အပြင်မှာ မိုးလေးဖွဲဖွဲရွာနေ၏။ သားနှင့် သမီးကား အပြင်ထွက် မဆော့ရသဖြင့် အိမ်ထဲတွင် TV ကြည့်နေကြသည်။ မိုးရွာသည်နှင့် ခြင်များက ကိုက်ကြပြီ။ ကလေးများနားတွင် ခြင်ဆေးခွေလေး ထွန်းပေးထားသည်။
” မေမေ သားသူငယ်ချင်း ကျော်စွာ သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံတင်ထားရတယ် ”
သားကား ကစားနေရာမှ အမေအားလှမ်းပြောလိုက်သည်။ သီတာ တစ်ယောက် သားစကားကြောင့် အလန့်တကြားဖြစ်သွားသည်။ လုပ်လက်စ အလုပ်ကို ဖြတ်၍ သားဘေးနားသို့ ထိုင်လိုက်သည်။ သမီးကား အကိုလုပ်သူ စကားကို နားလည်ပုံမရ။ ကာတွန်းကားကိုသာ ဆက်ကြည့်နေသည်။
“သားကို ဘယ်သူပြောလဲသား ” သားကို မေးခွန်းပြန်မေးလိုက်သည်။
“ဒီနေ့ဆရာမ က အတန်းထဲမှာ ပြောတာ။ ကျော်စွာ သွေးလွန်တုပ်ကွေးရောဂါဖြစ်လို့ ဆေးရုံတင်ထားရတယ်။ သွေးလွန်တုပ်ကွေးရောဂါဆိုတာ ခြင်ကိုက်လို့ဖြစ်တာလို့လဲ ပြောလိုက်တယ်။ အဲဒါကြောင့် သားတို့ကို ခြင်မကိုက်အောင်နေရမယ်လို့မှာလိုက်သေးတယ်။ ”
သားကား ဆရာမ ပြောလိုက်သော အကြောင်းအရာများကို အမေအား အသေးစိတ်ပြန်ပြောပြနေသည်။
“ကျောင်းမှာလည်း မနက်ဆိုရင် ဆရာမက ထိုင်ခုံတွေ အောက်ကို ခြင်ဆေးဖြန်းပေးတယ်။ သားတို့ကိုလည်း ခြင်ကိုက်မခံရအောင် အင်္ကျီလက်ရှည် ဘောင်းဘီရှည် ဝတ်ခဲ့လို့လဲ မှာလိုက်တယ် ”
“ဒါကြောင့် မေမေ က သားကို အမြဲ ခြင်ကိုက်မခံရအောင် အင်္ကျီလက်ရှည်တို့ ဘောင်းဘီရှည်တို့ကို ဝတ်ပေးလိုက်တာပေါ့ ” သားကို နားလည်အောင် ပြန်ရှင်းပြလိုက်သည်။
” ခြင်က ညဖက်ကိုက်တဲ့ ခြင်မဟုတ်ဘူးတဲ့။ နေ့ဖက်ကိုက်တဲ့ ခြင်ကမှ သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်စေတာတဲ့။ နေ့လည်ဖက် ခြင်ကိုက်မခံရဖို့က အရေးကြီးတယ်တဲ့”
သားကား လူကြီးလေးတစ်ယောက်လို အမေအား ရှင်းပြနေသဖြင့် သီတာတစ်ယောက် ပီတိဖြစ်ရသေးသည်။ သားကား ၄ တန်းဆိုပေမဲ့လည်း တော်တော်ကို သိတတ်နားလည်နေပြီ။
နောက်တစ်နေ့ သားကျောင်းက အပြန် သတင်းတစ်ခု သယ်လာပြန်သည်။
