“အောက်ဆီဂျင်ကျတဲ့အချိန်မှာ ရင်ဘတ်ကို လက်သီးနဲ့ထိုးနေသလိုပဲ စောင့်တာ”
ကိုဗစ်ဖြစ်ချိန် အခက်အခဲဆုံးအခြေအနေကို မချိုမာက ပြန်ပြောပြသည်။
ဩဂုတ်လဆန်းပိုင်းတွင် မချိုမာ သူ့ကိုယ်သူ အဖျားငွေ့ငွေ့လေးရှိကြောင်း သတိထားမိသည်။ ခန္ဓာကိုယ်က ချမ်းစိမ့်စိမ့်ဖြစ်လာသလို ကိုယ်လက်ကိုက်ခဲသလိုလိုလည်း သူ ခံစားမိသည်။
“ကိုဗစ်လို့မထင်ဘူး။ ထိစပ်မှုကလည်း ဘယ်သူနဲ့မှမရှိဘူး။”
မချိုမာ သူ့ကိုယ်သူ တုပ်ကွေးဖြစ်နေသည်ဟုသာထင်သည့်အတွက် ရွာက ဆရာမနှင့် ဆေးသွားထိုးသည်။ မင်းဂျိုရွာတွင်လည်း ထိုအချိန်က တစ်နိုင်ငံလုံးနည်းတူ COVID-19 ကပ်ရောဂါကို အလူးအလဲခံနေရသည်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲက အိမ်ခြေလေးရာခန့်ရှိသည်။ ထိုရွာကလေးတွင် စတင်ကူးစက်စဉ်ကာလက အများစုက ကိုဗစ်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ကုသနေကြသည်။
မချိုမာ အဖျားတက်လာရာက ငါးရက်မြောက်တော့ အနံ့ပါပျောက်သွားတယ်။ သူ စိုးရိမ်သွားသည်။ ရွာတွင် သေဆုံးသည့်သူက သေဆုံး ဖြစ်လာသဖြင့် မန္တလေးတွင်သွားကုဖို့ ဆုံးဖြတ်လိုက်သည်။
မန္တလေးရောက်စတွင် သူနာပြုဆရာမဖြစ်သည့် ညီမ၏ အကူအညီဖြင့် အိမ်မှာပဲကုကြည့်သည်။ အဖျားပျောက်ဆေး၊ ချောင်းဆိုးတာအတွက် Solmux သောက်သည်။ အားဆေးများ သောက်သည်။
လေးငါးရက်အကြာတွင် ချောင်းဆိုးတာ သိပ်မဖြစ်တော့သော်လည်း အသက်ရှုရကျပ်လာသည်။
“နောက်ပိုင်းအောက်ဆီဂျင်တိုင်းကြည့်တော့ ၈၀ ကျော်၊ ၇၀ ကျော်ဆိုတော့ အားမရတာနဲ့ အောက်ဆီဂျင်ပေးလိုက်တယ်။ ပေးလိုက်ပေမဲ့ အောက်ဆီဂျင်တက်မလာတာနဲ့ ဆရာဝန်နဲ့ပြတယ်။”
ဟု မချိုမာကို အနီးကပ်ပြုစုပေးသည့် ညီမဖြစ်သူက ပြောသည်။
ဆရာဝန်က လိုအပ်သည့်ဆေးများ ပေးပြီး အောက်ဆီဂျင်အခြေအနေကို စောင့်ကြည့်ဖို့ပြောသည်။
“အောက်ဆီဂျင်က ၈၀ ဝန်းကျင်၊ မငြိမ်ဘူး။ အလူးအလဲကြီးတော့မမောဘူး။ အသက်ရှုလို့မကောင်း တော့ဘူး။”
ဟု အသက် ၅၃ နှစ်အရွယ် အချိုမာက အောက်ဆီဂျင်ကျသည့်အခြေအနေကို ပြောသည်။
“အောက်ဆီဂျင်ကျတဲ့အချိန်မှာ ရင်ဘတ်ကို လက်သီးနဲ့ထိုးနေသလိုပဲ စောင့်တာ။ နှလုံးခုန်မြန်တာထင်တယ်။ နေ့လယ် အဲဒီလောက်မဖြစ်ဘူး။ ညဘက် ပိုဖြစ်တယ်။ ၁၀ ရက်လောက် စောင့်တယ်။”
