သွေးဆုံးကိုင်တယ်လို့ ပြောလေ့ရှိကြတဲ့ မီးယပ်သွေးဆုံးဝေဒနာဟာ အမျိုးသမီးတိုင်း ကြုံတွေ့ရမယ့် ပြဿနာတစ်ခုပါ။ အများအားဖြင့် အသက် ၄၅ နှစ်နဲ့ ၅၅ နှစ်ကြားမှာ ဟော်မုန်းထုတ်လုပ်မှုတွေ လျော့နည်းသွားကာ ရာသီသွေးလာတာ ရပ်သွားပြီး ရာသီသွေးမလာတာ ၁၂ လ (တစ်နှစ်) ရှိတဲ့အခါ မီးယပ်သွေးဆုံးတယ်လို့ သတ်မှတ်ပါတယ်။ တစ်ခါတစ်ရံ သဘာဝအတိုင်း သွေးဆုံးတာမဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် အရွယ်မတိုင်ခင် သားဥအိမ်ထုတ်လိုက်ရတာ၊ သားအိမ်ထုတ်လိုက်ရတာ၊ ကင်ဆာဆေးကုသမှုခံယူရတာနဲ့ မျိုးရိုးဗီဇတွေကြောင့် သွေးဆုံးကိုင်ဝေဒနာ ခံစားရတတ်ပါတယ်။
မီးယပ်သွေးဆုံးတဲ့ လက္ခဏာတွေက ဘာလဲ?
မီးယပ်သွေးဆုံးကိုင်တာဟာ လူမှုဘဝ၊ မိသားစုဘဝနဲ့ အလုပ်အကိုင် စသည်ကို အနည်းနဲ့အများ ရိုက်ခတ်မှု ရှိနိုင်ပါတယ်။ တစ်ချို့တွေမှာ ဘာလက္ခဏာမှ မခံစားရတာ၊ အနည်းငယ်ပဲ ခံစားရတာမျိုးလည်း ဖြစ်နိုင်သလို တစ်ချို့တွေမှာကျ လချီနှစ်ချီပြီးလဲ ခံစားရနိုင်ပါတယ်။
သွေးဆုံးတော့မယ်ဆိုရင် အရင်ဆုံးဖြစ်တာက ရာသီမမှန်တော့တာပါ။ ရာသီလာလိုက် ပျောက်လိုက်ဖြစ်ပြီးမှ ရပ်သွားတတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအနေနဲ့ စိတ်အပြောင်းအလဲမြန်တာ၊ စိတ်ပူပန်တာ၊ စိတ်ဓာတ်ကျတာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာ၊ မေ့လွယ်တာ၊ မှတ်ဉာဏ်လျော့လာတာ၊ အာရုံစူးစိုက်ဖို့ ခက်ခဲတာတွေ ဖြစ်တတ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ပူလိုက်အေးလိုက်ဖြစ်နေတာ၊ အိပ်မပျော်တာ၊ ညဘက်ချွေးထွက်တာ၊ မောပန်းတာ၊ ခေါင်းကိုက်တာ၊ အဆစ်အမြစ် ကြွက်သားတွေနာနေတာ၊ ဝလာတာ၊ အသားအရေက ခြောက်သွေ့လာတာ၊ မိန်းမကိုယ်က ခြောက်သွေ့ယားယံပြီး လိင်ဆက်ဆံစဉ်နာကျင်တာ၊ လိင်စိတ်ဆန္ဒနည်းလာတာ၊ မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။
သက်သာအောင် ဘယ်လိုလုပ်မလဲ?
နေထိုင်စားသောက်မှုပုံစံ (life style) ပြောင်းတာ၊ မိသားစုဝင်တွေက နားလည်ဖေးမ ပေးတာတွေက အရေးကြီးပါတယ်။
-စိတ်ရောကိုယ်ပါ အနားယူပါ၊ အိပ်ရေးဝအောင် အိပ်ပါ။
-အာဟာရပြည့်အောင် စားပါ။
-အရိုးပွခြင်းမှ ကာကွယ်နိုင်ရန် ကယ်လ်ဆီယမ်ပါတဲ့ အစားအစာတွေ စားပါ (နို့၊ ဒိန်ချဉ်စသည်)ဗီတာမင်Dရအောင် နံနက်စောစော နေရောင်ခြည်ခံပါ။ လိုအပ်ရင် ဗီတာမင်Dအားဆေးသောက်ပါ။
-လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ယောဂကျင့်ပါ။
-မိသားစု၊ သူငယ်ချင်းတွေနဲ့ ရင်ဖွင့်ပါ၊ ဆွေးနွေးပါ။
-ဆေးလိပ်မသောက်ပါနဲ့။
-အရက်ကိုလည်း အလွန်အကျွံ မသောက်ပါနဲ့။
-စိတ်ဖိစီးမှုနည်းအောင် နေထိုင်ပါ။ တရားထိုင်ပါ။
-ပေါ့ပါးတဲ့ ချည်ထည်လို အဝတ်အစားမျိုးသာ ဝတ်ဆင်ပါ။
-မိန်းမကိုယ် ခြောက်သွေ့တာအတွက် အစိုဓာတ်ထိန်းခရင်မ်တွေ၊ ချောဆီတွေ အသုံးပြုပါ။
Hormone replacement therapy (HRT) လို့ခေါ်တဲ့ ဟော်မုန်းအစားထိုး ကုသမှုကလည်း မီးယပ်သွေးဆုံး ဝေဒနာတွေကို သက်သာစေပါတယ်။ Oestrogen နဲ့ testosterone ဟော်မုန်းတွေကို ကပ်ခွာပုံစံ၊ သောက်ဆေး၊ စပရေးဖျန်းဆေး၊ သားအိမ်ထဲပစ္စည်းထည့်တာ စတဲ့ပုံစံအမျိုးမျိုးနဲ့ ဖြည့်ပေးတာဖြစ်ပြီး ကောင်းကျိုးဆိုးပြစ်တွေ ရှိတာကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီးမှ သုံးစွဲသင့်ပါတယ်။
သွေးမဆုံးတဲ့ အမျိုးသမီးရယ်လို့ မရှိပါဘူး။ သွေးဆုံးချိန်မှာ ကြုံရမယ့် ရုပ်ပိုင်း၊စိတ်ပိုင်ဆိုင်ရာ လက္ခဏာတွေ မခံစားရအောင် သို့မဟုတ် လျော့နည်းအောင် ကြိုတင်ပြင်ဆင်ခြင်းဖြင့် ကောင်းစွာဖြတ်ကျော်နိုင်ကြပါစေ။
Author: Dr.Yee Mon