ကလေးတွေ အရွယ်ရောက်လာတဲ့အခါ…
အတွေးအခေါ် အသိဉာဏ် ရင့်ကျက်တာ၊ ကိုယ့်အားကိုယ်ကိုးတတ်တာ၊ ပြဿနာတွေဖြေရှင်းတတ်တာ၊ တာဝန်ယူတတ်တာ၊ ဒါမျိုးတွေဟာ ကလေး ငယ်စဉ်က ပြုစုပျိုးထောင်ခံရတာတွေနဲ့ အများကြီး သက်ဆိုင်ပါတယ်နော်။ အများအားဖြင့်တော့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ အရှေ့တိုင်းသားတွေနဲ့ အနောက်တိုင်းသားတွေ အပြုအမူကွာခြားကြသလို၊ ခေတ်မီတဲ့ မိဘတွေနဲ့ ရှေးရိုးဆန်တဲ့ မိဘတွေကြောင့်လည်း ကလေးတွေ ကြီးပြင်းလာရပုံချင်း ကွာခြားကြပါတယ်။
ဘယ်အရာမဆို ကလေးကို ကိုယ်တိုင်လုပ်ခွင့်မပေးဘဲ မိသားစုက လိုက်ကူညီပေးနေမယ်ဆိုရင် ကလေးကြီးလာတဲ့အခါ ကိုယ်တိုင်မလုပ်ကိုင်ရဲတာမျိုး၊ မိသားစုက အနားမှာမရှိရင် မနေတတ်တော့တာမျိုး ဖြစ်လာနိုင်ပါတယ်။
ဒီလိုမျိုး မေမေတို့ ကိုယ့်ကလေးတွေအပေါ်မှာ အရမ်းကာကွယ်ပေးချင်တာ၊ ဂရုစိုက်မှုလွန်ကဲတာတွေရှိရင်…
▪ ကလေးတွေက တစ်ခုခုဖြစ်ရင် အရမ်းဂရုစိုက်ခံချင်လာတတ်ပါတယ်။ နည်းနည်းလောက် ထိခိုက်မိရင်ကို သူ့ကိုသတိမထားမိမချင်း အတောမသတ်အောင် ငိုနေတတ်လာတာပါ။
▪ ဘာပဲလုပ်လုပ် မေမေလုပ်ပေးဆိုပြီး မှီခိုလာတတ်ကြပါတယ်။ အဝတ်အစားလဲတာ၊ အစာစားတာ၊ တစ်ခုခုပျောက်လို့ရှာတာ၊ သူတို့လုပ်ချင်တာလေးတွေအပေါ်မှာပေါ့။
▪ ကလေးတွေငယ်တုန်းမှာတော့ ဒီလိုလိုက်လုပ်ပေးရတာ အပန်းမကြီးပေမယ့်… အသက်ကြီးလာရင် ပုံမှန်ရွယ်တူ ကလေးတွေလောက် ဘာမှမလုပ်တတ်၊ မကိုင်တတ်ဖြစ်နေပါလိမ့်မယ်။
▪ သူစိမ်းတွေကြား မနေတတ်တာ၊ မေမေ့ကိုပဲ ဖက်တွယ်နေတာ၊ ကျောင်းသွားရင် မေမေမရှိလို့ ငိုနေတာမျိုး၊ ဒီလိုမျိုးလေးတွေလည်း ဖြစ်တတ်ပါတယ်။
▪ ဒါ့အပြင် အရွယ်ရောက်လာတဲ့အထိ ဘယ်မှမသွားရဲ၊ မလာရဲ၊ မစဉ်းစား၊ မဆုံးဖြတ်ရဲ၊ မစွန့်စားရဲတော့တာတွေလည်း ရှိတတ်ပါတယ်။
ဒါပေမဲ့ ကလေးအပေါ် လုံလောက်တဲ့ ဂရုစိုက်မှုတွေမပေးတာ၊ မချစ်ပေးတာ၊ အတူမရှိနေနိုင်တာတွေ များလာရင်လည်း…
- ကလေးမှာ စိတ်ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
- သိမ်ငယ်စိတ်တွေဝင်လာတာ၊ အချစ်ခံရတာကို တောင့်တတာ၊ အထီးကျန်တာ၊ သူများတွေကို အားကျတာ
- ဒါ့အပြင် အရွဲ့တိုက်ချင်စိတ်တွေ၊ သူများကို အနိုင်ကျင့်ချင်တာ၊ လိမ်ညာပြီး လူတွေရဲ့ ဂရုစိုက်မှု၊ စိတ်ဝင်စားမှုတွေရအောင် လုပ်တာတွေအထိပါ ဖြစ်လာနိုင်ပါတယ်နော်။
ဒါ့ကြောင့် မေမေတို့ ကလေးကို ဂရုစိုက်တာ၊ ချစ်ပေးတာ၊ တိုင်ပင်ဖော်အဖြစ်လည်း နေပေးသင့်သလို… ကြီးလာတဲ့အခါ ကိုယ့်အားကိုယ်ကိုးတတ်ဖို့အတွက်လည်း ကလေးငယ်စဉ်တည်းက လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။
ဘယ်လိုလေးတွေ စပြီးသင်ပေးရမလဲဆိုရင်…
▪ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုရလဒ်အပေါ်မှာ ချီးကျူးပေးပါ။
