ကလေးများသွားပြည်တည်နာ ဖြစ်သောအခါ ထိုသွားပြည်တည်နာကို ချက်ချင်းကုသရန် မဖြစ်နိုင်သေးသည့် အခြေအနေတွင် နာကျင်မှုဝေဒနာကို သက်သာစေနိုင်သည့် နေအိမ်အတွင်း အလွယ်တကူ ပြုလုပ်နိုင်သည့်ကုထုံးများ ရှိပါသည်။ ထိုနည်းလမ်းကုထုံးကိုအသုံးပြုပြီး မိမိတို့၏ ကလေးငယ်များကို သက်သာရာရစေရန် ပြုလုပ်ပေးနိုင်ပါသည်။
၁။ ရေခဲ
ရေခဲထည့်ထားသော အိတ်ကို နာကျင်သည့်နေရာတွင် ၁၀ မိနစ်၊ မိနစ်၂၀ ခန့် ကပ်ထားပေးခြင်းအားဖြင့် သွားပြည်တည်နာကျင်မှုကို လျော့ကျစေနိုင်ပါသည်။
၂။ ကြက်သွန်ဖြူ
ရှေးအစဉ်အဆက်သုံးခဲ့သော တိုင်းရင်းဆေးပညာတွင် ကြက်သွန်ဖြူသည် သွားကိုက်ခြင်းကို သက်သာပျောက်ကင်းစေအောင် ပြုလုပ်ပေးနိုင်သည်ဟု လက်ခံထားကြပါသည်။ ထို့ကြောင့် သွားပြည်တည်နာ ကိုက်ခဲခြင်းအတွက်လည်း ကြက်သွန်ဖြူသည် အသုံးဝင်ပါသည်။
အကယ်၍ မိမိ၏ ကလေးက ကြက်သွန်ဖြူကို ဝါးရန်အတွက် အဆင်မပြေဖြစ်နေပါက ကြက်သွန်ဖြူကို ကြိတ်၍ အရည်ညှစ်ပြီး ထိုအရည်ကို ဂွမ်းစဖြင့် စွတ်၍ ကိုက်ခဲသည့်နေရာတွင် ဖိကိုက်ထားစေနိုင်ပါသည်။
၃။ လေးညှင်း
လေးညှင်းတွင်ပါဝင်သော Eugenol ဓာတ်ကလည်း သွားကိုက်ခြင်း ဝေဒနာကို သက်သာစေနိုင်ပါသည်။ သို့သော် အချို့ကလေးများသည် အဆိုပါဓာတ်နှင့် ဓာတ်မတည့်ခြင်း ဖြစ်နိုင်သဖြင့် ဂရုစိုက်၍ အသုံးပြုရန်လိုအပ်ပါသည်။
၄။ နနွင်း
နနွင်းတွင်ပါဝင်သော curcumin ဓာတ်သည် ရောင်ရမ်းခြင်းကို သက်သာစေခြင်းအပြင် ပိုးသတ်ပေးနိုင်သည့် ဂုဏ်သတ္တိရှိသည်ဟု ယုံကြည်ကြပါသည်။ ထို့ကြောင့် သွားပြည်တည်ခြင်းကြောင့် သွားကိုက်ခြင်း ဝေဒနာကို သက်သာစေရန်ကူညီပေးနိုင်ပါသည်။
၅။ ဆားရည်ဖြင့် ပလုတ်ကျင်းခြင်း
ဆားရည်ခပ်နွေးနွေးလေးဖြင့် ပလုတ်ကျင်းခြင်းကလည်း ရောဂါပိုးများကို သေစေနိုင်သည့်အပြင် နာကျင်မှုဝေဒနာကို သက်သာအောင်လည်း ကူညီပေးနိုင်ပါသည်။
၆။ နှမ်းဆီ
ရိုးရာတိုင်းရင်းဆေးပညာတွင် နှမ်းဆီသည် ရောင်ရမ်းသည့် ဝေဒနာများကို လျော့ကျစေနိုင်သည့် အစွမ်းသတ္တိရှိသောကြောင့် နှမ်းဆီကိုလည်း သွားပြည်တည်နာသွားကိုက်ခြင်းဝေဒနာကို သက်သာစေရန် အသုံးပြုနိုင်ပါသည်။ သို့သော် အချို့ကလေးများတွင် နှမ်းဆီနှင့် ဓာတ်မတည့်သည့် ပြဿနာရှိနိုင်သည့် အတွက် ဂရုပြု၍ အသုံးချရန်လိုအပ်ပါသည်။
၇။ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်သည် အဏုဇီဝပိုးမွှားများကို သေစေနိုင်သည့် ဂုဏ်သတ္တိရှိသည်ဟု ယုံကြည်ကြပါသည်။ ထို့ကြောင့် သွားပြည်တည်နာ သွားကိုက်ခြင်းအတွက် အသုံးပြုနိုင်ပါသည်။
ရေနွေး တစ်ဖန်ခွက်ထဲသို့ ပန်းသီးရှာလကာရည် ထမင်းစားဇွန်း တစ်ဇွန်းခန့်ရော၍ ပလုတ်ကျင်းပေးခြင်းအားဖြင့် နာကျင်မှုကို သက်သာစေနိုင်ပါသည်။ သို့သော် ထိုအရည်ကို ကလေးများ မမျိုချမိစေရန် ဂရုပြုရပါမည်။
၈။ သံလွင်ဆီ
သံလွင်ဆီသည်လည်း သွားကိုက်ခြင်းဝေဒနာကို သက်သာစေနိုင်သော ဂုဏ်သတ္တိရှိသည်ဟုဆိုကြပါသည်။ သို့သော် ပိုမိုတိကျသည့်ရလဒ်များရရှိရန် သုတေသနလုပ်ငန်းများ ဆက်လက်ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။
ယခုဖော်ပြပါနည်းလမ်းများသည် သွားပြည်တည်နာခြင်းရောဂါကို သွားဆရာဝန်နှင့်သေချာစွာ ပြသ၍ ကုသမှုခံယူရန် မဖြစ်နိုင်သေးသည့်အချိန်တွင် နာကျင်မှုဝေဒနာကို ယာယီခဏတာ သက်သာစေရန် အသုံးပြုနိုင်သည့် နည်းလမ်းများ ဖြစ်ကြပါသည်။ ပါးစပ်၏ အခြားအစိတ်အပိုင်းများသို့ရောဂါပိုး ပျံ့နှံ့ရောက်ရှိသွားခြင်း မရှိစေရန်အတွက် သွားဆရာဝန်နှင့် သွားရောက်ပြသရန်ဖြစ်နိုင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းသွားရောက်ပြသရန် အကြံပြုအပ်ပါသည်။