“မေမေရေ. သားတို့ အတန်းထဲမှာ မေသူ တစ်ယောက်လည်း သွေးလွန်တုပ်ကွေးဖြစ်လို့ ကျောင်းမတက်ဘူးမေမေ။ ဆေးရုံလည်း တင်ထားရတယ်လို့ပြောတယ်။ ဆရာမက သားတို့အားလုံးကို ခြင်ကိုက်မခံရအောင် သတိပြုနေဖို့လည်း အသေအချာမှာလိုက်တယ်မေမေ ” နောက်ကလေးတစ်ယောက် သွေးလွန်တုပ်ကွေးထပ်ဖြစ်သည်ဆိုတော့ သီတာတစ်ယောက် သားအတွက် စိုးရိမ်ပူပန်သွားသည်။
သီတာ စိုးရိမ်နေသည်များကား အမှန်တကယ်ဖြစ်လာပြီ။ တစ်နေ့ကျောင်းမှ ဖုန်းဆက်သဖြင့် သားအား ကျောင်းမှ သွားကြိုရသည်။ သားဖျားနေလို့ ကျောင်းမှ ပြန်လာခေါ်ပါဟု တယ်လီဖုန်း ဆက်၍ အကြောင်းကြားလာသောကြောင့် သား၏ ကျောင်းသို့ အပြေးအလွားသွားကာ အိမ်သို့ပြန်ခေါ်လာခဲ့သည်။ အတန်းပိုင်ဆရာမကား သီတာကို သေချာမှာလိုက်သည်။
” အတန်းထဲမှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူတွေ ရှိတယ်။ ကလေးမှာသွေးလွန်တုပ်ကွေးရောဂါ ဖြစ်နေမှာ စိုးလို့ ဆရာဝန်နဲ့ သေချာပြလိုက်ပါ”
” ဟုတ်ကဲ့ပါ ဆရာမ ကျွန်မ ညနေ ဆေးခန်းပြလိုက်ပါမယ်”
ဆရာမအား ကတိပေး၍ သားနှင့် အတူ အိမ်သို့ပြန်လာခဲ့သည်။ ညနေခင်း လမ်းထိပ်မှ ဆရာဝန်မလေးထံ သားကို သွားပြသည်။
” သွေးလွန်တုပ်ကွေးရောဂါဖြစ်မှာ စိုးလို့ပါ ဆရာ။ ကလေးကို စိုးရိမ်လို့ပါ”
” သွေးလွန်တုပ်ကွေးစစ်ကြည့်တာပေါ့”
ဆရာဝန်မလေးကား သား၏လက်ကို သွေးပေါင်ချိန်တိုင်းကိရိယာနှင့် စမ်းသပ်ပေးသည်။
“သွေးလွန်တုပ်ကွေးလက္ခဏာတော့ မဟုတ်သေးပါဘူး။ မိုးတွင်းဖျားတယ်ဆိုတော့ သွေးလွန်တုပ်ကွေးဖြစ်မှာ စိုးလို့ ကလေးကို အဖျားမကျမချင်း ဆေးခန်းကို လာပြီး သွေးလွန်တုပ်ကွေး လာစစ်ပေးပါ ”
“ဟုတ်ကဲ့ပါ ဆရာမ နေ့တိုင်းလာစစ်ပေးပါမယ် ”
“သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာတွေဖြစ်တဲ့ ခန္ဓာကိုယ်မှာ အနီစက်တွေ ပေါ်မယ်။ နှာခေါင်းသွေးလျှံမယ်။ ကော်ဖီရောင်တွေ အန်မယ်။ ဝမ်းမဲတွေ သွားမယ်။ ကလေးရဲ့ ခြေဖျားလက်ဖျားတွေ အေးစက်နေမယ်။ ကလေးနှုန်းနေမယ်ဆိုရင် စိုးရိမ်ရတယ်။ ဒါမျိုးဆိုရင် ဆေးရုံဆေးခန်းကို အမြန်ဆုံးလာရောက်ကုသပေးရမယ်။ အရေးအကြီးဆုံးက ကလေးကို အညိုရောင် အစားအစာတွေကို မကျွေးရပါဘူး။ ကော်ဖီရောင် နဲ့တူတဲ့ အရည်တွေကိုလည်း မတိုက်ရပါဘူး။ နေ့တိုင်းလာပြီး သွေးလွန်တုပ်ကွေးရှိမရှိလည်း လာစစ်ပေးပါ”
“ဟုတ်ကဲ့ပါ ဆရာမ ”
