ဒေါက်တာကျော်အောင်တစ်ယောက် မန္တလေးဆေးတက္ကသိုလ်မှာခြောက်နှစ်ပညာသင်ပြီးတဲ့ နောက် ဆရာဝန်အဖြစ်စတင်တာဝန်ထမ်းဖို့ ရွေးလိုက်တဲ့နေရာကကိုယ့်ဇာတိစစ်ကိုင်းနားကတိုက်နယ်ဆေးရုံကလေး။
အမေနဲ့ အဖေကတော့ ပျော်တပြုံးပြုံးနဲ့ ပျော်မဆုံးမော်မဆုံးပေါ့။ သားအတွက်ဂုဏ်ယူစရာ၊ တစ်ရွာလုံးကိုလိုက်ပြောရတာအမော။ ဒေါက်တာကိုယ်တိုင်ကလည်းကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လာရတာကျေနပ်မဆုံးပါပဲ။ ငယ်ငယ်ကတည်းကမက်ခဲ့ရတဲ့ အိပ်မက်။ အထူးသဖြင့် မသန်စွမ်းတစ်ယောက်အနေနဲ့ ဆရာဝန်ဘွဲ့ယူ လာနိုင်တာကိုဂုဏ်ယူစိတ်။ စိတ်တွေကဒီလိုနဲ့ပဲငယ်ဘဝဆီ။ အသက် (၄) နှစ်သားလောက်တုန်းကကျော်အောင်တစ်ယောက် အပြင်းဖျားခဲ့တယ်။ ကလေး ငယ်ငယ်လေးက တချိန်လုံးအန်နေ၊ ဝမ်းကတော့ချုပ်ပြီးလည်ချောင်းတွေနာအသံမထွက် ဘူးဖြစ်နေခဲ့ တော့ မိဘတွေက စိတ်ပူတာပေါ့။ ဒါနဲ့ ရွာကကျန်းမာရေးမှူးဆီရောက်တာပေါ့။ ဒါလည်းမသက်သာပါဘူး။ ကလေးက လည်ပင်းနဲ့ ကျောဘက်တွေကိုထိလို့တောင်မရတော့ဘူး။ နာနေတာဆိုတာငိုကလည်းငို။ တဖြည်းဖြည်းနဲ့ ဆယ်ရက်လောက်ကြာလာတဲ့အခါ ခြေထောက်လေးတွေ ပျော့ခွေလာတယ်။ မတ်တပ်မရပ်နိုင်တော့ဘူး။ အဲ့ဒီလိုဖြစ်မှပဲ မြို့ပေါ်တက်၊ဆရာဝန်နဲ့ပြဖြစ်တော့ပိုလီယိုရောဂါမှန်းသိရတယ်။ဒါပေမယ့် နောက်ကျသွားပြီ။ထိုအချိန်တုန်းက မြန်မာနိုင်ငံမှာပိုလီယိုကာကွယ်ဆေးပေါ်နေပြီ။ဒါပေမယ့်တစ်တိုင်းပြည်လုံးအတိုင်းအတာအထိမထိုးပေးနိုင်သေးမတိုက်ကျွေးနိုင်သေး။ ကျော်အောင်တို့မြို့နယ်မှာ ကျော်အောင့်လိုပဲ ပိုလီယိုရောဂါရထားသောကလေးများရှိကြတယ်။ကျန်းမာရေးအသိပညာအားနည်းတဲ့နယ်တွေဆိုတော့လည်း ဖြစ်ပွားမှုနှုန်း မြင့်တယ်။ ဒါ့အပြင် ပိုလီယိုရောဂါဆိုတာပိုလီယိုရောဂါပိုးပါတဲ့ မသန့်ရှင်းတဲ့ အစားအစာတွေ စားမိရင်လည်း ကူးတတ်တော့ နယ်တွေမှာကကာကွယ်နိုင်စွမ်းနည်းကြတယ်။ ဒါပေမယ့် ကလေးတစ်ယောက်နဲ့ တစ်ယောက် ခုခံအားချင်း မတူတဲ့အတွက် ရောဂါဖြစ်ပွားပုံချင်းလည်းမတူကြပါဘူး။ ကလေးအယောက် ၁၀၀ မှာ ၉၅ ယောက် ကျော်လောက်က ဖျားတာနာတာလောက်ပဲဖြစ်ဖြစ် ကိုယ်လက်မအီမသာတာလောက်ပဲဖြစ်ဖြစ် ဖြစ်ပြီး ပျောက်ကင်းသွားတတ်ကြတယ်။ ဒါပေမယ့် ကျန်တဲ့ ငါးယောက်လောက်ကတော့ အကြောသေပျော့ခွေ လဏ္ခဏာတွေ ခံစားရတတ်ပါတယ်။ ကျော်အောင် မူလတန်းစတက်တော့ ဘဝတူသူငယ်ချင်းတစ်ယောက်နဲ့ ဆုံရတယ်။ နာမည်က ထွန်းအောင်။ ကျော်အောင်နဲ့ထွန်းအောင်ကအမြဲတပူူးပူးတတွဲတွဲ။မနက်ပိုင်းနဲ့ညနေပိုင်းတွေဆိုခြေထောက် လေ့ကျင့်ခန်းတွေ လုပ်ရတယ်။ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရင်း ကူညီရင်း အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာကြတယ်။တခြားရွယ်တူကလေးတွေကရန်လာစကြတာတွေ မခံချင်အောင်စတာတွေကိုလည်းသူငယ်ချင်း နှစ်ယောက်အတူတုံ့ပြန်ခဲ့ကြတယ်။ နှစ်ယောက်သားမသန်ပေမယ့်စွမ်းနိုင်ကြောင်းကို ပြသဖို့အတွက်အတန်းတွင်းကြိုးစားခဲ့ကြတယ်။စာမေးပွဲတွေဆိုလည်း နှစ်ယောက်သားအဆင့်တစ်ကနေတစ်ဆယ်အတွင်းအမြဲဝင်တယ်။သူများတွေကစားကွင်းထဲမှာကစားနေတဲ့အချိန် နှစ်ယောက်သားစာကြည့်တိုက်မှာအမြဲ။ဆယ်တန်းစာမေးပွဲဖြေတဲ့အချိန်ကျတော့လည်း နှစ်ယောက်စလုံးထူးထူးချွန်ချွန်နဲ့ အောင်ခဲ့တယ်။ ပိုလီယိုရောဂါကြောင့် ခြေထောက်အကြောတွေသေပျော့ခွေသွားပေမယ့် အဘက်ဘက် က ထူးချွန်မှုတွေနဲ့ ပြန်ဖြည့်ဆည်းဖို့ ကြိုးစားခဲ့ကြတယ်။ ကြိုးစားရင် ကြိုးစားသလောက် အခြားသူတွေနဲ့တန်းတူအခွင့်အရေးရှိပါတယ်ဆိုတာသက်သေပြခဲ့ကြတယ်။ဆယ်တန်းအောင်ပြီးတော့ ကျော်အောင်က ဆရာဝန်လိုင်းကိုရွေးခဲ့တယ်။ ထွန်းအောင်ကတော့ ကွန်ပြူတာပညာရှင် လုပ်မယ်တဲ့။ အခုတော့ ထွန်းအောင်ကစင်ကာပူမှာ။ သူငယ်ချင်းအတွက် ဝမ်းသာရတယ်။ ကျော်အောင်ကတော့ အခုဒီနေရာကိုယ့်ဇာတိကို ပြန်လာခဲ့ပြီ။တချို့မိဘတွေကတွေးကြတယ်။ပိုလီယိုရောဂါသည်ကလေးဟာတခြားကလေးတွေထက် ဉာဏ်ရည် မကောင်းနိုင်ဘူးလို့။ ဒါဟာမှားယွင်းတဲ့အယူအဆပါ။ ဒီလိုအယူအဆတွေကြောင့်ပဲပိုလီယိုရောဂါ သည် ကလေးတွေဟာ ကိုယ်ကိုယ်ကိုမရပ်တည်နိုင်ပဲ မိဘကိုသာ အားကိုးပြီး ကိုယ်ရည်ကိုယ်သွေးတွေ နိမ့်ကျသွား တတ်ကြတယ်။ ကျော်အောင်တို့မိဘတွေ ကတော့ခြားနားခဲ့တယ်။ကလေးနှစ်ယောက်ကိုကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်တည်နိုင်စွမ်းရှိအောင် ပြုစုပျိုးထောင်ပေးခဲ့တယ်။ခွန်အားဖြစ်ပေးခဲ့တယ်။တခြားကလေးတွေ ဘောလုံးကန်နေချိန်မှာပန်းချီဆွဲတဲ့နေရာမှာထူးချွန်အောင်မြေတောင်မြှောက်ပေးခဲ့တယ်။ပညာထူးချွန်အောင်ပံ့ပိုးပေးခဲ့တယ်။အခုအချိန်မှာတော့ ပိုလီယိုရောဂါကာကွယ်ဆေးကနယ်အနှံ့ရောက်နေပြီ။ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အခမဲ့တိုက်ကျွေးနေနိုင်ပြီ။ ကျော်အောင်ဝမ်းသာရတယ်။ ၂၀၁၄ ခုနှစ်ကစပြီးတော့ မြန်မာနိုင်ငံမှာ ပိုလီယိုရောဂါပိုး ကင်းစင်ပပျောက်သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တရားဝင်အသိအမှတ်ပြုလိုက် ပါတယ်။သို့ပေမဲ့လည်းကာကွယ်ဆေးများကိုတော့စဉ်ဆက်မပြတ်တိုက်ကျွေးနေရပေဦးမည်။ နောက်အပတ်ထဲတွင်လည်း မြို့နယ်အတွင်းပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးပေမည်။ မိဘတွေအနေနဲ့ မိမိသားသမီးများကိုကာကွယ်ဆေးမှန်မှန် သွားတိုက်ပေးကြပါလို့ လူနာများကို တိုက်တွန်းရပေဦးမည်။
AUTHOR – ဒေါက်တာအေးချမ်းမိုး