fbpx

Myanmar (Covid-19 Stats)

😷 87,977 Total Cases
😥 1,887 Deaths
😇 67,588 Recovered

စိုးရိမ်မှုလွန်ကဲခြင်းကို လျော့ပါးသက်သာစေတဲ့ သဘာ၀နည်းလမ်းများ (အပိုင်း ၂)

စိုးရိမ်မှုလွန်ကဲခြင်းကို လျော့ပါးသက်သာစေတဲ့ သဘာ၀နည်းလမ်းများထဲမှအချို့ကို အပိုင်း (၁) တွင် ဆွေးနွေးခဲ့ပြီဖြစ်ပါသည်။ ကျန်ရှိသည့် နည်းလမ်းများကို ယခု အပိုင်း ( ၂ ) တွင် ဆက်လက်ဖော်ပြဆွေးနွေးပေးသွားပါမည်။

 

ကြွက်သားများကို တစ်ဆင့်ချင်းစီဖြေလျှော့ခြင်း

တစ်ခါတစ်ရံ စိုးရိမ်ပူပန်မှုကိုဖြစ်စေသည့် အတွေးများကို ထိန်းချုပ်ခြင်းထက် ထိုစိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာသော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာရပ်များကို ထိန်းချုပ်ရန် ပို၍လွယ်ကူတတ်ပါသည်။ ထိုကဲ့သို့ ထိန်းချုပ်သည့်နည်းများအနက် ထိရောက်လွယ်ကူသည့် နည်းလမ်းတစ်ခုမှာ ကြွက်သားများကိုတစ်ဆင့်ချင်းစီ ဖြေလျှော့သွားသည့်နည်းလမ်းဖြစ်ပါသည်။

ကြွက်သားများကို တစ်ဆင့်ချင်းစီဖြေလျှော့သွားသောနည်းလမ်းသည် စိတ်ဖိစီးမှုကိုလျော့နည်းစေသော နည်းလမ်းတစ်ခုဖြစ်သည့်အပြင်

  • အိပ်မပျော်ခြင်း ပြဿနာများကိုလျော့ချပေးနိုင်ခြင်း
  • နာကျင်မှုဝေဒနာကိုလျော့နည်းစေခြင်း
  • အာရုံစူးစိုက်မှု ပိုမိုကောင်းလာစေခြင်း
  • ရုပ်ပိုင်းဆိုင်ရာတင်းအားများ၊ တောင့်တင်းနေမှုများကို သက်သာစေခြင်း၊ ပြေလျော့စေခြင်း စသည့်ကောင်းကျိုးများကိုလည်း ရရှိကြောင်းတွေ့ရှိရပါသည်။

 

ကြွက်သားများကို တစ်ဆင့်ချင်းစီ ဖြေလျှော့သောနည်းလမ်းသည် ခန္ဓာကိုယ်တွင်ရှိသော ကြွက်သားအုပ်စု တစ်ခုချင်းစီကို ကျုံ့ပြီးနောက် ပြေလျော့စေခြင်းဖြစ်ပြီး စိတ်ဖိစီးမှုများနှင့် စိုးရိမ်စိတ်များကို ပြေလျော့စေရန်လည်း အကူအညီပေးပါသည်။ ပြီးခဲ့သော အပိုင်းတွင် ဖော်ပြခဲ့သော အသက်ရှူလေ့ကျင့်ခန်းနှင့် တွဲဖက်၍လုပ်ဆောင်နိုင်မည်ဆိုပါက ယခုဖော်ပြမည့် နည်းလမ်းသည် စိတ်ဖိစီးမှုများကို ပြေလျော့စေရန်အတွက် လွန်စွာမှ အကူအညီရသော နည်းလမ်းတစ်ခုဖြစ်ပါသည်။