ဒီလို မေမေတို့ရဲ့ ချီးကျူးတာကို ခံရတဲ့အတွက် ကလေးမှာ ကြိုးစားချင်စိတ်တွေ ပေါ်လာမှာပါ။
▪ ဘာမဆို ကိုယ့်ဘာသာလုပ်နိုင်အောင် သင်ပေးပါ။
ကလေးရဲ့ အသက်အရွယ်ပေါ်လိုက်ပြီး နည်းနည်းစီ သင်ပေးရမှာပါနော်။
▪ ကိုယ့်ဘာသာ အစာစားတတ်အောင် လေ့ကျင့်ပေးပါ။
- မေမေတို့ ကလေးကို အမြဲခွံ့ကျွေးရင် အကျင့်ပါပြီး ကလေးက ကိုယ့်ဘာသာမစားတတ်တော့ပါဘူး။
- ဒါ့အပြင် အစာစားဖို့ စိတ်ဝင်စားအောင် ကလေးကြိုက်မယ့်အစားအစာတွေကို အရုပ်ပုံလေးဖော်ထားတာမျိုး လုပ်ပေးသင့်ပါတယ်။
▪ အင်္ကျီ၊ ဘောင်းဘီ ဝတ်တတ်အောင် သင်ပေးရပါမယ်။
အဝတ်ဝတ်တာ၊ ချွတ်တာကို ကလေးဘာသာလုပ်ခိုင်းကြည့်ပါ။ ပြီးရင် တော်ကြောင်း ချီးကျူးပြီး ကလေးကို ဆုချတဲ့အနေနဲ့ သူ့ကို အနမ်းပေးတာ၊ သူကြိုက်တဲ့မုန့် ကျွေးတာမျိုးလုပ်ပေးပါ။
▪ ပြီးရင် နောက်တစ်ဆင့် ကြယ်သီးလေးတွေ တပ်တတ်အောင် သင်ပေးရပါမယ်။
ဒါက ကလေးရဲ့ လက်ချောင်းလေးတွေ အလုပ်လုပ်တာကို တိုးတက်စေပါတယ်။
▪ ဒါ့အပြင် သန့်သန့်ရှင်းရှင်းနေတတ်အောင်လည်း သင်ပေးရပါမယ်။
- ဆော့ပြီးရင် အရုပ်လေးတွေ ပြန်သိမ်းတတ်အောင်
- မျက်နှာသစ်၊ သွားတိုက်တတ်အောင်
- အစာစားပြီးရင် လက်ဆေးတာ၊ ပလုတ်ကျင်းတာ အကျင့်ပါအောင်
- စားပြီးတဲ့ ပန်းကန်လေးတွေ ကူသိမ်းပေးတတ်အောင်
- အိမ်သန့်ရှင်းရေး ကူလုပ်တတ်အောင်
- အဝတ်တွေခေါက်တတ်အောင်
▪ မေမေတို့ စဉ်းစားမိသလောက် ကလေးအန္တရာယ်ဖြစ်နိုင်တာတွေကလွဲပြီး ကျန်တာလေးတွေ လုပ်တတ်အောင်၊ မိသားစုကို ကူညီနိုင်အောင် သင်ပေးသင့်ပါတယ်နော်။ပြီးတော့ ကိုယ့်အားကိုယ်ကိုးတတ်ရုံမကဘဲ တာဝန်ယူတတ်တဲ့စိတ်ပါရအောင် သွန်သင်ပေးရမှာပါနော်။
▪ တစ်ခုခုအမှားလုပ်မိရင် (ဥပမာ- အရုပ်ပျက်စီးသွားတာ၊ ရေခွက်ကွဲသွားတာ) အပြစ်ဝန်ခံတတ်အောင်..
- မေမေတို့အနေနဲ့ ကလေးကို မဆူပါနဲ့။
- ဘယ်လိုဖြစ်သွားလည်းဆိုတာ ကလေးကိုပြောပြခိုင်းပြီး နားထောင်ပေးပါ။
- ပြီးရင် အမှားကို ဝန်ခံတတ်အောင် သင်ပေးပါ။
▪ သူများပစ္စည်းယူတာ၊ သူများကိုအနိုင်ကျင့်တာတွေက မကောင်းဘူးဆိုတာလည်း သိအောင်ပြောပြရပါမယ်။
▪ မိဘ၊ မောင်နှမချင်း ကူညီတတ်အောင်၊ ချစ်ချစ်ခင်ခင်နေတတ်အောင်၊ အနိုင်ကျင့်တာ၊ ဗိုလ်ကျတာမျိုး မရှိရအောင်လည်း သင်ပေးရမှာပါနော်။မေမေတို့အနေနဲ့ ကလေးတွေအပေါ်မှာ မျှမျှတတဆက်ဆံပြီး ဂရုစိုက်ပေးရပါမယ်။
▪ ကတိပေးထားတဲ့ အလုပ်ကို ပြီးမြောက်အောင် လုပ်တတ်ဖို့လည်း သင်ပေးရမှာပါနော်။ ကလေးနားလည်မယ့်စကားလုံးလေးတွေရွေးပြီး ပြောပြလို့ရပါတယ်။
ဒီလိုလေးတွေ ကလေးအသက်အရွယ်အလိုက် သင်ထားပေးရင် ကြီးလာတဲ့အခါ…
မိသားစုက အားကိုးရတဲ့၊ ကိုယ့်အားကိုယ်ကိုးတတ်တဲ့၊ ဘာမဆိုလုပ်ကိုင်တတ်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့၊ ကောင်းမွန်တဲ့ အမူအကျင့်တွေရှိတဲ့သူလေးတွေ ဖြစ်လာမှာပါနော်။
Author: ပိုင်/π (ဆေး ၁)