ကလေးများရဲ့ ချိုလိမ်
ချိုလိမ်ဆိုသည့်အရာသည် လူသားအားလုံးနီးပါးနှင့် ငယ်စဉ်ကလေးဘဝမှာတုန်းက ရင်နှီးကျွမ်းဝင်ခဲ့ဖူးသော ပစ္စည်းတခုဖြစ်သည်။ ချိုလိမ်ကို အင်္ဂလိပ်လို Pacifier လို့ခေါ်ပါတယ်။
တချို့ကလေးငယ်များသည် နို့ဝသည့်တိုင် (ဗိုက်ဝသည့်တိုင်) တစုံတရာကို စုပ်နေချင်တတ်သော သဘာဝရှိတတ်ကြပါတယ်။
ချိုလိမ် ခေါ် Pacifier များသည် ယင်းသဘာဝကို ဖြည့်ဆည်းပေးနိုင်သောကြောင့် ကလေးငယ်အများစုရဲ့ တစုံတရာကို စုပ်နေချင်တတ်သော စိတ်ခံစားချက်ကို နှစ်သိမ့်ကျေနပ်စေနိုင်ပါတယ်။
ချိုလိမ်သုံးပေးခြင်းဖြင့် ရနိုင်တဲ့ တခြားကောင်းကျိုးတွေကတော့ ချိုလိမ်များသည် ကလေးများအား သဘာဝအတိုင်း နှာခေါင်းဖြင့် အသက်ရှူတတ်စေရန် လေ့ကျင့်ပေးသည်။ ဒီလို ပြောလိုက်လို့ တချို့က စောဒကတက်နိုင်ပါတယ်။ လူပဲအသက်ရှူတာ နှာခေါင်းနဲ့မရှူလို့ ဘာနဲ့ရှူရမှာလဲ ဆရာရယ် ဆိုပြီးလည်းမေးမယ့်သူတွေလည်း ရှိနိုင်ပါတယ်။
ကလေးများသည် နို့ဖြတ်ပြီး ဖြည့်စွက်စာ စတင်အကျွေးခံရသည့်အချိန်၊ စကားပြောတတ်စအချိန်များတွင် နှာခေါင်းနဲ့ အသက်ရှူရန် မေ့လျောနေတတ်ပြီး ပါးစပ်ဖြင့် အသက်ကိုရှူလေ့ရှိပါတယ်။ ပါးစပ်ဖြင့် အသက်ရှူခြင်းဟာ နှာခေါင်းနဲ့ အသက်ရှူတာလို လေထုထဲရှိဖုန်တွေ၊ အမှုန်တွေ၊ ပိုးမွှားနဲ့ အညစ်အကြေး စတာတွေကို စစ်ထုတ်နိုင်စွမ်း မရှိပါဘူး။
ဒါကြောင့် ပါးစပ်နဲ့ အသက်ရှူတာကြာလာရင် ကလေးရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး လည်ချောင်းနာတာ၊ နှုတ်ခမ်းများ ခြောက်သွေ့တာ စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ချိုလိမ်များကိုသုံးခြင်းဖြင့် ကလေးများကို နှာခေါင်းဖြင့် အသက်ရှူခြင်းအား လေ့ကျင့်ပေးနိုင်ပါတယ်။
နောက်ပြီး ကလေးဂျီကျတဲ့အခါ ငိုတဲ့အခါမှာလည်း ချိုလိမ်က အသုံးတည့်ပါသေးတယ်။ ကလေးကို ငြိမ်အောင်ထားဖို့အတွက်လည်း ချိုလိမ်ကို သုံးနိုင်ပါတယ်။
ဒီလိုဆိုတော့ ချိုလိမ်သုံးရင် ကောင်းကျိုးတွေပဲ ရှိတာလား။ ဆိုးကျိုးတွေ မရှိတော့ဘူးလားလို့ ထပ်မေးစရာရှိပါတယ်။ ချိုလိမ်သုံးတာများရင် ဘာဆိုးကျိုးတွေ ဖြစ်လာနိုင်လဲဆိုတော့ချိုလိမ်ကို အမြဲအချိန်ပြည့်နီးပါး တပ်ထားပေးရင် ကလေးက နို့ကောင်းကောင်းမစို့တာ အစာကောင်းကောင်း မစားတာတွေ ဖြစ်နိုင်တယ်။
ချိုလိမ်ကို နှစ်ချီပြီး အမြဲနီးပါးသုံးခဲ့ရင် သွားပေါက်တဲ့အခါကျ ကလေးသွားများ မညီမညာ ပေါက်လာနိုင်တယ်။ ၆ လအောက် ကလေးကို ချိုလိမ်ပေးစို့ရင် ကလေးကိုယ်ခံအား လုံလောက်စွာ မဖွံ့ဖြိုးသေး၍ ချိုလိမ်မှ တဆင့် အစာခြေလမ်းကြောင်းနှင့် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ ရနိုင်ပါသည်။
တကယ်လို့ မဖြစ်မနေ သုံးခဲ့ရင် ဆူအောင်တည်ထားသော ရေနွေးနှင့် နေ့စဉ် သေချာပုံမှန်ဆေးဖို့လိုပါတယ်။ ရေနွေးဒဏ်ခံနိုင်သော ချိုလိမ်အမျိုးအစားကိုပဲ သုံးသင့်ပါတယ်။
၆ လ ကျော် ကလေးအတွက် သုံးရင်တော့ သုံးပြီးတိုင်း ဆပ်ပြာနှင့် သေချာ ဆေးဖို့ လိုပါသည်။ ချိုလိမ်က ကွဲနေတာ အရမ်းဟောင်းနေတာတွေ ရှိမရှိလည်း ပုံမှန်စစ်ပေးဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ချိုလိမ်ရဲ့ ကွဲပြဲနေသော အစလေးတွေဟာ ကလေးရဲ့ပါးစပ်ထဲဝင်သွားပြီး ဒုက္ခရောက်နိုင်ပါတယ်။
ဒါကြောင့် အဆုံးသတ်အနေနဲ့ မိဘတွေကို အကြံပေးလိုတာက ချိုလိမ်ကို ကလေးအသက် ၆ လကျော်မှသာ သုံးပါ။ ကလေးငြိမ်တယ်ဆိုပြီး အမြဲတပ်ပေးမထားပါနဲ့။ နို့တိုက်ပြီးစ အစာကျွေးပြီးစတွင်သာ တပ်ပေးပါ။ ချိုလိမ်ကိုလည်း သန့်ရှင်းစွာထားပါ လို့အကြံပြုရင်း ဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်။
Author : Dr. 528