ပြုလုပ်နည်း

  • ထိုင်ခုံတစ်ခုအပေါ်တွင် ထိုင်နေပါ သို့မဟုတ် ပြင်ညီမျက်နှာပြင်ပေါ်တွင် လဲလျောင်းနေပါ။
  • မျက်နှာမှစတင်၍ ကြွက်သားအုပ်စုတစ်ခုချင်းစီပေါ်တွင် အာရုံစူးစိုက်ပါ။
  • နဖူးတွင်ရှိသော ကြွက်သားများကို ၅ စက္ကန့်မှ ၁၀ စက္ကန့် ကြာသည်အထိ ကျုံ့ပါ။
  • ပြီးနောက် ဖြေလျှော့ချလိုက်ပါ။
  • ထို့နောက်ခန္ဓာကိုယ်တွင်ရှိသော မျက်နှာ၊ ပခုံး၊ ရင်ဘတ်၊ လက်မောင်းကြွက်သား အပေါ်ဘက်ခြမ်းနှင့် အောက်ဘက်ခြမ်း၊ လက်ဖျံ၊ လက်ချောင်းများ၊ ကျော၊ ဝမ်းဗိုက်၊ တင်ပါး၊ ပေါင်၊ ခြေသလုံး၊ ခြေချောင်းများ စသည့် ခန္ဓာကိုယ်တွင်ရှိသောကြွက်သားအုပ်စုများအားလုံးကို ကျုံ့ခြင်းနှင့် ပြေလျော့ခြင်း တို့ကို တစ်လှည့်စီ လုပ်ပါ။
  • ကြွက်သားများအားလုံးကို ပြုလုပ်ပြီးသောအခါ တစ်မိနစ်ခန့် ဆက်လက်နေ၍ အသက်ကို ပုံမှန်အတိုင်း ရှူသွင်းရှူထုတ်လုပ်ပြီးနောက် လေ့ကျင့်ခန်း ပြီးဆုံးသွားပြီ ဖြစ်ပါသည်။


ဤလေ့ကျင့်ခန်း၏ အဓိကရည်ရွယ်ချက် မှာ ကြွက်သားများတောင့်တင်းခြင်းနှင့်ပြေလျော့ခြင်း၏ ကွဲပြားခြားနားချက်များကို သေချာစွာ သိရှိခံစားမိစေရန် ဖြစ်သည့်အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ကျစေရန် များစွာအကူအညီပေးနိုင်ကြောင်း တွေ့ရပါသည်။

 

တရားထိုင်သည့်အလေ့အကျင့် ပြုလုပ်ပါ

စိုးရိမ်ပူပန်မှုသည် အများအားဖြင့် အနာဂတ်တွင် မည်သို့မည်ပုံ ဖြစ်ပျက်မည်ကို ကြိုတင်တွေးတော၍ ပူပန်ခြင်း ဖြစ်ပါသည်။

တရားထိုင်ခြင်းသည် အတိတ်နှင့်အနာဂတ်အကြောင်းကို တွေးတောစဉ်းစားခြင်း မပြုဘဲ ယခုပစ္စုပ္ပန်တည့်တည့်တွင် ဖြစ်ပျက်နေသည့်အရာများကိုသာ အာရုံစူးစိုက်မှုပြုလုပ်ရသည့် အလေ့အကျင့် တစ်မျိုးဖြစ်ပါသည်။

ထို့ကြောင့် စိတ်ဖိစီးစိုးရိမ်ပူပန်မှုများကို လျော့ကျစေသည့်အပြင် ခန္ဓာကိုယ်ရှိ စနစ်အားလုံး၏ အခြေအနေကိုလည်း တိုးတက်လာစေပါသည်။

လေ့လာတွေ့ရှိချက်များအရ တရားထိုင်ခြင်းနှင့် ယောဂပြုလုပ်ခြင်းတို့သည် အောက်ပါစိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအခြေအနေများကို တိုးတက်လာစေကြောင်းတွေ့ရှိရပါသည်။

  • နာကျင်မှုများလျော့ပါးသက်သာလာခြင်း
  • မိမိကိုယ်မိမိပို၍အကောင်းမြင်လာခြင်း
  • ကျန်းမာရေးအခြေအနေများ တိုးတက်လာခြင်း
  • စိတ်ပိုင်းဆိုင်ရာအခြေအနေများတိုးတက်လာခြင်း
  • မိမိကိုယ်မိမိ ယုံကြည်မှုများတိုးတက်လာခြင်း
  • စိတ်ဖိစီးမှုများ လျော့နည်းလာခြင်းနှင့်
  • စိတ်ကျရောဂါဖြစ်နိုင်ချေများ လျော့နည်းလာခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း တွေ့ရှိရပါသည်။

 

