လူ့ ခန္ဓာကိုယ်အတွက် ကောင်းကျိုး ပြုသောအဆီနှင့် ကောင်းကျိုးမပြုသော အဆီ ဟူ၍ နှစ်မျိုးရှိသည်။။ Omega 3 Fatty Acids သည် လူ့ခန္ဓာကိုယ်အတွက်ကောင်းကျိုးပြုသော အဆီဓာတ်တစ်မျိုး ဖြစ်သည်။ ထို့ပြင် မရှိမဖြစ်လိုအပ်သော အဆီဓာတ် (Essential Fatty Acids) တစ်မျိုးဖြစ်သည်။
Omega 3 Fatty Acids တွင် ALA (Alpha Linolenic Acid), EPA(Eicosapentaenoic Acid) နှင့် DHA ( Docosahexaenoic Acid) ဆိုပြီး အမျိုးအစားသုံးမျိုးရှိပါသည်။ ထိုအထဲတွင် EPA နှင့် DHA ကလူ့ ခန္ဓာကိုယ်အတွက် ပိုပြီး အရေးကြီးပါသည်။ ဆယ်လ်မွန်၊ ဆာဒင်း၊ တူနာ ငါးများကို စားသုံးခြင်းဖြင့် Omega 3 Fatty Acids ကို ရရှိနိုင်ပါသည်။
Omega 3 Fatty Acids တွင် အောက်ပါ အကျိုးကျေးဇူးများ ရှိပါသည်။
၁။ သွေးတွင်းကိုလက်စထရောကျစေခြင်း
သွေးထဲရှိ မကောင်းသော အဆီဓာတ် (Triglycerides) ကိုလျှော့ချပေး၍ ကောင်းသောအဆီဓာတ် HDL Cholesterol ကို မြင့်တက်စေပါသည်။
၂။ သွေးပေါင်ချိန် ကျစေခြင်း
သွေးတိုးရောဂါရှိသူများတွင် Omega 3 Fatty Acids ကို သောက်သုံးပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါသည်။
၃။ နှလုံးရောဂါကို ကာကွယ်ပေးခြင်း
Omega 3 Fatty Acids သည် မကောင်းသော အဆီများကို လျှော့ချပေးခြင်းကြောင့် သွေးကြောနံရံများ မာကြောလာခြင်းကို ကာကွယ်ပေးသည်။ ထို့ကြောင့် နှလုံးသွေးကြောကျဥ်း ရောဂါကို ကာကွယ်ပေးကာ နှလုံးရောဂါနှင့် လေဖြတ်ရောဂါကို ကာကွယ်ပေးပါသည်။
၄။ ရောင်ရမ်းမှုကို လျှော့ချပေးခြင်း
Omega 3 Fatty Acids သည် ရောင်ရမ်းမှုဖြစ်စေသော ဓာတ်ပစ္စည်းများ ထုတ်လုပ်မှုကို ဟန့်တားပေးနိုင်သောစွမ်းရည်ရှိသည်။ ထို့ကြောင့် လေးဖက်နာရောဂါကြောင့်ဖြစ်သော အဆစ်အမြစ်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်းများတွင် Omega 3 Fatty Acids သောက်သုံးခြင်းဖြင့် သက်သာစေသည်။
၅။သွေးခဲခြင်းကို ကာကွယ်ပေးခြင်း
ကိုယ်ခန္ဓာအတွင်း သွေးဥမွှားများ တစ်ခုနှင့်တစ်ခုကပ်ကာ သွေးခဲစေခြင်းကို ကာကွယ်ပေးပါသည်။ ထို့ကြောင့် သွေးမတိတ်ရောဂါရှိသူများနှင့် သွေးမခဲအောင်ကာကွယ်သောဆေးများ သောက်သုံးနေပါက Omega 3 Fatty Acids သောက်သုံးရန်အတွက် ကျန်းမာရေး၀န်ထမ်းများနှင့် တိုင်ပင်သင့်သည်။
၆။ ကလေးများအတွက် အကျိုးများခြင်း
ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင် Omega 3 Fatty Acids သောက်သုံးပေးခြင်းဖြင့် လမစေ့ဘဲ မွေးဖွားခြင်းနှင့် ကလေးငယ်၏ ဦးနှောက်ဖွံ့ ဖြိုးမှုကို အားပေးပါသည်။ ကလေးငယ်များတွင် DHA ပါသော နို့မှုန့်များ တိုက်ပေးခြင့်ဖြင့် မျက်လုံး ကျန်းမာရေးနှင့် အာရုံကြောများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးကောင်းမွန်ပါသည်။ ကလေး၏ မှတ်ဥာဏ်စွမ်းအားကိုလည်း ကောင်းမွန်စေပါသည်။
၇။ အရိုးပွခြင်းကို ကာကွယ်ပေးခြင်း
Omega 3 Fatty Acids ပါ၀င်သော အစားအသောက်များ စားသောက်ခြင်းဖြင့် အူလမ်းကြောင်းမှ Calcium ဓာတ် စုပ်ယူမှုကို အားကောင်းစေကာ သွေးတွင်း Calcium ဓာတ် များစေပါသည်။ ထိုနည်းဖြင့် အရိုးပွခြင်းကို ကာကွယ်ပေးပါသည်။
၈။ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း
Omega 3 Fatty Acids သည် ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်သော အရေပြားပျက်စီးမှုများကိုလည်း ကာကွယ်ပေးသည်။ ထို့ပြင် အရေပြားတွင်း အစိုဓာတ်ကို ထိန်းပေးရုံသာမက အရေပြားဆဲလ်များ၏အာဟာရ စုပ်ယူမှုကိုလည်း အားပေးသောကြောင့် အရေပြားများ၏ ကျန်းမာရေးအတွက် အထူးကောင်းမွန်ကာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါသည်။
Author: Dr. Aye Chan Moe