ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ ဗိုက်ဘယ်တော့မှ ထွက်မလဲဆိုရင် သန္ဓေသား ကောင်းစွာကြီးထွားပြီးချိန်မှ သိသာပါတယ်။ ကိုယ်ဝန်ဆောင်ပြီး ၄လ ၅လ မြောက်မှ ဗိုက်အောက်ပိုင်းမှာ စတင်ပြီးအလုံးသဏ္ဍန်ကြီးထွား လာပါတယ်။ ထိုကာလမှာ သားအိမ်နဲ့ သန္ဓေသားကို ကောင်းစွာ စမ်းလို့ရပါတယ် ။
ကိုယ်ဝန်ဆောင်ပြီး ၆လ အချိန်မှာတော့ သားအိမ်ဟာ ချက်အထိ ပိုကြီးလာပြီး ပိုသိသာလာပါတယ်။ ၇လအချိန်မှာတော့ ချက်အထက် ၂လက်မအကွာထိ အတော်အတန် ကြီးလာပါပြီ။ ဒီအချိန်မှာ ကလေးအနေအထားကိုကောင်းစွာ စမ်းသပ်လို့ ရပါပြီ။
ကလေးနှလုံးခုန်သံကိုတော့ ကိုယ်ဝန်ဆောင်ပြီး ၅လကျော် ၆လလောက်မှာ နားကြပ်ဖြင့်ဖြစ်စေ ၊ ကလေးနှလုံးခုန်နားထောင်တဲ့ ပစ္စည်းများနဲ့သိနိုင်ပါပြီ။ ကလေးတိုး ၊မတိုးကိုတော့ သားဦးကိုယ်ဝန်ဆောင်တွေဆိုရင် ၁၈ပတ် ၊အပတ် ၂၀မှ သိနိုင်ပေမယ့် သားများကိုယ်ဝန်ဆောင်တွေဆိုရင် ၁၆ ပတ်လောက်ကတည်းက သိတတ်ပါတယ်။ ကလေးတိုးတယ်ဆိုတာ ကလေးလှုပ်တာကိုပြောတာပါ။ ကလေးဟာ ရေမြွှာရေအိတ်ထဲမှာ မျောနေရာကာ လူကြီးတွေရေကူးသင်သလို ပုစွန်ဆိတ်ကလေးလှုပ်သလို ခြေလက် အဆန့်အကွေး လုပ်တာကိုဆိုတာပါ။
ကိုယ်ဝန် ၈လ အရောက်မှာတော့ ကလေးဟာ မိခင်ဝမ်းတွင်းမှာ လွတ်လပ်စွာ လှုပ်ရှားမနေတော့ဘဲ မှန်ကန်တဲ့အနေအထားမှာ နေနေရပါတော့တယ်။ သန္ဓေသားဟာ ဦးခေါင်းနဲ့ မွေးမှ အနေအထားမှန်ပါတယ်။ ဘာလို့လဲဆိုရင် ဦးခေါင်းနဲ့မွေးမှ မိခင်ဝမ်းတွင်းက ကျွတ်ကျွတ်ခြင်း အသက်ကောင်းစွာ ရှူနိုင်မှာပါ။ ထိုအနေအထားမမှန်က တတ်ကျွမ်းတဲ့ ဆရာဝန်က အနေအထားမှန်အောင် ဝမ်းဗိုက်ပေါ်က လှည့်ပေးရပါတယ်။ ကိုယ်ဝန် ၉လ ၊၁၀လ အရွယ်တွေဆိုရင်တေ့ာလှည့်လို့ မရဖြစ်တတ်ပါတယ်။ ဒါကြောင့် ဗိုက်အပ်ထားဖို့ အရေးကြီးပါတယ်။
Author : ခေတ်သစ် ဇီဝက