သီတာတစ်ယောက်သားနှင့် အတူ အိမ်သို့ပြန်လာခဲ့သည်။ သားကား ဆေးသောက် ပြီး အိပ်မောကျနေလေပြီ။ နောက်တစ်ရက် အဖျားမကျသေးသဖြင့် ညနေ ဆေးခန်းသို့တစ်ခေါက်ထပ်သွားပြသည်။ သွေးလွန်တုပ်ကွေး ရှိမရှိကို မနေ့ကလို စမ်းသပ်သည်။ သွေးလွန်တုပ်ကွေး လက္ခဏာ မဟုတ်ပါဘူးဟု ပြောမှပဲ သီတာတစ်ယောက် သက်ပြင်းချနိုင်တော့သည်။ သားကား လန်းလန်းဆန်းဆန်းနှင့် ညဖက် သမီးနှင့် ဆော့နေသည်။ ဆော့နေရင်း တိုက်ထားသော နွားနို့များပြန်အန်သည်။ သီတာတစ်ယောက်စိုးရိမ်သည်နှင့် ဆေးခန်းသို့နောက်တစ်ကြိမ် ထပ်သွားသည်။ ဆေးခန်းကားပိတ်တော့မည်။ ကလေးကို ချီကာ အမောတကော ဝင်လာသော သီတာကို မြင်သည်နှင့် ဆရာဝန်မလေးကား အလန့်တကြားဖြစ်နေသည်။
“ဘာဖြစ်လို့လဲ အမ ကလေးဘာဖြစ်လို့လဲ ”
” ကလေး အန်လို့ပါဆရာမ။”
” ဘာတွေ အန်တာလဲ။ ဘာအရောင်လဲ”
“နို့တိုက်ထားတာ။ နို့တွေ ပြန်အန်တာပါ။ အန်တာက အဖြူရောင်ပါ ” ဆရာဝန်မလေးကား သက်ပြင်းတစ်ချက် မသိမသာ ချလိုက်သည်။
“အဖြူရောင်ဆိုရင်တော့ မစိုးရိမ်ရပါဘူး။ ကော်ဖီရောင်လို အညိုတွေ အန်မှသာ စိုးရိမ်ရတာပါ။ အခုဆေးတစ်မျိုးထပ်ပေးလိုက်မယ်။အရမ်းကြီး မစိုးရိမ်ပါနဲ့။ အညိုရောင်တွေ အန်တယ်ဆိုရင်တော့ သွေးလွန်တုပ်ကွေးမှာ တကယ်စိုးရိမ်ရတဲ့အခြေအနေပါ ”
သီတာတစ်ယောက် ဆရာဝန်မလေး ပြောစကားကြောင့် စိုးရိမ်စိတ်များ အနည်းငယ် လျော့သွားသည်။
သားကို ဆေးခန်းမှ အပြန်ဆေးတိုက်ပြီး သိပ်လိုက်သည်။
နောက်တစ်ရက်လည်း ဆေးခန်းသို့သွားကာ သွေးလွန်တုပ်ကွေး ရှိမရှိသွားစစ်ကြည့်သည်။ သားကား ၃ ရက်မြောက်နေ့တွင် အဖျားကျသွားပြီ။ သွေးလွန်တုပ်ကွေးရောဂါမဟုတ်။ ရိုးရိုး တုပ်ကွေးဖျားတာပါဟု ဆရာဝန်မလေး၏ ပြောစကားကြောင့် စိတ်သက်သာရာရသွားသည်။
မိုးတွင်းကာလ ကလေးများဖျားပါက နီးစပ်ရာဆေးခန်းသို့သွားကာ ကလေးအား သွေးလွန်တုပ်ကွေး ဟုတ်မဟုတ် စမ်းသပ်သင့်ကြောင်း နီးစပ်ရာမိတ်ဆွေများအား ပြောပြရမည်။ ဒီတစ်ခေါက် သွေးလွန်တုပ်ကွေးရောဂါမဟုတ်ပေမဲ့ မိုးတွင်းကာလ ပတ်လုံး ကလေးနှစ်ယောက် စလုံး သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် ကာကွယ်ရမည်ဟု တွေးကာ အိမ်သို့ပြန်လာခဲ့သည်။
Author; Dr.အေးချမ်းမိုး,