အိမ်ထောင်ပြုခြင်း သဘောဆိုသည်မှာ မိမိတို့ရဲ့ ဘဝကြင်ဖော်နဲ့အတူ မိမိတို့ရဲ့ မျိုးဆက်သစ်လေးတွေ မွေးဖွားပြီး သာယာတဲ့ အသိုက်အမြုံလေး ထူထောင်ကြဖို့ပါ။
တချို့လည်း ချစ်စခင်စကောင်းတုန်း အိမ်ထောင်ကျစအချိန်တွင် ချက်ချင်း ကလေး မယူချင်ကြသေးဘဲ ၁ နှစ် တန်သည် ၂ နှစ်တန်သည် တားဆေးသုံးကြပြီး နောက်ပိုင်းမှ ကလေးယူကြဖို့ စီစဉ်ကြသလို တချို့ဇနီးမောင်နှံများ ကြတော့လည်း အသက်အရွယ်ကြောင့် လည်းကောင်း၊ အားလုံးသောအခြေအနေ အကြောင်းအရာများ အဆင့်သင့်ဖြစ်နေ၍ အိမ်ထောင်ကျ စကတည်းက ကလေးတန်း ယူကြသူများ လည်း ရှိပါတယ်။
ပထမအမျိုးအစား ဇနီးမောင်နှံများ အနေဖြင့် တားဆေး သုံးတော့မယ်ဆိုရင် မိမိနဲ့ သင့်လျော်သော၊ မိမိရဲ့မိသားစုစီမံကိန်း နဲ့ သင့်လျော်သောတားဆေး အမျိုးအစားများကို ရွေးချယ်ကြရပြန်ပါတယ်။တားဆေးအမျိုးအစား များစွာရှိသလို အသုံးပြုပုံ နည်းလမ်းများလည်း ကွဲပြားပါတယ်။
သန္ဓေတားဆေးအမျိုးမျိုးနှင့် ၎င်းတို့၏ ကလေးယူခြင်းအပေါ် သက်ရောက်မှုများ အကြောင်းကို ရှင်းလင်း ပြောပြပေးချင်ပါတယ်။နေ့စဉ်မှန်မှန်သောက်ရသော တားဆေးသည် ဆေးရပ်ပြီးပြီးချင်း အချိန်မှ စ၍ ကိုယ်ဝန်ပြန်လည်ရ နိုင်သလို တချို့မှာလည်း ၉လ အထိ ကိုယ်ဝန်ရဖို့ စောင့်ဆိုင်းရတာမျိုး ရှိတတ်ပါတယ်။ သောက်ဆေး၏ ကလေးမရအောင် တားနိုင်စွမ်းမှာ ၉၁% ဖြစ်ပါတယ်။
ထိုးဆေးသည် ကလေးရဖို့ ဆေးဖြတ်ပြီးချိန်မှ အနည်းဆုံး ၄လ စောင့်ရသလို တချို့မှာလည်း ၁နှစ် လောက်စောင့်ရတာမျိုးရှိပါတယ်။ ပျှမ်းမျှအားဖြင့် ၁၀ လ စောင့်ရတယ်လို့ ဆိုပါတယ်။ ကလေးမရအောင် တားနိုင်စွမ်းမှာ ၉၄% ဖြစ်ပါတယ်။ သောက်ဆေးနဲ့ ထိုးဆေးတွင် ထိုးဆေးသည် ကလေးရဖို့ အချိန် ကြာကြာပို၍ စောင့်ဆိုင်း ရတတ်ပါတယ်။
သားအိမ်အတွင်း ပစ္စည်းထည့်ခြင်း တွင် ၅ နှစ်ခံ ၁၀ နှစ်ခံ စသဖြင့် ရှိပြီး ၎င်းပစ္စည်းကို သားအိမ်အတွင်းမှ ပြန်လည်ထုတ်လိုက်သည်နှင့် ကလေးပြန်လည်ရရှိနိုင်ပါသည်။ နေ့စဉ်သောက်ဆေး၊ ထိုးဆေးတွေထက် ကလေးရတာ ပိုမိုမြန်ဆန်ပါသည်။ ကလေးမရအောင် တားနိုင်စွမ်းမှာ ၉၉% ဖြစ်ပါတယ်။
လက်မောင်းအရေပြားအောက်တွင် ပစ္စည်းထည့်ခြင်း တွင် ၃ နှစ်ခံ ၅ နှစ်ခံ စသဖြင့်ရှိပါတယ်။ ၎င်းပစ္စည်းသည် သွေးထဲသို့ ဟိုမုန်းများ ဖြည်းဖြည်းချင်း ထုတ်ပေးခြင်း ဖြင့် ကလေးမရအောင် တားပေးပါတယ်။ ကလေးမရအောင် တားနိုင်စွမ်းမှာ ၉၉% ဖြစ်ပါတယ်။ ၎င်းပစ္စည်းကို အရေပြားအောက်မှ ပြန်လည်ထုတ်လိုက်သည်နှင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစရာ မလိုဘဲ ကလေး ရနိုင်ပါတယ်။
Calendar method လို့ ခေါ်တဲ့ မမျိုးဥကြွေသောရက်များတွင် အမျိုးသားနဲ့အတူနေခြင်း ကို ရှောင်ခြင်းနည်း မှာ တော့ အမျိုးသမီးများ အနေဖြင့် မိမိ၏ရာသီစက်ဝန်းကို တိကျစွာသိရန် လိုအပ်ပါသည်။ ဤနည်းလမ်းသည် ရာသီမမှန်သောအမျိုးသမီးများ နှင့် မိမိ၏ရာသီစက်ဝန်းကို သေချာစွာ မသိသူများတွင် သုံးစွဲရန် မသင့်တော်ပါ။ ဤနည်းလမ်း၏ ကလေးမရအောင် တားနိုင်စွမ်းမှာ ၇၆% ဖြစ်ပါတယ်။
အမျိုးသားသုံး ကွန်ဒုံး၏ ကလေးမရအောင် တားနိုင်စွမ်းမှာ ၈၂% ဖြစ်၍ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။
သန္ဓေတားဆေးအမျိုးမျိုး ကို သုံးစွဲကြပြီးနောက် အမျိုးသမီး တစ်ဦးနဲ့ တစ်ဦး ကလေးရဖို့ စောင့်ဆိုင်းရသော အချိန်ချင်းလည်း မတူညီနိုင်ကြပါဘူး။ မိမိတို့သုံးစွဲခဲ့သော တားဆေးအမျိုးအစား၊ သုံးစွဲခဲ့သောကြာမြင့်ချိန် ပေါ် မူတည်၍ ကွဲပြားနိုင်ပါတယ်။
မိခင်လောင်းများအနေဖြင့် မိမိတို့နဲ့ သင့်လျော်မဲ့ တားဆေးအမျိုးအစားများကို မှန်ကန်စွာ ရွေးချယ်ခြင်းဖြင့် ပျော်ရွှင်သောမိသားစု စီမံကိန်းကို ကောင်းမွန်စွာ ချမှတ်နိုင်ကြပါစေ။
Author : Dr. မိုးဆွေ