fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

အဆိပ်အတောက်  အနှောင့်အသောက်

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့ မြို့တစ်မြို့ရဲ့စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင် အအေးဆိုင်တွေမှာ လေ့လာကြည့်လိုက်ရင် အားဖြည့်အချိုရည်မျိုးစုံကို တွေ့မြင်ရမှာပါ။ အရောင်အမျိုးမျိုးနဲ့  ဘူးခွံဒီဇိုင်းပုံဆန်းတွေက မြင်သူတိုင်း သောက်ချင်စိတ်ဖြစ်ပေါ်လာအောင် ဆွဲဆောင်နိုင်လွန်းလှပါတယ်။ အနံ့အရသာလည်း စုံလင်လို့ တစ်ချို့ဆို မက်လောက်စရာ ကံစမ်းမဲတွေပါ ထည့်ပေးထားတတ်ကြပါတယ်။ သောက်သုံးတတ်ကြသူအများစုကတော့ အသက် ၁၂နှစ်မှ ၃၅ နှစ်ကြား လူငယ်အရွယ်များဖြစ်ကြပါတယ်။

အချိုရည်ကို လူငယ်လူရွယ်တွေ ဘာကြောင့်စွဲလမ်းရသလဲဆိုတော့ စိတ်ကို လန်းဆန်းတက်ကြွစေတယ်ဆိုတဲ့အချက်က အဓိကဖြစ်ပါတယ်။ ကြော်ငြာတဲ့အခါမှာလည်း ဒါသောက်ပြီးရင် အားအင်ပြည့်ဝလာမယ်၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေမြင့်မားလာမယ် စိတ်ပိုင်းဆိုင်ရာ နိုးကြားမှုတွေရနိုင်မယ်လို့ ဆွဲဆောင်ကြော်ငြာကြလို့လည်း ဖြစ်ပါတယ်။ ဒီလိုစွမ်းရည်တွေ ကိုယ်ခန္ဓာထဲမှာ ဖြစ်ပေါ်လာစေဖို့ အားဖြည့်အချိုရည်တွေထဲမှာ ကဖင်း(caffeine)နှင့် သကြား၊ တော်ရင်း (taurine) ကာဗိုဟိုက်ဒရိတ်(carbohydrate)တွေ အမျိုးအစားများစွာ ထည့်သွင်းထားပြီး ကယ်လိုရီအချိုးအစားများစွာ ပါဝင်အောင်ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။

 

ကဖင်းဓာတ်နှင့် သကြားဟာ ကိုယ်ခန္ဓာထဲ ရောက်ရှိတဲ့အခါ ပုံမှန်အားဖြင့် စိတ်ကို လန်းဆန်းစေပါတယ်။ သို့သော်အနည်းသော ပမာဏမျှကြောင့်သာ ဖြစ်ပါတယ်။ ပြီးနောက် ကိုယ်ခန္ဓာက နာရီပိုင်းအတွင်း ဆီးထဲမှတစ်ဆင့်စွန့်ပစ်ပစ္စည်းအဖြစ် စွန့်ထုတ်လိုက်ပါတယ်။ အနည်းငယ်သော ပမာဏကြောင့် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ် မသိမသာအနည်းငယ်ပြောင်းလဲသွားခြင်းကို သတိမထားမိတတ်ကြပေ။ အားဖြည့်အချိုရည်တွေမှာပါဝင်တဲ့ ပမာဏများပြားလွန်းတဲ့ ကဖင်းဓာတ်ဟာ နှလုံးနှင့် သွေးကြောမျှင်များကိုပါ ပြင်းထန်စွာ ထိခိုက်စေနိုင်ပါတယ်။ ကဖင်းဓာတ်ကြောင့် နှလုံးခုန်နှုန်းမမှန်ကန်တော့ခြင်း၊ သွေးဖိအားများကာ သွေးပေါင်တက်လာခြင်းတို့ကြောင့်နှလုံးရောဂါနှင့် သွေးတိုးရောဂါဖြစ်ပွါးစေမှာဖြစ်သလို ဆီးချိုရောဂါဖြစ်စေဖို့လည်း တွန်းအားပေးသလိုဖြစ်စေပါတယ်။

အားဖြည့်အချိုရည်တွေကြောင့် မူမမှန်တော့တဲ့ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်အပြောင်းအလဲကြောင့်နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ စိုးရိမ်စိတ်များခြင်း၊ ညဖက်နှစ်ခြိုက်စွာအိပ်မပျော်ခြင်း၊ အစာချေဖျက်စနစ်ကိုဖျက်ဆီးသဖြင့် အစာအိမ်ရောဂါဖြစ်စေခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်းတွေလည်း ဖြစ်ပေါ်လာတတ်ပါတယ်။

လူငယ်အများစုဟာ အားဖြည့်အချိုရည်တွေကို ဒီအတိုင်း သောက်သုံးတတ်ကြသလို အချို့က အရက်၊ ဝိုင်ယမကာများနှင့်လည်း ရောစပ်သောက်သုံးတတ်ကြပါတယ်။ သုတေသနစစ်တမ်းများအရ အရက်နှင့် အားဖြည့်အချိုရည်ရောစပ်သောက်သုံးသူပမာဏသည် အရက်တစ်မျိုးတည်းသောက်သုံးတတ်သူ၏ လေးဆများပြားကြောင်း တွေ့ရှိရပါတယ်။ ထိုကြောင့်လည်း အရက်ကြောင့်ဖြစ်တတ်သော ရောဂါပမာဏထက် အရက်ယမကာနှင့်အားဖြည့်အချိုရည်များရောစပ်သောက်လို့ ဖြစ်တဲ့ရောဂါပမာဏကလည်း လေးဆ များပြားတာလည်း တွေ့ရှိရပါတယ်။

