COVID19 ကိုဗစ်ဗိုင်းရပ်စ်သည်၂၀၁၉ ခုနှစ်နှောင်းပိုင်းမှ ကမ္ဘာ့လူသားများကြား ပျံ့နှံ့ကူးစက်လာသော ဗိုင်းရပ်စ်ပိုးဖြစ်ပါသည်။ ကူးစက်ကပ်ရောဂါ အသစ်ဖြစ်သောကြောင့် ကာကွယ်ရေး၊ကုသရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာပညာရှင်များ၊ သုတေသီများက လေ့လာမှုများ၊ ကွဲလွဲသော ပညာရပ်အယူအဆများစွာ ကြုံတွေ့နေရဆဲဖြစ်ပါသည်။ အလားတူ ကိုဗစ် COVID19 ကာကွယ်ကုသမှုနဲ့ပတ်သက်ပြီး လူထုကြားတွင် မှားယွင်းသော အယူအဆများစွာ ရှိနေပါသည်။
(၁) ကိုဗစ်ကာကွယ်ဆေးများသည် မျိုရိုးဗီဇကို ပြောင်းလဲစေပြီး အမျိုးသမီးများ သန္ဓေအောင်ခြင်းကို ထိခိုက်စေသည်ဟုသော အယူအဆအမှား
ကိုဗစ်ကာကွယ်ဆေးများသည် ကိုယ်ခံအားစနစ်ကိုသာ လှုံဆော်ပေးသောဆေးများဖြစ်ပြီး မျိုးရိုးဗီဇစနစ် DNA အပေါ်ပြောင်းလဲသက်ရောက်မှု လုံးဝမရှိပါ။ ကိုယ်ဝန်ရရှိရန် ကြိုးစားနေသောအမျိုးသမီးများနှင့် IVF (in vitro fertilization methods ) ဖန်ပြွန်သန္ဓေသားပြုလုပ်ခြင်းနည်းတို့ဖြင့် သန္ဓေအောင်ခြင်းအပေါ်လည်း ကိုဗစ်ကာကွယ်ဆေးသည် သက်ရောက်မူမရှိပါ။
(၂) ကြက်သွန်ဖြူစားခြင်း၊ တမာရွက်စားခြင်း၊ အရက်သောက်ခြင်းဖြင့် COVID-19 ရောဂါဖြစ်ပွါးမှုကို ကာကွယ်ကုသနိုင်သည်ဟုသော အယူအဆအမှား
ခန္ဓာကိုယ်မှ ကိုယ်ခံအားကောင်ရပြီး ကိုဗစ်ရောဂါကာကွယ်တိုက်ထုတ်နိုင်ရန် အစာအာဟာရမျှတစွာစားသုံးရန် လိုအပ်သည်မှာ မှန်ကန်သော်လည်း အစားအစာတစ်မျိုးထဲက ရောဂါကိုကာကွယ်ကုသနိုင်ခြင်းမရှိပါ။ ထို့အတူ အရက်အလွန်အကျွံသောက်ခြင်းသည် ခန္ဓာကိုယ်ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါသည်။
(၃) ကိုဗစ်ရောဂါ ကူးစက်ခံရပြီးလျှင် ကိုဗစ်ကာကွယ်ဆေးများ ထိုးရန်မလိုအပ်တော့ပါဟုသော အယူအဆအမှား
ကိုဗစ်ရောဂါ ကူးစက်ခံရပြီး ကာကွယ်ဆေးမထိုးထားသူများသည် ကာကွယ်ဆေးထိုးပြီးသူများထက် နောက်တစ်ကြိမ် ရောဂါကူးစက်ခံရနိုင်ခြေ ၂ ဆပိုများသည်ကို သုတေသနလေ့လာချက်တစ်ခုတွင်တွေ့ရပါသည်။ ထို့ကြောင့် ကိုဗစ်ရောဂါ ကူးစက်ခံရပြီးလျှင်လည်း ကိုဗစ်ကာကွယ်ဆေးများ ထိုးရန်အထူးလိုအပ်ပါသည်။
(၄) ဆေးခြောက် ( marijuana, Cannabis) သည် COVID-19 ကုသရေးတွင် အသုံးဝင်သည်ဟုသော အယူအဆအမှား
လေ့လာတွေ့ရှိချက်တစ်ခုအရ ဆေးဖက်ဝင်ဆေးခြောက်အမျိုးအစားသည် Medical Cannabis နာတာရှည်ရောဂါသည် အချို့တွင် ကိုယ်ခံအားစနစ်ကို တိုးတက်စေနိုင်သည်ဟုသော အချက်အပေါ်အခြေခံပြီး မှားယွင်ကောက်ချက်ချနေသော အယူအဆအလွဲတစ်ခုဖြစ်ပါသည်။
