ခန္ဓာကိုယ် ကျန်းမာသန်စွမ်းပြီး အသက်အရွယ် မအိုမင်းသေးပေမယ့် အမျိုးသားတွေဟာ အချိန်တိုင်း လိင်စိတ်ဆန္ဒ နိုးကြားမနေနိုင်ပါဘူး။ ဒါဟာ ပုံမှန်ပါပဲ။ ဒါပေမယ့် အချိန်အတိုင်းအတာ ကာလကြာရှည်တဲ့အထိ လိင်စိတ်ဆန္ဒမရှိဘူး ဆိုရင်တော့ အကြောင်းရင်းကို ရှာဖို့ လိုအပ်နေပါပြီ။လိင်စိတ်ဆန္ဒနည်းပါးစေတဲ့အကြောင်းရင်း များစွာရှိပါတယ်။
♦တက်စတိုစတီရုန်းဟော်မုန်း testosterone hormone နည်းပါးခြင်း
တက်စတိုစတီရုန်းဟာ အဓိကကျတဲ့ အမျိုးသားဟော်မုန်းဖြစ်ပြီး ကြွက်သားနဲ့ အရိုးတွေ တည်ဆောက်ဖို့နဲ့ သုတ်ရည်ထုတ်လုပ်ဖို့ လုပ်ဆောင်ပေးသလို လိင်ဆန္ဒနဲ့လည်း သက်ဆိုင်ပါတယ်။ တက်စတိုစတီရုန်းနည်းရင် လိင်စိတ်ဆန္ဒလည်း နည်းလာပါတယ်။ အသက်ကြီးလာတာ၊ ဝှေးစေ့ထိခိုက်မိတာ၊ ဝှေးစေ့ကင်ဆာဖြစ်တာ၊ ပီကျူထရီဦးနှောက်အကျိတ်ရောဂါဖြစ်တာ၊ အဝလွန်တာတွေက တက်စတိုစတီရုန်းဟော်မုန်း နည်းပါးစေတဲ့ အကြောင်းရင်းတွေပါ။
♦စိတ်ကျရောဂါရှိခြင်း
စိတ်ကျရောဂါရှိတဲ့အခါ လိင်ကိစ္စအပါအဝင် အရာရာကို စိတ်ဝင်စားမှု လျော့နည်းသွားတတ်သလို စိတ်ကျရောဂါကုဆေးတွေကြောင့်လည်း လိင်စိတ်ဆန္ဒ လျော့နည်းတတ်ပါတယ်။
♦တချို့ဆေးများသုံးစွဲနေရခြင်း
ပုံမှန်စွဲသောက်နေရတတ်တဲ့ တချို့ဆေးတွေကလည်း တက်စတိုစတီရုန်းဟော်မုန်းကို လျော့နည်းစေပြီး သုတ်လွှတ်နိုင်စွမ်းနဲ့ လိင်တံထောင်မတ်နိုင်စွမ်း လျော့ကျစေကာ လိင်စိတ်နည်းပါးစေပါတယ်။
– ACEI နဲ့ beta-blocker အုပ်စုဝင် သွေးကျဆေးတွေ
– စတီးရွိုက်ဆေးတွေ
– မော်ဖင်းနဲ့ oxycodone လို ဘိန်းကရတဲ့ အနာသက်သာဆေးတွေ
– မှိုသတ်ဆေး ketoconazole
– အစာအိမ်ဆေး cimetidine
– စိတ်ကျရောဂါကုဆေးတွေ
– ဆီးကျိတ်ကင်ဆာမှာ ပေးရတဲ့ ဟော်မုန်းဆေးတွေ
– ကင်ဆာဆေးတွေနဲ့ ရေဒီယိုဓာတ်ရောင်ခြည်တွေက တက်စတိုစတီရုန်း ကျားဟော်မုန်းကို လျော့နည်းစေနိုင်ပါတယ်။
♦အိပ်စက်ခြင်းနှင့်ဆိုင်သော ပြဿနာရှိခြင်း
Obstructive sleep apnoea (OSA) လို့ခေါ်တဲ့ အဝလွန်သူတွေမှာ အိပ်နေစဉ် အသက်ရှူရပ်ခြင်းရောဂါ ရှိသူတွေရဲ့ သုံးပုံတစ်ပုံခန့်ဟာ တက်စတိုစတီရုန်းဟော်မုန်း နည်းတတ်ပြီး လိင်စိတ်လျော့နည်းတတ်ပါတယ်။
♦နာတာရှည်ရောဂါများရှိခြင်း
ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီများခြင်း၊ ကင်ဆာရောဂါ၊ အဝလွန်ရောဂါနဲ့ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်မကောင်းတဲ့ရောဂါတွေလို နာတာရှည်ရောဂါတွေ ခံစားနေရရင်လည်း လိင်စိတ်ဆန္ဒ မရှိတတ်ပါဘူး။
♦စိတ်ဖိစီးခြင်း
စိတ်ဖိစီးမှုတွေများနေတဲ့အခါ လိင်ကိစ္စဘက် အာရုံမလှည့်နိုင်ပါဘူး။ စိတ်ဖိစီးတဲ့အခါ သွေးကြောတွေ ကျဉ်းလာပြီး သွေးလှည့်ပတ်မှု နှေးသွားတဲ့အတွက် လိင်တံထောင်မတ်နိုင်စွမ်း erection လည်း လျော့ကျတတ်ပါတယ်။
အထက်ပါအချက်တွေအပြင် အရက်နဲ့ဆေးလိပ် အလွန်အကျွံသောက်တာ၊ ဆေးခြောက်နဲ့ မူးယစ်ဆေးသုံးစွဲတာတွေကလည်းတက်စတိုစတီရုန်းဟော်မုန်းနည်းစေပြီးလိင်စိတ်ဆန္ဒလျော့နည်းစေတဲ့ အကြောင်းတွေပါ။ အရွယ်မတိုင်ခင် လိင်စိတ်နည်းပါးတဲ့အခါ အိမ်ထောင်ရေးမှာ သာယာမှု လျော့နည်းတတ်ပြီး အဆင်မပြေ ဖြစ်လာနိုင်သလို မိမိကိုယ်ကိုလည်း အားမလိုအားမရ စိတ်ညစ်စိတ်ဓာတ်ကျလာနိုင်တာမို့ အကြောင်းရင်းကို စိစစ်ရှာဖွေပြီး ကုသဖို့လိုရင် ကုသဖို့ အကြံပေးလိုက်ပါရစေ။
Author: Dr.Yee Mon