လူအများစုဟာ ရေဆာရင် ရေပဲသောက်သင့်ပါတယ်ဆိုတဲ့ ကျန်းမာရေးအသိအားနည်းကြပါတယ်။ ရေသောက်ရတဲ့အရသာထက် အချိုရည်သောက်လိုက်ရတဲ့ အရသာကို စွဲလမ်းပြီး အချိုရည်သောက်မှ ရေငတ်ပြေတယ်အထင်မှားကြပါတယ်။ အမှန်တကယ်တော့ အချိုရည်သောက်လို့ ရေငတ်မပြေပါ။ အချိုရည်မှာ ပါဝင်တဲ့ သကြားဓာတ်တွေက အသည်းဆီရောက်သွားပြီး အသည်းက ပြန်စွန့်ထုတ်နိုင်ဖို့ အလုပ်လုပ်ရတဲ့အခါ ကိုယ်ခန္ဓာထဲက ရေပမာဏကို ပိုမိုစုပ်ယူအသုံးပြုပြီး ချေဖဖျက်ရပါတယ်။ ဒါ့ကြောင့် ခန္ဓာတွင်းမှာ ရေဓာတ်လျော့နည်းလာပြီး အချိုရည်သောက်လို့ ရေငတ်မပြေတဲ့အပြင် ရေပိုဆာ တတ်ပါတယ်။

လူ့ကိုယ်ခန္ဓာဟာ ရေဓာတ်ပမာဏ ၆၀ရာခိုင်နှုန်းကျော်ဖြင့်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ဝမ်းတွင်းကလီစာများဟာ လုံလောက်တဲ့ရေဓာတ်ပမာဏရှိမှသာ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ကြပါတယ်။ကိုယ်ခန္ဓာမှာ ချွေးထွက်လို့ရေဓာတ်ဆုံးရှုံးတဲ့အခါမှာ ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ရေသောက်သုံးပေးခြင်းဖြင့်သာပြန်လည်ဖြည့်တင်းပေးရမှာဖြစ်ပါတယ်။ ရေဆာတဲ့အခါ ရေမဟုတ်ဘဲ ကော်ဖီ၊လက်ဖက်ရည်၊ အားဖြည့်အချိုရည်များသောက်သုံးမိတဲ့အခါ ရေဓာတ်မပြည့်နိုင်ဘဲ အချည်းနှီးသာဖြစ်ရပါတယ်။ ရေဆာတိုင်းရေသောက်ရမည်ဆိုတဲ့အကျင့်မရှိဘဲ အချိုရည်သောက်တာဟာ အကျင့်ဆိုးတစ်ခုဖြစ်စေပြီး ကျန်းမာရေးအတွက်လည်း မသင့်တော်ပါ။

မြန်မာနိုင်ငံရဲ့ရာသီဥတု အခြေအနေဟာ ပူပြင်းပါတယ်။ မိုးတွင်းဆောင်းတွင်းရောက်သော်ငြားလည်း နေထွက်ချိန်မှ နေဝင်ချိန်ထိ ပူအိုက်ပြီး အစိုဓာတ်လည်းများပါတယ်။ ပူအိုက်လို့ချွေးထွက်များတိုင်း ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုရေသောက်ပေးခြင်းဖြင့်သာ ပြန်လည်ဖြည့်တင်းရပါမယ်။ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေဖို့၊ စိတ်ကြည်လင်လန်းဆန်းစေဖို့အတွက် သင့်တင့်မျှတတဲ့ အစာအာဟာရကိုလည်း အချိုးကျစားသုံးပေးရမှာလည်းဖြစ်ပါတယ်။တစ်နေ့တာလိုအပ်တဲ့ အားအင်ကို အားဖြည့်အချိုရည်တွေ သောက်သုံးခြင်းမှ ရယူခြင်းသည် လွဲမှားသောကျန်းမာရေးအသိသာဖြစ်ပါတယ်။

အန္တရာယ်ကင်းသော သဘာဝအာဟာရဓာတ်များကို ဆန်၊ပြောင်း၊ဂျုံ၊ သားငါး၊ဟင်းသီးဟင်းဟင်းရွက် တို့ကို မျှတမှန်ကန်စွာ စားသုံးပြီး လန်းဆန်းကျန်းမာသော စိတ်နှင့်ခန္ဓာကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ခဏတာ ပင်ပန်းမှုပြေပျောက်စေဖို့အတွက် ရုပ်ပိုင်းဆိုင်ရာကို အဆိပ်အတောက်ဖြစ်စေနိုင်သော၊ စိတ်ပိုင်းဆိုင်ရာကို အနှောင့်အယှက်ဖြစ်စေသော အကျိုးမဲ့သော အားဖြည့်အချိုရည်သောက်သုံးမှုကို သတိပြုရှောင်ရှားနိုင်စေဖို့ရာ အကြံပြုရေးသာလိုက်ရပါတယ်။

ဒေါက်တာခွာဖြူ

ဆက်စပ် ဆောင်းပါးများ