အမျိုးသမီးများ၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ Endometrium လို့ ခေါ်တဲ့ သားအိမ်အတွင်းနံရံက တလတခါ ကွာကျတာကို ရာသီသွေးဆင်းတယ်၊ ဓမ္မတာလာတယ်လို့ ပြောကြပါတယ်။
အဲဒီ သားအိမ်အတွင်းနံရံက ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ ဆင်တူတဲ့ ဆဲလ်တွေက သားအိမ်အပြင်ဘက်နံရံ၊ သားဥပြွန်၊ သားဥအိမ်၊ ဆီးအိမ်၊ အူ၊ အစာဟောင်းအိမ် စတဲ့ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာ ရောက်နေတဲ့အခါ သွေးစီးဆင်းမှု မဖြစ်နိုင်ဘဲ သွေးလုံးဖြစ်လာပါတယ်။
သားဥအိမ်မှာ သွေးလုံးတည်တာကို endometriotic cyst လို့ ခေါ်ပါတယ်။
သားဥအိမ်သွေးလုံးတည်တဲ့အခါ
• ဝမ်းဗိုက်အောက်ပိုင်းနဲ့ ခါးနာခြင်း (အထူးသဖြင့် ရာသီလာချိန်မှာ ပိုနာတတ်ခြင်း)
• ရာသီလာချိန်မှာ ပုံမှန် နေ့စဥ်အလုပ်တွေ မလုပ်နိုင်လောက်အောင် နာကျင်ခြင်း
• ရာသီသွေးသွန်ခြင်း
• လိင်ဆက်ဆံနေချိန်နဲ့ လိင်ဆက်ဆံပြီးချိန်မှာ နာကျင်တတ်ခြင်း
• ဝမ်းသွားချိန်၊ ဆီးသွားချိန်မှာ နာကျင်ခြင်း
• ကိုယ်ဝန်ရနိုင်ဖို့ ခက်ခဲခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ တချို့တွေမှာ စိတ်ကျရောဂါ ခံစားရတဲ့အထိ ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲတယ်ဆိုပေမယ့် သားဥအိမ်သွေးလုံးရှိရက်နဲ့ ကိုယ်ဝန်ရှိသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
သားဥအိမ်သွေးလုံးက ကိုယ်ဝန်အပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ?
• ရောဂါလက္ခဏာ
ကိုယ်ဝန်ဆောင် အများစုမှာ ကြီးထွားလာတဲ့ သားအိမ်ကနေ သွေးလုံးတည်တဲ့ နေရာတွေအပေါ်ဖိအား သို့မဟုတ် ဆွဲအားကြောင့် ရောဂါလက္ခဏာတွေ ပိုဆိုးတာ ဖြစ်သလို ကိုယ်ဝန်ဆောင်ချိန်မှာ estrogen ဟော်မုန်းတွေ ပိုမိုထွက်ရှိတာကြောင့် သွေးလုံးက ပိုမိုကြီးထွားလာပြီး ရောဂါလက္ခဏာတွေ ပိုဆိုးလာလေ့ ရှိပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ estrogen အပြင် progesterone ဟော်မုန်းတွေလည်း ပိုမိုထွက်ရှိပြီး progesterone က သွေးလုံးတည်ခြင်းကြောင့် ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို သက်သာစေတဲ့ အာနိသင်ရှိတာကြောင့် တချို့ကိုယ်ဝန်ဆောင်တွေမှာ ရောဂါလက္ခဏာ သက်သာတတ်တာပါ။ ကလေးမွေးပြီးရင်တော့ ရောဂါလက္ခဏာ ပြန်ဆိုးနိုင်ပါတယ်။
သားဥအိမ်သွေးလုံးရှိတဲ့ ကိုယ်ဝန်ဆောင်တွေဟာ
• ကိုယ်ဝန်ဆိပ်တက်ခြင်း
• အချင်းရှေ့ရောက်ခြင်း
• ကိုယ်ဝန်ပျက်ကျနိုင်ခြင်း
• ပေါင်မပြည့်လမစေ့ ကလေးမွေးနိုင်ခြင်း
• အရေးပေါ် ခွဲမွေးရနိုင်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်နိုင်ခြေ ပိုများတာမို့ OG နဲ့ ပုံမှန်ပြသပြီး ကိုယ်ဝန်ကို ဂရုစိုက် စောင့်ရှောက်သင့်ပါတယ်။
ကုသမှု…
သွေးလုံးတည်ခြင်းကြောင့် ဖြစ်တဲ့ ရောဂါလက္ခဏာတွေ သက်သာစေဖို့ progesterone တမျိုးတည်းပါတဲ့ဆေး၊ progesterone နဲ့ estrogen နှစ်မျိုး ပါတဲ့ဆေး၊ သားအိမ်တွင်းထည့် ကိရိယာ (IUD) တွေ ပေးလေ့ရှိပေမယ့် ကိုယ်ဝန်ဆောင်တွေ အတွက်တော့ မသင့်တော်ပါဘူး။
ကိုယ်ဝန်ဆောင်တွေက…
• paracetamol လို ဆေးမျိုးသောက်တာ
• ရေနွေးအိတ်ကပ်တာ
• လေ့ကျင့်ခန်းလုပ်တာ
• ယောဂကျင့်တာ၊ အကြောလျှော့တာ
• အမျှင်ဓာတ်ပါတဲ့ အစားအစာတွေနဲ့ omega 3 fatty acids ပါတဲ့ အစားအစာတွေ များများစားတာတွေ လုပ်ခြင်းဖြင့် ရောဂါလက္ခဏာတွေ သက်သာနိုင်ပါတယ်။
မခံမရပ်နိုင်အောင် နာကျင်နေရင်တော့ OG နဲ့ တိုင်ပင်ကာ ခွဲစိတ်ကုသပြီး သွေးလုံးရှိတဲ့ နေရာကို ဖယ်ရှားတာမျိုး လုပ်လို့ရပါတယ်။
သွေးလုံးတည်တာက လုံးဝပျောက်ကင်းအောင် ကုသပျောက်ကင်းနိုင်တဲ့ရောဂါ မဟုတ်ဘဲ ရောဂါလက္ခဏာတွေ သက်သာအောင်သာ လုပ်လို့ရတာပါ။ အမျိုးသမီး ၁၀ ယောက်မှာ ၁ ယောက်ခန့်နှုန်းနဲ့ ဖြစ်နိုင်တဲ့အတွက် ဖြစ်နိုင်ခြေ များတယ်လို့ ပြောလို့ရပါတယ်။
အကယ်၍ မိမိမှာ သားဥအိမ်သွေးလုံးတည်ပြီး ကိုယ်ဝန်ရှိခဲ့မယ် ဆိုရင်လည်း ကိုယ်ဝန်ကို သေချာဂရုစိုက် စောင့်ရှောက်ရင် မိခင်ရော ကလေးပါ ကျန်းမာစွာ မွေးဖွားနိုင်မှာဖြစ်ပါတယ်။
Author: Dr.Yee Mon