ယောဂပြုလုပ်ပါ

ယောဂပြုလုပ်ခြင်းသည်

  • ရုပ်ပိုင်းဆိုင်ရာအင်အားများကို အသုံးချခြင်း
  • ခန္ဓာကိုယ်အား ပျော့ပျောင်းအောင်ပြုလုပ်၍ ခန္ဓာကိုယ်တင်းအားများကို လျော့ကျခြင်း
  • စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်စေသည့် အာရုံစူးစိုက် အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်ခြင်းတို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။

ယောဂသည်စိတ်ဖိစီးမှုများကို ပြေလျော့စေသည့် အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်ပါသည်။ ယောဂပြုလုပ်ခြင်းအားဖြင့် အောက်ပါ အကျိုးကျေးဇူးများကိုရရှိနိုင်ပါသည်။

  • စိတ်ဖိစီးမှုများနှင့် စိုးရိမ်ပူပန်မှုများကို ပို၍ခံနိုင်ရည်ရှိလာခြင်း
  • အရွယ်တင်ခြင်း
  • သွေးပေါင်ချိန်များကျဆင်းလာခြင်း
  • နှလုံးခုန်မြန်မှုများကျဆင်းလာခြင်း
  • အာရုံကြောဆိုင်ရာ လုပ်ငန်းဆောင်တာများတိုးတက်လာခြင်း
  • အလေးချိန်လျော့ကျစေရန်ကူညီပေးခြင်း
  • အာရုံစူးစိုက်မှုပိုမိုကောင်းလာခြင်း
  • စိတ်ဖိစီးမှုများကိုသက်သာစေခြင်းစသည့် အကျိုးကျေးဇူးများ ကိုရရှိပါသည်။

 

စိတ်ဖိစီးမှု များပြားလာသည့်အခါ ကြွက်သားများတောင့်တင်းလာတတ်ပြီး အသက်ရှူနှုန်းများလည်း မြန်ဆန် လာတတ်ပါသည်။ ယောဂပြုလုပ်ခြင်းသည် ကြွက်သားများ၏ တင်းအားများကို ပြေလျော့စေကာ အသက်ရှူခြင်းကိုလည်း ပြည့်ဝကောင်းမွန်စေဖို့ အကူအညီပေးပါ သည်။

ထို့အပြင် ယောဂပြုလုပ်ခြင်းသည် သက်တောင့်သက်သာ ကောင်းစွာမရှိသည့် နေထိုင်မှုအချိန်မျိုးတွင် မိမိကိုယ်မိမိ မည်သို့မည်ပုံ ပြုမူထိန်းသိမ်းနေထိုင်ရမည် ဆိုသည့်အရာကိုလည်း နားလည်သဘောပေါက်စေပါသည်။

ထို့အပြင် မိမိတို့၏အတွေးများ၊ အသက်ရှူနှုန်းနှင့် လှုပ်ရှားမှုများကိုလည်း ထိန်းချုပ်နိုင်သည့် နည်းလမ်းများကိုလည်း တစ်နည်းတစ်ဖုံ သိရှိစေပါသည်။

ယောဂပြုလုပ်နိုင်ရန်အတွက် သင်တန်းများတက်ခြင်းအားဖြင့်သော်လည်းကောင်း အင်တာနက်၊ youtube စသည်တို့တွင် ယောဂပြုလုပ်ခြင်း အခြေခံ ဗီဒီယို များကို လေ့လာခြင်းအားဖြင့်သော်လည်းကောင်း လိုက်ပါပြုလုပ်နိုင်ပါသည်။

အထက်ဖော်ပြပါနည်းလမ်းများသည် စိုးရိမ်မှုလွန်ကဲခြင်းများကို လျော့ပါးသက်သာစေသည့် သဘာ၀အတိုင်း ပြုလုပ်ဆောင်ရွက်နိုင်သည့် နည်းလမ်းများထဲမှ အချို့ဖြစ်ပါသည်။ စိုးရိမ်ပူပန်မှုများကို လျော့ချနိုင်ရန်အတွက် မည်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းနည်းလမ်းများကိုမဆို စမ်းသပ်လုပ်ဆောင်သင့်ပြီး မိမိနှင့် အသင့်တော်ဆုံး၊ အဆင်ပြေဆုံးနည်းလမ်းများကို မှတ်သား၍ ပြုလုပ်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

Author : Dr. မွန်

ဆက်စပ် ဆောင်းပါးများ