သူ အစားအသောက်ကလည်း ပျက်စပြုလာသလို ယခင်က မရှိခဲ့သည့် ဆီးချိုသွေးချိုကလည်း ထိုးတက်လာသည်။ မင်းဂျိုအပါအဝင် တစ်နိုင်ငံလုံး တဖြုတ်ဖြုတ်ကြွေနေသည့်သတင်းများကြောင့် မချိုမာ သူ့ကိုယ်သူလည်း အားမလိုအားမရဖြစ်လာသည်။ အထူးသဖြင့် အောက်ဆီဂျင်ကျချိန် ဆီးချိုတက်လာခြင်းက သူ့စိတ်ကို ပိုပြီးချောက်ချားစေသည်။ သူ အိပ်ရာထဲ လဲသွားသည်။
“မထင်တော့ဘူး။ ဒီတစ်ခါ ငါတော့ ဘယ်လိုမှ အသက်မရှင်နိုင်တော့ဘူး”
ဟု မချိုမာက အဝေးကို ငေးကြည့်ရင်း ပြန်ပြောပြသည်။
တော်တော်နှင့်အောက်ဆီဂျင်ပြန်တက်မလာသည့် သူ့အခြေအနေကို ညီမဖြစ်သူကိုယ်တိုင်လည်း စိုးရိမ်မိသည်။
“သူက အောက်ဆီဂျင် တအားကြီးမကျဘူးဆိုပေမဲ့လည်း လုံး၀တက်မလာဘူးလေ။ တစ်ရက်နှစ်ရက်ဆိုရင်တော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ တစ်ပတ် ၁၀ ရက်အထိ လုံး၀တက်မလာဘူး။ ၇၀ ကျော်၊ ၈၀ ကျော်ကနေ လုံး၀တက်မလာတဲ့အခါကျတော့ ဒီအတိုင်းနဲ့ပဲ တဖြည်းဖြည်းကျရင် ပိုဆိုးမှာလေ၊ ကိုယ်လည်း စိုးရိမ်တာပေါ့။”
မည်သို့ပင်ဆိုးရွားပါစေ မချိုမာ ပြန်အားတင်းသည်။ အစားကို ဝင်အောင်စားသည်။ ရေနွေးငွေ့ရှူသည်။ ဆေးဝါးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သေချာကုသည်။
ဆယ်ရက်ခန့် အောက်ဆီဂျင်ရှုပြီးချိန်တွင်တော့ သူပြန်သက်သာလာသည်။ ဘာပဲဖြစ်ဖြစ် သူ ကိုဗစ်ကိုအနိုင်တိုက်နိုင်ခဲ့ပြီဟု ယုံကြည်မှုပြန်ရလာသည်။
သို့သော် မာယာများသည့် ကိုရိုနာဗိုင်းရပ်စ်၏ ထုံးစံအတိုင်း နောက်ဆက်တွဲပြဿနာများကိုတော့ ဆက်ခံရသည်။
“ခေါင်းကိုက်ချင်တယ်။ နားထင်ထိုးတယ်။ ရင်ဘတ်ထဲက ကျပ်ချင်တာလိုလို၊ သလိပ်ကပ်ချင်တာလိုလို၊ ခေါင်းထိုးချင်တာလိုလို ခံစားရတယ်။”
ဟု သူခံစားရသည့် နောက်ဆက်တွဲပြဿနာများကို ပြောပြသည်။
ကိုဗစ်ဒဏ်ကို အလူးအလဲခံလိုက်ရသည့် မချိုမာက ကျန်းမာရေးအထူးဂရုစိုက်ဖို့၊ အထူးသဖြင့် ကိုယ်ခံအားကောင်းအောင်စားသောက်ဖို့ အရေးကြီးသည်ဟု ယုံကြည်ကြောင်းပြောသည်။
“ပြန်ကောင်းတာက ကုသမှုကြောင့်လို့ထင်တာပဲ၊ ကိုယ်ကလည်း စားနိုင်တယ်လေ။”
OnDoctor Team
(ယခုဆောင်းပါးသည် ကာယကံရှင်၏အတွေ့အကြုံဖြစ်ရပ်မှန်ကို မေးမြန်းပြီးတင်ပြထားခြင်းဖြစ်ပြီး ဆောင်းပါးပါ ဓာတ်ပုံများသည် ကာယကံရှင်၏ခွင့်ပြုချက်ဖြင့် ဖော်ပြထားခြင်းဖြစ်ပါသည်။ ဆောင်းပါးတွင်ဖော်ပြပါရှိသည့် ဆေးဝါးနှင့် ကုသမှုနည်းလမ်းများသည် ကာယကံရှင်၏အတွေ့အကြုံသာဖြစ်၍ စာဖတ်သူများအနေဖြင့် ဆေးဝါးနှင့်ကုသမှုများလိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် တိုက်တွန်းအပ်ပါသည်။)