးချွဲကျပ်တာဟာ ပုံမှန်အားဖြင့် ၂ပတ်လောက်အထိ ကြာမြင့်တတ်ပါတယ်။ ချောင်းဆိုးချွဲကျပ်ခြင်းအများစုဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အချိန်ကာလတစ်ခုကြာရင် အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့လည်း ချောင်းဆိုးခြင်းကို မပြင်းထန်စေဖို့နဲ့ မကြာမြင့်စေဖို့အတွက်ဆိုရင် အန္တရာယ်ကင်းတဲ့ သဘာဝနည်းလေးတွေနဲ့ ကုသပေးနိုင်ပါတယ်။
ချောင်းဆိုးချွဲကျပ်တာတွေကို အမြန်ဆုံးသက်သာနိုင်ဖို့ဆိုရင် ကလေးဟာ ရေဓာတ်ပြည့်ဝစွာရရှိဖို့၊ အိပ်ရေးဝဝအိပ်ဖို့နဲ့ သက်သောင့်သက်သာအနားယူပေးဖို့လိုပါတယ်။ ဖေဖေမေမေတို့အနေနဲ့ မိမိကလေးကို ကိုယ်တိုင်ကုသပေးနိုင်ဖို့ သဘာဝနည်းလမ်းလေးတွေကတော့-
၁။ ရေများများတိုက်ပေးပါ
ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်ဖို့နဲ့ လေပြွန်တစ်လျှောက်အစိုဓာတ်ရရှိပြီး အချွဲတွေပျော်သွားစေဖို့ ရေများများတိုက်ပေးဖို့လိုပါတယ်။ ကလေးငယ်တွေဟာ နေမကောင်းတဲ့အချိန်ဖြစ်လို့ နို့မစို့တာ၊ ထမင်းမစားနိုင်တာမျိုးတွေဖြစ်နေရင်တောင် ရေကိုလုံလုံလောက်လောက်ဝင်အောင် တိုက်ကျွေးပေးရပါမယ်။ ရေကို တစ်နာရီခြားတစ်ခါ ဒါမှမဟုတ် ၂နာရီခြားတစ်ခါလောက် တိုက်ပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကလေးကရေတိုက်တာကို ငြင်းဆန်နေမယ်ဆိုရင်တော့ အတင်းအကျပ်တိုက်ကျွေးတာမျိုးမလုပ်ဘဲ ဆရာဝန်နဲ့တိုင်ပင်ပြသသင့်ပါတယ်။ အသက် ၆ လအောက်ရင်သွေးငယ်လေးတွေကိုတော့ မိခင်နို့ကလွဲပြီး အခြားအရာတွေမတိုက်ကျွေးရင် အကောင်းဆုံးဖြစ်ပါတယ်။
၂။ ပျားရည်တိုက်ကျွေးပါ
ချောင်းဆိုးခြင်းသက်သာဖို့အတွက်ဆိုရင် ပျားရည်စစ်စစ်ဟာ ဆေးတွေသောက်ခြင်းထက်တောင် ပိုမိုကောင်းမွန်တယ်ဆိုပြီး အဆိုရှိကြပါတယ်။ ပျားရည်မှာ Antioxidants တွေကြွယ်ဝစွာပါဝင်သလို ချိုမြိန်တဲ့အရသာရှိတဲ့အတွက် ကလေးတွေလည်းနှစ်သက်ကြပြီး အန္တရာယ်ကင်းလည်းကင်းပါတယ်။ ဒါပေမဲ့ အသက် ၁ နှစ်အောက်ကလေးတွေကိုတော့ လုံးဝမတိုက်ကျွေးသင့်ပါဘူး။ အသက်၁နှစ်ကနေ ၅နှစ်အရွယ်ကလေးငယ်တွေကိုတော့ လက်ဖက်ရည်ဇွန်း တစ်ဝက်တိုက်ကျွေးနိုင်ပြီး ၆ နှစ်မှ ၁၁နှစ်အရွယ်ဆိုရင်တော့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ တိုက်ကျွေးနိုင်ပါတယ်။
၃။ ကြက်စွပ်ပြုတ်ရည်တိုက်ပါ
