လူပျို၊အပျိုဖြစ်စအချိန် ဆယ်ကျော်သက်အရွယ်ရောက်ပြီဆိုတာနဲ့ ကြုံတွေ့ရလေ့ရှိတာကတော့ ဝက်ခြံပေါက်ခြင်းပြဿနာပဲဖြစ်ပါတယ်။ ဆယ်ကျော်သက်များရဲ့ ၈၅ ရာခိုင်နှုန်းလောက်မှာ ဝက်ခြံထွက်ခြင်းအနေအထားဖြစ်လေ့ရှိတယ်လို့ဆိုပါတယ်။
အဓိကအားဖြင့်တော့ ဝက်ခြံတွေဟာ ချွေးပေါက်များပိတ်ရာမှထွက်လာခြင်းဖြစ်ပါတယ်။ ဝက်ခြံကို မျက်နှာ၊ လည်ပင်း၊ ကျော၊ ရင်ဘက်နှင့် ပခုံးတွေမှာ တွေ့ရလေ့ရှိပါတယ်။ အဖြူအဆံနှင့် ဝက်ခြံ၊ အမဲအဆံနှင့် ဆားဝက်ခြံ၊ ဝက်ခြံပုန်း၊ ဆင်ဝက်ခြံ စသဖြင့် ပုံစံအမျိုးမျိုးထွက်လာလေ့ရှိပါတယ်။
ဝက်ခြံပြသနာဟာ ကျန်းမာရေးအတွက် ဆိုးဆိုးဝါးဝါးထိခိုက်စေတဲ့ပြဿနာ တစ်ခုမဟုတ်ပေမယ့် တစ်သက်တာပျောက်ဖို့ရန်ခက်ခဲတဲ့ အမာရွတ်များကျန်စေနိုင်ပါတယ်။ ဒါ့အပြင် မိမိကိုယ်ကို ယုံကြည်မှုတစ်ခုကိုလည်း ထိခိုက်စေပါတယ်။
Q. ဘာကြောင့် ဝက်ခြံထွက်ရတာလဲ?
ဝက်ခြံအကြောင်းမပြောခင် အရေပြားအလုပ်လုပ်ပုံအကြောင်းလေး အရင်ဆုံးပြောလိုက်ရအောင်။ လူသားတွေရဲ့ အရေပြားမှာ ချွေးပေါက်လို့ခေါ်ကြတဲ့ အဆီဂလန်းတွေအများကြီးရှိပါတယ်။ လူပျို၊ အပျိုဖော်ဝင်တဲ့အခါ androgenလို့ခေါ်တဲ့ ကျားဟော်မုန်းဓါတ်ဟာ အရင်ကထက်ပိုများလာတဲ့အခါ အဆီပိုထွက်လာပြီး ချွေးပေါက်များကို ပိတ်စေပါတယ်။
ဒါ့အပြင် အဆီပိုထွက်လာခြင်းဟာ Cutibacteriumacnesလို့ခေါ်တဲ့ ဘတ်တီးရီးယားကိုပိုပေါက်စေပါတယ်။ ပိတ်နေသောချွေးပေါက်တွေဟာ ဘတ်တီးရီးယားပိုများဝင်တဲ့အခါ ဝက်ခြံများထွက်လာပါတော့တယ်။ ၎င်းဘတ်တီးရီးယာပိုးများဟာ ချွေးပေါက်အတွင်းဆုံးအပိုင်းအထိရောက်သွားသောအခါ ဆင်ဝက်ခြံအနေနဲ့ ထွက်လာပါတော့တယ်။ နှာခေါင်းတစ်ဝိုက်တွေ့ရသော အမဲအဆံနှင့် ဆားဝက်ခြံအမျိုးအစားကတော့ အရေပြားအောက်ရှိချွေးပေါက်ပိတ်သော်လည်း ချွေးပေါက်အဝဟာပွင့်နေဆဲဖြစ်ပြီး အပြင်လေဖြင့်oxidationဖြစ်ရာမှ အမဲအဆံလေးများ(ဆားဝက်ခြံများ)အနေနှင့် တွေ့ရခြင်းဖြစ်ပါတယ်။