(၅) ကိုဗစ်ကာကွယ်ဆေးထိုးပြီးလျှင် နှာခေါင်းစည်းတပ်ခြင်း၊ လူစုလူဝေးကြား တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်းစသည်တို့ မလိုအပ်တော့ပါဟုသော အယူအဆအလွဲ
ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူဖြစ်စေ၊ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူဖြစ်စေ ရောဂါကူးစက်ပျံ့ပွားမှု ကာကွယ်ရေးနည်းလမ်းများကို မဖြစ်မနေ လိုက်နာဆောင်ရွက်မှသာ ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။
(၆) ကိုဗစ်ကာကွယ်ဆေးထိုးခြင်းမှ ကိုဗစ်ရောဂါပိုးရရှိနိုင်သည်ဟုသော အယူအဆအလွဲ
ကိုဗစ်ကာကွယ်ဆေး mRNA Vaccines များသည် ခန္ဓာကိုယ်အတွင်းတွင် SARS-CoV-2 Coronavirus ဗိုင်းရပ်စ်၏အစိတ်အပိုင်းတစ်ခုနှင့်တူသည့်ပရိုတင်းကိုထွက်စေခြင်းဖြင့် ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်မှ ရောဂါပိုးကို မှတ်မိပြီးတိုက်ထုတ်နိုင်ရန် ဆောင်ရွက်ပေးသည်။ အလားတူ ကိုဗစ်ကာကွယ်ဆေးအချို့တွင်ပါဝင်သော Inactivated Virus ဓာတ်ခွဲခန်းတွင်ပြုပြင်ထားသော ဗိုင်းရပ်စ်စသည်လည်း ကိုဗစ်ရောဂါကို မဖြစ်စေနိုင်ပါ။
(၇) ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှု နည်းပညာသည် အသစ်ဖြစ်ပြီး၊ ထုတ်လုက်သူ သုတေသနပညာရှင်များသည် အချိန်တိုအတွင်း ထုတ်လုပ်နိုင်ရန်ကြိုးပမ်းခြင်းကြောင့် အာနိသင်နှင့်ဘေးထွက်ဆိုးကျိုးရှိမရှိကို မယုံကြည်ရဟုသော အယူအဆအလွဲ
ကိုဗစ်ကာကွယ်ဆေး စတင်ထုတ်လုပ်သည့် Pfizer/ BioNTech, Moderna စသည့် သုတေသနအခြေခံ ဆေးကုမ္ပဏီများသည် လွန်ခဲ့သောနည်းပေါင်းများစွာထဲက Messenger RNA (mRNA) နည်းပညာကို အသုံးပြုပြီး နည်းစနစ်တကျ အဆင့်ဆင့် စမ်းသပ်စစ်ဆေးထုတ်လုပ်ပြီး ကာကွယ်ဆေးများ၏ အကျိုးအာနိသင်၊ ဘေးထွက်အန္တရာယ်များကို တရားဝင်အသိအမှတ်ပြုပြီး အသုံးပြုခွင့်ရရှိအောင် ပြုလုပ်ထားသောဆေးများဖြစ်ပါသည်။
ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်ပြီး လူအများကြားနှင့် သတင်းမီဒီယာ အွန်လိုင်းစာမျက်နှာများ တွင် မှားယွင်းသော အယူအဆများစွာ ပျံ့နှံ့လျက်ရှိရာ ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်၊ သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနမှ ပညာပေးထုတ်ပြန်ချက်များကိုသာ လေ့လာပြီးလိုက်နာရန် အရေးကြီးပါသည်။