လူအများစုဟာ အသက်၄၀အရွယ်မှာ ပညာရေးအရရော စီးပွားရေးအရရော မိသားစုဘဝအတွက်ရော ကိုယ်လိုချင်တဲ့အခြေအနေတစ်ခုကို ရောက်ရှိကြပြီးဖြစ်မှာပါ။ တကယ်တော့ အသက်၄၀ကျော်မှ ဘဝကစတယ်ဆိုပြီး ပြောလေ့ရှိတာကိုလည်း ကြားဖူးကြမှာပါ။ အဲ့သလိုဘဲ ၄၀ကျော်ပြီဆိုတာနဲ့ ရောဂါဖြစ်ပွားနိုင်မှုအန္တရာယ်တွေလည်း မြင့်မားလာပြီဖြစ်လို့ မိမိကိုယ်ကိုကျန်းမာအောင် ပိုမိုဂရုစိုက်ဖို့လိုအပ်လာပါပြီ။ ကျန်းမာဖို့အတွက်ဆိုရင် ရုပ်ပိုင်းဆိုင်ရာကျန်းမာဖို့အတွက်သာမက စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်ဖို့ကလည်း အရေးကြီးပါတယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာအောင်နေထိုင်နိုင်ဖို့ အောက်ပါနည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးပေးရပါမယ်။
၁) မိမိမှာမကောင်းတဲ့အလေ့အကျင့်တွေရှိနေရင် စွန့်ပစ်နိုင်ဖို့ ကြိုးစားပါ။
နေ့စဥ်လူမှုဘဝမှာ မိမိကျန်းမာရေးအတွက် မကောင်းမှန်းသိရက်နဲ့ လုပ်နေမိတာတွေရှိကြမှာပါ။ ဥပမာ- အရက်၊ ဆေးလိပ်အလွန်အကျွံသောက်တာ၊ အချို၊ အငံတွေအရမ်းစားတာ၊ ဟင်းချက်ရင် ဆီတွေအများကြီးသုံးတာ အဲ့တာမျိုးတွေကို တတ်နိုင်သလောက် လျော့ချဆင်ခြင်ဖို့လိုအပ်ပါတယ်။
၂) ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်စစ်ဆေးမှုများ ပြုလုပ်ပါ။
သွေးတိုး၊ ဆီးချိုစတဲ့ရောဂါတွေရှိမရှိ နီးစပ်ရာဆေးခန်းတွေမှာ အလွယ်တကူစစ်ဆေးလို့ ရနိုင်ပါတယ်။ လူတိုင်းလည်းစစ်ဆေးသင့်ပါတယ်။ ဆရာဝန်ညွှန်းတဲ့အတိုင်း နေ့စဥ်ဆေးစွဲပြီးသောက်မယ်ဆိုရင် ရောဂါအခြေအနေကို ပိုမိုမဆိုးရွားလာအောင် ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒီလိုစစ်ဆေးရလွယ်ကူတဲ့ ရောဂါတွေရှိနေတာကို သတိမမူမိဘဲဆေးကုသမှုမခံယူခဲ့ရင် အသက်အန္တရာယ်ပါချိန်းခြောက်နိုင်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြသနာတွေ ကြုံလာရနိုင်ပါတယ်။
၃) ညစဉ်အိပ်ရေးဝဝအိပ်စက်ပါ။
ဒါကတော့ လူကြီးလူငယ်မရွေးလိုက်နာရမယ့် နည်းလမ်းဖြစ်ပါတယ်။ သို့ပေမယ့် ၄၀ကျော်လာပြီဆိုရင် စိတ်ဖိစီးမှုတွေ၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အိပ်မပျော်တဲ့ အချိန်တွေ ပိုများလာနိုင်ပါတယ်။ အိပ်ပျော်ဖို့ရာ အနှောင့်အယှက်ဖြစ်စေတဲ့ ဖုန်းတွေ၊ တီဗီတွေ၊ ကွန်ပြူတာတွေကို အိပ်ခန်းထဲမှာ လုံးဝမထားသင့်ပါ။ မိမိကိုယ်ခံအားကောင်းမွန်အောင် အိပ်ရေးဝဝရအောင် ကြိုးစားအိပ်စက်သင့်ပါတယ်။ လူတစ်ဦးဟာ တစ်နေ့လျှင်အနည်းဆုံး ၇နာရီခန့် အိပ်စက်အနားယူရပါမယ်။ ညစဥ်အိပ်ရေးဝ၀အိပ်ပါက အာရုံစူးစိုက်မှုအားကောင်းခြင်း၊ စိတ်ခံစားချက်များကိုထိန်းညှိနိုင်ခြင်း၊ ပြဿနာများကိုတည်ငြိမ်စွာ ရင်ဆိုင်ဖြေရှုင်းနိုင်ခြင်း အစရှိသဖြင့် ကောင်းကျိုးများစွာရရှိမှာဖြစ်ပါတယ်။