Q. ဘာကြောင့်တစ်ချို့လူတွေဟာ ပိုပြီးဝက်ခြံထွက်လွယ်ရတာလဲ?
ဒီမေးခွန်းအတွက် တိကျသေချာတဲ့ အဖြေတစ်ခုမရှိပါဘူး။ဖြစ်နိုင်ခြေရှိတာများကတော့
၁) ဟော်မုန်း
အဓိကအားဖြင့် androgenလို့ခေါ်တဲ့ ကျားဟော်မုန်းဓါတ်ကြောင့်ပဲဖြစ်ပါတယ်။
Androgenဟော်မုန်းဓါတ်ဟာ လူပျိုဖော် အပျိုဖော်ဝင်လာသည်နှင့် ယောကျ်ားလေးတွင်သာမက မိန်းခလေးများတွင်ပါ မြင့်မားလာလေ့ရှိပါတယ်။၎င်းဟော်မုန်းဓါတ်ဟာ ချွေးပေါက်များကိုကျယ်စေပြီး အဆီများကို ပိုထုတ်ပေးခြင်းဖြင့် ချွေးပေါက်များပိတ်ရာမှ ဝက်ခြံများထွက်စေခြင်းကို ဖြစ်ပေါ်စေပါတယ်။
ဆယ်ကျော်သက်အရွယ်များလူပျိုအပျိုဖြစ်စတွင် androgenဟော်မုန်းဓါတ် မငြိမ်ဘဲ မြင့်တက်နိုင်သကဲ့သို့ ကိုယ်ဝန်ဆောင်စဉ် နှင့် ကိုယ်ဝန်တားဆေးများဖြတ်လိုက်သည့်အခါမျိုးတွင်လည်း ကြုံတွေ့နိုင်ပါတယ်။
၂) မျိုးရိုး
ဝက်ခြံဟာမျိုးရိုးလိုက်တယ်လို့ဆိုပါတယ်။သင့်မိဘများဟာ ဝက်ခြံထွက်တတ်သူများဆိုလျှင် သင်တို့တွင်လည်း မျိုးရိုးလိုက်ပြီးဝက်ခြံပြသနာကြုံနိုင်ချေရှိတယ်လို့ဆိုပါတယ်။
၃) အချို့ဆေးဝါးများ
ဥပမာ-အတက်ကျဆေးများ၊Lithium နှင့် prednisolone
၄) အလှပြင်ပစ္စည်းများ
စေးကပ်သော အလှပြင်ပစ္စည်းများဟာ ချွေးပေါက်များကိုပိတ်စေတဲ့အတွက် ဝက်ခြံထွက်စေနိုင်တယ်လို့ဆိုပါတယ်။
မိတ်ကပ်ရွေးချယ်ရာတွင်လည်း ရေဓါတ်ကို အခြေပြုပြီးပြုလုပ်ထားသောမိတ်ကပ်တွေဟာ အဆီဓါတ်ကိုအခြေပြုပြီးပြုလုပ်ထားသောမိတ်ကပ်တွေထက် ဝက်ခြံထွက်စေမှု နည်းစေတယ်လို့ဆိုပါတယ်။
Q. ဝက်ခြံကို ပိုဆိုးဝါးစေသော အရာတွေက ဘာတွေလဲ?
၁) ဝက်ခြံများကို ညှစ်ခြင်း/ကလိခြင်း
၂) ဝက်ခြံပေါက်နေသောနေရာများကို ပွတ်ခြင်း/ကြမ်းကြမ်းတမ်းတမ်း scrubလုပ်ခြင်း နှင့် သုတ်ခြင်း
၃) စက်ဘီးစီးဦးထုပ်၊ကျောပိုးအိတ် ၊အင်းကျီကော်လာကြပ်ကြပ်များဖြင့် ဝက်ခြံပေါက်ရာနေရာများကို ဖိမိနေခြင်း
၄) ဟော်မုန်းပြောင်းလဲမှုများသော ရာသီမလာခင် ၂ရက်မှ ၇ရက်အတွင်းအချိန်များ
-လူပျိုဖော် အပျိုဖော်ဝင်ချိန် ဆယ်ကျော်သက်အရွယ်များ
၅) စိတ်ဖိစီးမှုများ
၆) ဆံပင်ဆိုးဆေးများ နှင့် ဆီပြန်နေသောဆံပင်များ
၇) ချွေးထွက်ခြင်း
၈) နေရောင်ခြည်ဖြင့်တိုက်ရိုက်ထိတွေ့ခြင်း
Q. ဝက်ခြံမထွက်အောင် နှင့် ဝက်ခြံထွက်ခြင်းလျော့နည်းအောင် ဘာတွေလုပ်လို့ရသလဲ?
၁) မျက်နှာကို တရားလွန်သစ်ခြင်း နှင့် ဆပ်ပြာအပြင်းစားများသုံးခြင်းရှောင်ပါ။
၂) အလှအပရေးရာSkin care များကိုဝယ်ယူသုံးစွဲသည့်အခါ ချွေးပေါက်များမပိတ်စေသော Oil Free အဆီဓါတ်ကိုအခြေမခံသော ထုတ်ကုန်များကိုသာ ရွေးချယ်သုံးစွဲပါ။
၃) ဝက်ခြံများကို ဆိတ်ခြင်း/ဖောက်ခြင်း/ကလိခြင်းများရှောင်ပါ။
၄) အဆီပြန်လွယ်သောဆံသားပိုင်ဆိုင်ထားသူများနေ့စဉ်ခေါင်းလျှော်ပေးပါ။
၅) လှုပ်ရှားမှုတစ်မျိုးမျိုးလုပ်ပြီးချွေးပြန်သွားသည့်အခါ ရေချိုးပေးပါ။
၆) အရေပြားကိုပွတ်တိုက်မှုဖြစ်စေသော၊ဖိအားသက်ရောက်စေသော အရာများကိုရှောင်ပါ။
၇) စိတ်ဖိစီးမှုများကို တတ်နိုင်သမျှ ထိန်းချုပ်ဖြေလျှော့ပါ။
Q. ဝက်ခြံထွက်ပါက ကုသသင့်ပါသလား။
ဝက်ခြံ ပြဿနာ ကြုံတွေ့နေရပါက နားလည်တတ်ကျွမ်းသူများနှင့် စနစ်တကျကုသဖို့ အကြံပေးပါရစေ။
စောလျင်စွာဝက်ခြံကုသခြင်းဟာ အမာရွတ်မကျန်အောင်အကောင်းဆုံးကာကွယ်ခြင်း နည်းလမ်းတစ်ခုဖြစ်သောကြောင့်ဖြစ်ပါတယ်။
Dr.Yin Yin Win