ရာသီသွေးအရောင်
သင့်ရာသီသွေးအရောင်က သင့်ကျန်းမာရေးကို ဘာတွေကိုယ်စားပြုလဲ ဘယ်လောက်ကိုယ်စားပြုလဲ အမျိုးသမီးတိုင်း သိချင်ကြမှာပါ။ ရာသီလာခြင်း ၊မလာခြင်းက အမျိုးသမီးတစ်ဦးအတွက် သွေးပေါင်ချိန်၊ သွေးခုန်နူန်းနှင့် ကိုယ်ပူချိန်ကဲ့သို့ အရေးကြီးသော လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိမရှိ၊ ဟော်မုန်းထုတ်မှု ကောင်းမကောင်းနှင့် မျိုးပွားအင်္ဂါ ဖွဲ့စည်းတည်ဆောက်မှု အားလုံးသည် သင့်ရာသီသွေးအပေါ် မူတည်ဆုံးဖြတ်ရပါတယ်။ ရာသီသွေး အရောင်ပြောင်းလဲမှုသည်လည်း ပုံမှန်ဟုတ်မဟုတ် စောင့် ကြည့်သင့်ပါတယ်။
(1)ပန်းရောင်
သင့်ရာသီသွေးသည် ပန်းရောင်ဖျော့ခဲ့လျှင် အီစထရိုဂျင်ဟော်မုန်း ပမာဏလျော့ကျခြင်းကြောင့် ဖြစ်နိုင်ချေ ရှိပါတယ်။ ရာသီလာရက်လည်း ပုံမှန်ထက် နည်းနိုင်ပါတယ်။ အဆိုပါအခြေအနေသည် လေ့ကျင့်ခန်း အပြင်းအထန်လုပ်သူများတွင် ဟော်မုန်းနည်းခြင်း ခံစားရသောကြောင့် ဖြစ်နိုင်ပါတယ်။ တခါတရံ လုံးဝရာသီမလာတာလည်း ဖြစ်နိုင်ပါတယ်။
အီစထရိုဂျင် ဟော်မုန်းနည်းခြင်းသည် ဆိုးရွားပါက အရိုးပွခြင်း ဖြစ်နိုင်ပါတယ်။ အားကစားသမားအတွက်မူ အားကစား လေ့ကျင့်ရေးဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ထားသင့်ပါတယ်။ပန်းရောင်ဖြစ်စေသော အခြားသော အခြေအနေများမှာ အာဟာရချို့တဲ့ခြင်း၊ PCOS (polycystic ovary syndrome၊နှင့် သွေးဆုံးခါနီး အခြေအနေများတွင် ဖြစ်နိုင်ပါတယ်။ရာသီလာရက် မတိုင်ခင် ဆင်းလျှင် မျိုးဥ ကြွေသောကြောင့် ဖြစ်နိုင်ပါတယ်။
(2)ရေကဲ့သို့အရည်ကြည်
အရည်ကြည်ဆင်းခြင်းသည် အာဟာရချို့တဲ့မှု အခြေအနေကြောင့် ဖြစ်နိုင်ပါတယ်။
သွေးအားနည်းခြင်းကြောင့် ရာသီသွေးရည်ကြည် ဆင်းနိုင်ပါတယ်။ ၃လ ဆက်တိုက် အရည်ကြည်ဆင်းခဲ့ရင် သေချာဆရာဝန်နဲ့ တိုင်ပင်ပါ။
(3)ညိုမဲသော အရောင်
အချို့အမျိုးသမီးများသည် ရာသီသွေးညိုမဲပြီး သွေးခဲကလေးများဆင်းလျှင် အစိုးရိမ်လွန်တတ်ပါတယ်။ ပုံမှန်အခြေအနေ တခုဟုပြော၍ရပါတယ်။ ရာသီလာခါစနှင့် ပြီးခါနီးဖြစ်တတ်သည်။ သားအိမ်ထဲတွင် သွေးသည် အချိန်ကြာစွာရှိနေ၍ ရာသီသွေးသည် ညိုမဲခြင်းဖြစ်ပါတယ်။ အမျိုးသမီးတိုင်းသည် သားအိမ်အမြှေးပါးကွာကျသောကြောင့် ဖြစ်ပါတယ်။
(4)ဂျယ်လီကဲ့သို့ အနီရောင်သွေးခဲများ
အဆိုပါ ရာသီသွေးအရောင်သည် ပရိုဂျက်စတုန်းဟော်မုန်း ပမာဏနည်းပြီး အီစထရိုဂျင်ပမာဏများသောကြောင့် ဖြစ်နိုင်ပါတယ်။ အချို့သွေးခဲပါခြင်းသည် ပုံမှန်ဟု ဆိုနိုင်သော်လည်း အရွယ်အစားအရမ်းကြီးလျှင် ဟော်မုန်းမညီမျှမှု ဆိုးရွားခြင်းကြောင့် ဖြစ်ပါတယ်။
နို့ထွက်ပစ္စည်း၊ သကြားနဲ့ပဲစားခြင်း လျော့ချပါ။ အခြားဖြစ်နိုင်သော အကြောင်းမှာ သားအိမ်အလုံးတည်ခြင်းကြောင့် ဖြစ်နိုင်ချေရှိပါတယ်။ နာကျင်ကိုက်ခဲမှုနှင့် သွေးခဲဆင်းမှု အတူခံစားရပါက ဆရာဝန်နှင့် အတ်ထရာဆောင်းရိုက်ရန် တိုင်ပင်သင့်ပါတယ်။
(5)နီညိုအရောင်
ရာသီသွေးသည် အနီရောင်နှင့် အညိုရောင် ရောထွေးကာ အနံ့အသက် ပြင်းထန်ပါက ပိုးကူးစက်မှုကြောင့်ဟု ဆိုနိုင်ပါတယ်။ အချို့အမျိုးသမီးများသည် အသည်းအဖတ် ကလေးများဆင်းသည်ဟု သတိထားမိတတ်ကြသည်။ အဆိုပါ အခြေအနေသည် ကိုယ်ဝန်ပျက်ကျသောကြောင့် ဖြစ်နိူင်ပါသည်။ ဆရာဝန်နှင့် သေချာကုသမှု ခံယူသင့်ပါတယ်။
(6)နီရဲသောအရောင်
ရာသီသွေးရဲရဲနီခြင်းသည် ပုံမှန်ဆင်းခြင်းပင် ဖြစ်ပါတယ်။ ရာသီလာခြင်းသည် ဒုတိယရက်နှင့် တတိယရက်တွင် ပုံမှန်အားဖြင့် အဆင်းများတတ်ပါတယ်။ သားအိမ်အမြှေးပါးကြွေခြင်းမြန်လာပြီး သွေးအသစ်များ ဆင်းသောကြောင့် ဖြစ်ပါသည်။
ရာသီသွေးအရောင် ပြောင်းလဲမှု တစ်ခုတည်းကြည့်ပြီး ရောဂါများကို ဆုံးဖြတ်၍မရပါ။ ရာသီသွေးဆင်းမှု ပမာဏ၊ ရက်မှန်မှု၊ လာသည့်ရက်နှင့် နာကျင်ကိုက်ခဲမှု စသည်တို့ကိုပါ ထည့်သွင်းစဉ်းစားကာ အကြောင်းရင်းရောဂါများကို ရှာဖွေကုသသင့်ပါသည်။
Author : Dr. ပြည့်ရှင်း