၄) နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်ပါ။
ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းမှအဆီဓာတ်တွေကို လောင်ကျွမ်းစေခြင်း၊ ကြွက်သားတွေအားကောင်းလာခြင်း၊ အရိုးများကြံ့ခိုင်လာခြင်း စတဲ့ကောင်းကျိုးတွေရရှိလာနိုင်မှာပါ။
၅) အသားဓာတ်များများရအောင်စားပါ။
အသက်ကြီးလာလေ ကြွက်သားဆုံးရှုံးမှုများပြားလာလေဖြစ်လို့ ပရိုတင်းခေါ် အသားဓာတ်များများရအောင် စားသုံးပေးရပါမယ်။ အသားဓာတ်ကို အသား၊ ငါး၊ ကြက်ဥ၊ နို့နှင့် ပဲအမျိုးမျိုးတို့မှရရှိနိုင်ပါတယ်။
၆) အူလမ်းကြောင်းကျန်းမာရေးကို ဂရုစိုက်ပါ။
ရောဂါပိုးမွှားတွေတိုက်ထုတ်ဖို့ ကိုယ်ခံအားကောင်းမွန်စေရန် အူလမ်းကြောင်းကျန်းမာရေးက အလွန်အရေးပါပါတယ်။ အူလမ်းကြောင်းကျန်းမာဖို့ ပိုးကောင်လေးတွေပါဝင်တဲ့ ဒိန်ချဥ်၊ ကညွတ် စတာတွေကို စားသုံးပေးသင့်ပါတယ်။
၇) ရေများများသောက်ပါ။
ရေသောက်တာဟာ အလွန်လွယ်ကူပြီး ကျန်းမာရေးအတွက် ကောင်းကျိုးအများကြီးရရှိစေတာ အားလုံးသိကြပါတယ်။ အသက် ၄၀ကျော်လာတာနဲ့အမျှ မိမိခန္ဓာကိုယ်ကို ပိုမိုဂရုစိုက်ရမှာဖြစ်လို့ ရေကိုဂရုတစိုက်သောက်သုံးပေးရပါမယ်။
၈) နေ့ခင်းနေ့လည် တစ်ရေးအိပ်ပါ။
တစ်ရေးအိပ်ခြင်းအားဖြင့် နှလုံးကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တာတွေ့ရှိရပါတယ်။
၉) မနက်စာကို ပြည့်ပြည့်ဝဝစားပါ။
မနက်စာကို ဘုရင်လိုစားရမယ်လို့ ဆိုရိုးရှိခဲ့ပါတယ်။ သို့သော် အရသာရှိတဲ့အစာတွေချည်းစားရမှာမဟုတ်ဘဲ အာဟာရပြည့်ဝတဲ့ မနက်စာဖြစ်အောင် စီမံစားသုံးသင့်ပါတယ်။ မနက်စာသာမက နေ့စဥ်နေ့တိုင်း အသားငါး၊ အသီးအရွက်၊ အသီးအနှံများကို မျှတစွာစားသုံးပေးရပါမယ်။
၁၀) တရားထိုင်ပါ။
တရားထိုင်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေလျော့ကျစေနိုင်သလို စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။
၁၁) မိသားစု၊ သူငယ်ချင်းမိတ်ဆွေတို့နှင့်အတူ အချိန်ကုန်ဆုံးပါ။
မိမိကြုံတွေ့နေရတဲ့ ပြဿနာတွေကို ချစ်ခင်ရသူများနှင့် မျက်နှာချင်းဆိုင်ဖွင့်ပြောတိုင်ပင်ပြီး အကြံဥာဏ်ရယူပါ။ ချစ်ခင်ရသူတွေနှင့်အတူအချိန်ကုန်ဆုံးခြင်းက oxytocin လို့ခေါ်တဲ့ စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းပမာဏကို မြင့်တက်စေမှာဖြစ်ပါတယ်။
၁၂) များများရယ်မောပေးပါ။
ရယ်မောခြင်းဟာ စိတ်ခံစားမှုကောင်းမွန်စေရုံသာမက ခုခံအားစနစ်ကိုပါ မြင့်တက်စေနိုင်ပါတယ်။ ရယ်မောဖွယ်ရာ ဇာတ်လမ်းတွဲတွေ အစီအစဥ်တွေကို ကြည့်ရှုပေးနိုင်ပါတယ်။
ဒီနည်းလမ်းတွေကို လိုက်နာကျင်သုံးနေထိုင်ရင် စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သာယာပျော်ရွှင်တဲ့ဘဝကို ရရှိပိုင်ဆိုင်နိုင်မှာဘဲဖြစ်ပါတယ်။