ကြက်စွပ်ပြုတ်ရည်မှာ အရောင်ကျစေနိုင်စွမ်းရှိပါတယ်။ ကြက်စွပ်ပြုတ်ပူပူလေးကို တိုက်ကျွေးပါက ကလေးရဲ့အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာပိတ်ဆို့နေတဲ့ အချွဲတွေကိုပျော်သွားစေမှာဖြစ်ပါတယ်။
၄။ ချွဲပျော်ဆေးလေးတွေ ရင်ဘတ်မှာလူးပေးပါ
မိမိရဲ့ကလေးဟာ အသက် ၂ နှစ်ကျော်ပြီဆိုရင်တော့ ချွဲပျော်ဆေးတွေ ကလေးရဲ့ရင်ဘတ်မှာလူးပေးလို့ရပါတယ်။ အလွန်အကျွံလူးပေးခြင်းမျိုးတွေ ရှောင်ရှားရပါမယ်။ ချွဲတွေပျော်သွားတဲ့အခါ ကလေးကညဘက်တွေမှာ ကောင်းကောင်းအိပ်စက်နိုင်မှာဖြစ်ပါတယ်။
၅။ Humidifier သုံးပေးပါ
ကလေးရဲ့အခန်းတွင်းမှာ Humidifier သုံးပေးခြင်းက ချွဲကျပ်တာတွေကို သက်သာစေနိုင်ပါတယ်။ Humidifier ကိုတော့ ပုံမှန်သန့်ရှင်းရေးလုပ်ပေးရပါမယ်။ သန့်ရှင်းရေးမလုပ်မိပါက ဗက်တီးရီးယားတွေပျောက်ဖွားလာနိုင်ပြီး ကလေးအတွက်အန္တရာယ်ရှိစေနိုင်ပါတယ်။ Humidifier မရှိရင်လည်း ကလေးကိုရေနွေးနွေးလေးနဲ့ချိုးပေးတာမျိုး ပြုလုပ်ပေးလို့ရပါတယ်။
၆။ ဆားရည်နဲ့ ပလုတ်ကျင်းပေးပါ
မိမိဘာသာ ပလုတ်ကျင်းနိုင်တဲ့ကလေးတွေအတွက် ဆား နဲ့ ရေရောကာ ပလုတ်ကျင်းပေးနိုင်ပါတယ်။ ဆားရည်ဟာ လည်ချောင်းယားယံခြင်းနဲ့ ချောင်းဆိုခြင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
၇။ ကလေးအိပ်နေစဥ် ခေါင်းကိုမြင့်မြင့်ထားပေးပါ
ကလေးအိပ်နေစဥ် ချွဲမပိတ်စေရန်နဲ့ အသက်ရှူလမ်းကြောင်းကောင်းစွာပွင့်စေဖို့အတွက် ကလေးခေါင်းရဲ့မွေ့ရာအောက်မှာ ခေါင်းအုံးသို့မဟုတ် စောင်ခုထားပေးခြင်းဖြင်း ခေါင်းကို မြင့်မြင့်ထားပေးနိုင်ပါတယ်။
၈။ နှာခေါင်းအစက်ချဆေး သုံးပေးပါ
ကလေးတွေချောင်းဆိုးတာဟာ နှာခေါင်းအတွင်းပိုင်းမှာချွဲတွေပိတ်ဆို့နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုပိတ်ဆို့နေတာတွေကိုဖယ်ရှားဖို့ ညအိပ်ရာမဝင်ခင် နှာခေါင်းအစက်ချဆေးကို အသုံးပြုပေးလို့ရပါတယ်။
အသက်၄လအောက် ရင်သွေးငယ်လေးတွေချောင်းဆိုးနေပြီဆိုရင်တော့ အမြန်ဆုံးဆရာဝန်နဲ့တိုင်ပင်ပြသရပါမယ်။
အသက် ၄ လအထက်ကလေးတွေဆိုရင်တော့
-ချောင်းဆိုးတာ ၂ ပတ်နဲ့အထက် ကြာခြင်း
-၃ရက်ဆက်တိုက်အဖျားကြီးနေခြင်း
-အသက်ရှူရခက်ခဲခြင်း
-မှိုန်းနေခြင်း
-အစားမဝင်ခြင်း
-ရင်ဘတ်အောင့်ခြင်း
စတာတွေပါ ဖြစ်ပေါ်နေပြီဆိုရင်တော့ ကလေးဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကုသရမှာဖြစ်ပါတယ်။
Author: Dr. Aye Myat