ကာလရည်ကြည် သန္ဓေတည်ပြီဆိုတာနဲ့ မိဘအလောင်းအလျာတို့
အဖို့ “ဗိုက်ဘယ်မှာ အပ်ရမလဲ ၊ဘယ်သူနဲ့အပ်ရမလဲ” စတာတွေနဲ့ အာရုံများရတဲ့
အပြင် “ရင်သွေးကို ဆေးရုံမှာ မွေးသင့်သလား ၊အိမ်မှာ မွေးသင့်သလား” ဆိုတဲ့ ဒွိဟ
တွေနဲ့ ဦးနှောက်ခြောက်ရမှာပါ ။မိခင်လောင်းတို့ကို ဆေးရုံမှာမွေးပါလို့ ဆိုလိုက်တာ
နဲ့ တော်တော်များများက ကြောက်တတ်ကြပါတယ် ။ဆေးရုံကို လူတိုင်းကြောက်တတ်
တာ သဘာဝပါ ။အချိန်လွန်မှ ရောက်လာရင် မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်နိုင်ပါ
တယ် ။ဒါပေမယ့် ရောဂါတကယ်ဖြစ်လာရင် ဆေးရုံကပဲ အပြည့်စုံဆုံး ကုသမှု ပေးနိုင်
တာပါ ။ဘယ်သူတွေကို ဆေးရုံမှာ မွေးသင့်သလဲ ဆိုတာ ဒီဆောင်းပါးမှာ ပြောပြပါ့
မယ် ။
၁) သားဦး မိခင်
သားဦး မိခင်များဟာ မမွေးဖူး မဖွားဖူးလို့ ကိုယ်ဝန်ရှိစဉ် နေကောင်းစေကာမူ မွေးတဲ့
အခါ မွေးချိန်ကြာလို့ ညှပ်ဆွဲမွေးရတာ ၊ခွဲစိတ်မွေးရတာ တွေနဲ့ ကြုံတွေ့ရတတ်တယ် ။
အချိန်မီ မမွေးနိုင်ရင် ရင်သွေးငယ်ဟာ မွေးပြီးမှ ပျက်စီးရခြင်း ၊မွေးချိန်ကြာလို့ မမွေးမီ
မိခင်ဝမ်းတွင်းမှာ ကလေးသေဆုံးခြင်းများဖြစ်တတ်လို့ ဆေးရုံမှာသာ မွေးသင့်ပါတယ် ။
၂) သားများ မိခင်
အရင် ကိုယ်ဝန်ဆောင်စဉ် သားသမီးများ ဘယ်လိုပင် ကောင်းကောင်းမွေးလာတဲ့
မိခင်ပင် ဖြစ်စေ ငါးယောက်မြောက် ကိုယ်ဝန်နဲ့အထက် ကိုယ်ဝန်ဆောင်မိခင်များဟာ
ကိုယ်ဝန်ရှိတိုင်း ရင်သွေးတွေရဲ့ ကိုယ်အလေးချိန်ကြီးလာတာ တစ်မျိုး ၊မွေးရဖန်များလို့
အားနည်းလာသည်က တစ်ဖုံ ၊မွေးပါများလို့ သားအိမ်ကျုံ့အားနည်းလာတာက တစ်ဖန်
စတာတွေကြောင့် မမွေးနိုင်ခြင်း ၊သွေးသွန်ခြင်းများ ဖြစ်တတ်တာမို့ ဆေးရုံမှာသာ မွေး
သင့်ပါတယ် ။
၃) မီးဖွားရာဇဝင် မကောင်းသော မိခင်လောင်းများ
အရင် မီးဖွားရာတွင် ခက်ခဲခြင်း ၊မွေးချိန်ကြာခြင်း ၊ညှပ်ဆွဲမွေးရခြင်း ၊ဗိုက်ခွဲမွေးရခြင်း
၊သားသမီးအဖတ်မတင်ခြင်း စတဲ့ မီးဖွားရာဇဝင်ရှိသူများသည် ဆေးရုံတွင်သာ မွေးသင့်
တယ် ။ဘာဖြစ်လို့လဲဆိုရင် အဆိုပါ မိခင်လောင်းများဟာ ထပ်မံပြီး အထက်ပါ
အန္တရာယ်များနဲ့ ကြုံတွေ့ရတတ်လို့ မိခင်ရော ကလေးပါ ချောချောမွေ့မွေ့ မွေးနိုင်ဖို့
လိုပါတယ် ။ဒါကြောင့်မို့ အစောကြီးကတည်းက ဗိုက်အပ်ပြီး ၊မီးဖွားမယ့်ရက် မတိုင်ခင်
ကြိုတင်ပြီး ဆေးရုံတက်သင့်ပါတယ် ။နေစရာ နေရာမရှိလို့ ၊ဝေးလံလို့ ၊ခရီးလွန်နေ
လို့ ဆိုပြီးမှ ထိန်းမနိုင်သိမ်းမရ အချိန်နောက်ကျမှ ကယ်ပါ ယူပါ တဆာဆာနဲ့ ဆေးရုံ
ရောက်လာရင်တော့ မိခင်ရော ကလေးပါ အခြေအနေ မကောင်းနိုင်တော့ပါ ။ကိုယ်ဝန်
ဆိပ်တက်ဖူးသူ ၊ဖောရောင်ဖူးသူတို့သည်လည်း ကိုယ်ဝန်ဆောင်စဉ် အခြေအနေ
ပိုဆိုးတတ်သဖြင့် ဆေးရုံမှာ မွေးသင့်ပါတယ် ။
၄) ပင်ကိုယ်ရောဂါရှိ မိခင်လောင်းများ
ပင်ကိုယ်က သွေးအားနည်းရောဂါရှိသူများ ၊နှလုံး ၊သွေးတိုး ၊ဆီးချိုရောဂါ ရှိသူများ
သည် ကိုယ်ဝန်ဆောင်ခြင်း ဒဏ်ကြောင့် နဂိုရောဂါအခံ ပိုဆိုးကာ အသက်ဘေးကြုံရ
တတ်တာမို့ ကိုယ်ဝန်စောစောအပ်ကာ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ အကြံ
ပြုသည့်အတိုင်း နေထိုင်သင့်တယ် ။ဆေးရုံမှာ မွေးသင့်တယ် ။
Author; ခေတ်သစ် ဇီဝက