ကြီးထွားမှုဆိုတာဘာလဲ။ ဖွံ့ဖြိုးမှုဆိုတာဘာလဲ။
ကြီးထွားမှုဆိုတာ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ ဆဲလ်လေးတွေရဲ့ အရေအတွက်နဲ့ အရွယ်အစားများပြား၊ ကြီးထွားလာမှုကို ခေါ်တာပါ။ ဖွံ့ဖြိုးမှုဆိုတာ ကျတော့ အာရုံကြောဆိုင်ရာ အစိတ်အပိုင်းအရွယ်ရောက်လာတဲ့အတွက် လုပ်ငန်းတာဝန်ပိုင်းဆိုင်ရာ အရွယ် ရောက်လာခြင်းကို ခေါ်တာပါ။ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုဆိုတာ ကိုယ်ခနဓာနဲ့ ကလီစာတွေရဲ့ အရွယ်အစားနဲ့ လုပ်ငန်း တာဝန်တွေ ပြောင်းလဲသွားခြင်းကို ဆိုလိုတာပါ။
စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကျတော့ လူတစ်ယောက်ရဲ့ အပြုအမူ၊ ဉာဏ်ရည်ဉာဏ်သွေး၊ အာရုံစူးစိုက်မှု ပြောင်းလဲလာခြင်းပါ။ စိတ်ခံစားချက် ဖွံ့ဖြိုးမှုဆိုတာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်၊ လူမှုယဉ်ကျေးမှုဆိုင်ရာမှာ ဖွံ့ဖြိုးလာခြင်းကို ဆိုလိုပါတယ်။ ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုဖြစ်စဉ်ကို ကြည့်လိုက်တဲ့အခါ ကြီးထွားမှုဆိုတာ သန္ဓေတည် ရာမှစလို့ ဆက်လက်ဖြစ်ပေါ်နေတဲ့ အရာတစ်ခုပါ။ ကြီးထွားမှုဟာ အာရုံကြောစနစ်ရဲ့ ဖွံ့ဖြိုးမှုအရွယ် ရောက်မှုအပေါ်မူတည်ပါတယ်။
ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှုဖြစ်စဉ်တွေဟာကလေးအားလုံးအတွက်တူညီကြပေမယ့်ကြီးထွားမှုနှုန်းကတော့မတူညီကြပါဘူး။ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှုလမ်းကြောင်းဟာလည်း ခေါင်းမှခြေသို့ သွားပါတယ်။ ကြီးထွားမှုပုံစံ ၄ မျိုးရှိပါတယ်။ ယေဘုယျအမျိုးအစားမှာကျတော့ တစ်ကိုယ်လုံးကြီးထွားပါတယ်။ ခေါင်းနဲ့လည်ပင်းမပါပါ။ကြီးထွားနှုန်းဟာသားအိမ်ထဲမှာကြီးထွားမှုအမြန်ဆုံးဖြစ်ပြီး မွေးပြီးတစ်နှစ် နောက်ပိုင်းမှာကြီးထွားမှုနှုန်းနှေးသွားတတ်ပါတယ်။အာရုံကြောကြီးထွားမှု အမျိုးအစားကျတော့ မွေးခါနီးလောက်မှာကြီးထွားမှုမြန်ဆန်လာပြီးပထမပိုင်းနှစ် နှစ်လောက်ထိ မြန်တတ်ပါတယ်။လိင်အင်္ဂါဖွံ့ဖြိုးမှုကျတော့အရွယ်ရောက်ကတည်းကကြီးထွားမှုမြန်ဆန်ပါတယ်။ မွေးကင်းစကလေးတွေရဲ့ခေါင်းဟာ တစ်ကိုယ်လုံးနဲ့ယှဉ်ရင် လေးပုံတစ်ပုံရှိပါတယ်။ အရွယ်ရောက် ရင်တော့ ၇ပုံ ၁ပုံ ပဲရှိပါတော့တယ်။ ခြေထောက်ကျတော့ မွေးကင်းစမှာ တစ်ကိုယ်လုံးနဲ့ယှဉ်ရင် ၃ပုံ ၈ပုံ ရှိပြီး အရွယ်ရောက်ရင် တစ်ဝက်လောက်ဖြစ်သွားပါတယ်။ ၁နှစ်အောက်ကလေးတွေရဲ့ ကြီးထွားမှုဟာ အာဟာရ ဓါတ်ပေါ် မူတည်ပါတယ်။ ၁နှစ်နောက်ပိုင်းကျတော့ ကြီးထွားမှုဟော်မုန်းပေါ်မူတည်ပါတယ်။ အရွယ်ရောက်ရင် တော့ ကြီးထွားမှု ဟော်မုန်းနဲ့ လိင်ဟော်မုန်းတွေပေါ်မူတည်ပါတယ်။ ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် အရပ်ခြင်း မတူကြပါဘူး။ ဒါဘာကြောင့်လဲဆိုရင် မျိုးရိုးပေါ်မူတည်ပါတယ်။ မိဘက အရပ်ရှည်မျိုးရိုးဆိုရင် ကလေးကလည်း အရပ်ရှည်တတ်ကြတယ်။ မျိုးရိုးဗီဇ ချို့ယွင်းနေတဲ့ကလေးဆို ပုံမှန်ထက် ပုတတ်ကြတယ်။ ပုတဲ့သူတိုင်းမျိုးရိုးဗီဇချို့ယွင်းနေတာမဟုတ်ပါဘူး။ကိုယ်ဝန်ဆောင်စဉ်ကာလ မိခင်ရဲ့အာဟာရဓါတ်ပေါ်လည်း မူတည်ပါတယ်။မိခင်မှာရောဂါတစ်ခုခုရှိခဲ့ရင်ကလေးရဲ့ကြီးထွားမှုမှာထိခိုက်နိုင်တယ်။ မွေးစဉ်ကာလမှာလည်း ကလေးအခြေအနေပေါ်မူတည်တယ်။ မွေးပြီး နောက်ပိုင်း ကလေးကို ပြုစုပုံ၊ အာဟာရတိုက်ကျွေးမှု၊ ကာကွယ်ဆေးပုံမှန်ထိုးခြင်းတွေပေါ်လည်း မူတည်ပါသေးတယ်။
ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုကို ကလေးတိုင်းကို တိုင်းတာလေ့ရှိပါတယ်။ ကလေးရဲ့အာဟာရကြွယ်ဝမှု အခြေအနေကို သတ်မှတ်တဲ့အခါ အနီ၊ အဝါ၊ အစိမ်းဆိုပြီး သတ်မှတ်ထားပါတယ်။ ကိုယ်အလေးချိန်ကို တစ်လတစ်ခါသွားသွားချိန်သင့်တယ်။ ကိုယ်အလေးချိန်တက်ရာလမ်းကြောင်းသည် အစိမ်းရောင် ကွက်ထဲ ရှိလျှင် ကောင်းပါသည်။ အဝါရောင်ထဲသို့ရောက်နေလျှင် သတိထားသင့်သည်။ အနီကွက်ထဲ ဝင်နေ လျှင် မကောင်းပါ။ ဒါဆိုကလေးမှာ ရောဂါတစ်ခုခုရှိ၊ မရှိစစ်ဆေးရန် နီးစပ်ရာဆေးခန်း၊ ဆေးရုံမှာသွားပြသင့်ပါတယ်။ ပုံမှန် စားနေကျထက် နှစ်ကြိမ်ပိုကျွေးရပါမယ်။ အမေနို့ကိုလည်း ဆက်တိုက်ပေးရပါမယ်။ အစာပျော့ပျော့ကို ကျွေးပေးရပါမယ်။ မွေးကင်းစကလေးတွေဟာ ပုံမှန်ဆိုရင် ၂ ကီလိုခွဲကျော်ရပါမယ်။ ၁နှစ်အောက်ဆိုရင် လတိုင်း လတိုင်းအနည်းဆုံးကီလိုဝက် တိုးရပါမယ်။ ၁နှစ်မှ ၃နှစ်အထိဆိုရင်တော့ သုံးလတစ်ခါ ချိန်လို့ ရပါတယ်။ သုံးလလျှင် အနည်းဆုံး ကီလိုဝက်တိုးရပါမယ်။ ဒါမှ ပုံမှန်ကလေးကြီးထွားနိုင်မှာပါ။ ကိုယ်အလေးချိန် ကို တိုင်းနိုင်သလို ခေါင်းပတ်လည်ကြီးထွားမှုကိုလည်း တိုင်းပါတယ်။ တကယ်လို့ ခေါင်းပတ်လည် ကြီးထွားမှု ဟာ တစ်ပတ်ကို ၁ စင်တီမီတာနှုန်းနဲ့တက်နေရင် ရောဂါတစ်ခုခုရှိနိုင်ပါတယ်။ ခေါင်းကို တိုင်းတာနိုင်သလို လက်မောင်း အလယ်ပတ်လည်ကို တိုင်းတာနိုင်ပါတယ်။ ဒါကိုကြည့်ပြီး ၁နှစ်ကနေ ၅နှစ်အတွင်းကလေးတွေရဲ့ အာဟာရဓါတ်အခြေအနေကိုတွက်ဆနိုင်ပါတယ်။၁နှစ်ကနေ၅နှစ်အတွင်းကလေးတွေရဲ့ဖော်ပြပေးချင်ပါတယ်။ ကလေးဟာ ၃လဆိုရင် ခေါင်းထိန်းနိုင်ရပါမယ်။ ပစ္စည်းရွေ့ရာနောက်ကို လိုက်ကြည့်နိုင်ရမယ်။ ကလေးလက်ထဲကိုကိုယ့်ရဲ့လက်ချောင်းထည့်ပေးလျှင်ဆုပ်ကိုင်ထားနိုင်ရမယ်။အသံတစ်ခုခုပြုလျှင် ပြန်ပြုနိုင်ရမယ်။ ၆လလောက်ဆို စပြုံးတတ်နေပါပြီ။ အမေကိုလည်းမှတ်မိနေပါပြီ။ ကလေးအသက် ၅လကနေ ၇လ ရောက်တဲ့အခါလှိမ့်နေပါပြီ။၆လလောက်ဆိုရင်အကူနဲ့ထိုင်တတ်နေပါပြီ။ နောက်ပြီးသူလိုချင်တဲ့နေရာကို ရောက်အောင်သွားပြီးလက်နှစ်ဖက်နဲ့ကိုင်ထားနိုင်ပြီ။ပြီး ပါးစပ်ထဲတွေကောက်ထည့်ပါတော့တယ်။ ၉လကနေ ၁၀လလောက်ဆို လေးဘက်ထောက်သွားနေပါပြီ။ လက်ညှိုးထိုးတတ်ပြီ။ ပါးပါး၊ မားမားခေါ်တတ်ပါပြီ။သူ့နာမည်ခေါ်လျှင်ထူးတာ၊လှည့်ကြည့်တာ၊တာ့တာလုပ်နှုတ်ဆက်တာမျိုးလုပ်တတ်ပါပြီ။ ၁နှစ်ရောက်တဲ့အခါမှာ မတ်တပ်ရပ်ဖို့ ကြိုးစားနေပါပြီ။ အကူနဲ့ဆိုရင်တော့ လမ်းလျှောက်နေပါပြီ။ ပရိဘောကပစ္စည်းတွေကိုကိုင်၍လမ်းလျှောက်တတ်နေပါပြီ။ခွက်ကိုကိုင်ပြီး ရေသောက်တတ်ပြီ။လက်ခုပ်တီးတတ်ပြီ။၁နှစ်နဲ့၅လဆို လှေကားစတက်နေပါပြီ။ ပြေးလွှားနိုင်ပါပြီ။ ခဲတံကိုကိုင်ကာ လျှောက်ခြစ်ခြင်း၊ စကားသုံးလုံးနဲ့ အထက်ပြောတတ်ခြင်း၊ နား၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ညှိုး ထိုးပြတတ်ခြင်းများ ပြုလုပ်တတ်နေပါပြီ။ ရေအိမ်သွားချင်လျှင်လည်း ပြောတတ်နေပါပြီ။ နောက်ပြီး ရိုးရှင်းတဲ့ ခိုင်းစေချက်များကို လည်း လိုက်လုပ်နိုင်ပါပြီ။ ၂နှစ်မှာကျတော့ လှေကားကို ၂ထစ်တစ်ခါ တက်ရပါတယ်။ စာအုပ်တွေကိုလည်းလှန်လှောနေပါပြီ။စာကြောင်းအပြည့်အစုံ ပြောနေပါပြီ။အဝတ်အစားချွတ်တတ်ပါပြီ။၃နှစ်မှာတော့ပုံမှန်လူကြီးတစ်ယောက်လို လှေကားကောင်းကောင်းတက်တတ်နေပါပြီ။စက်ဘီးလည်းစီးသင်နိုင်ပါပြီ။စက်ဝိုင်းပုံဆွဲတတ်တာမျိုး၊အရောင်တူကို ပြတတ်တာမျိုးလုပ်တတ်ပါပြီ။၅နှစ်လောက်ဆိုရင်တော့ ဘောလုံးကန်တာ၊ဖမ်းတာလုပ်နေပါပြီ။တြိဂံပုံတောင်ဆွဲတတ်နေပါပြီ။စကားလည်းညက်ညက်ညောညော ပြောနိုင်ပါပြီ။သူငယ်ချင်းကိုလည်းရွေးချယ်တတ်သလိုအဝတ်အစားကိုလည်းဝတ်တတ်နေပါပြီ။ဒါတွေဟာ မွေးကင်းစကနေ ၅နှစ်အထိ ပုံမှန်ဖွံ့ဖြိုးလာသော ဖွံ့ဖြိုးမှုတွေပါ။ ဉာဏ်ရည်ပိုင်း မဖွံ့ဖြိုးတာဟာ အပြုအမူပိုင်းဆိုင်ရာ အားလုံးမှာနှေးကွေးသွားစေပါတယ်။ဒါပေမယ့်အပြုအမူပိုင်းဆိုင်ရာတစ်ခုတည်းချို့ယွင်းသွားတာကြောင့်ဉာဏ်ရည်ပိုင်းမဖွံ့ဖြိုးဘူးလို့တော့ပြောလို့မရပါဘူး။
Credit to: ဒေါက်တာဇွဲကောင်းချစ်
Health Care Journal (Vol-7, No-6)
Author – ဒေါက်တာဇွဲကောင်းချစ်