ယနေ့ခေတ်အခါ နည်းပညာတိုးတက်လာတာနဲ့အမျှ
လောကတစ်ခွင် စိန်ခေါ်မှုများစွာရှိလာတဲ့အနက် မိမိကလေးများ
ကျန်းမာသန်စွမ်းအောင် နဲ့ ဉာဏ်ရည်ပြည့်ဝအောင်
ဘယ်သို့ဘယ်ပုံ လေ့ကျင့်ပြုစုပျိုးထောင်ကြမလဲ?
မိဘများအနေ နဲ့ မိမိရင်သွေးကလေးများအတွက်
အန္တရာယ်ကင်းစေချင်တယ်။
ကျန်းမာစေချင်တယ်။
ပျော်ရွှင်စေချင်တယ်။
ဉာဏ်ပညာထက်မြက်စေချင်တယ်။
ဘက်စုံထူးချွန်စေချင်တယ်။
အစစသော အိမ်မက်မျှော်လင့်ချက်များ
အကောင်အထည်ဖော်နိုင်ဖို့ရာ
parenting ထိန်းကျောင်းရေးဆိုင်ရာအနေနဲ့
ဘာတွေလုပ်ဆောင်ကြမလဲ။ ဘယ်လိုကူညီဖေးမ ကြမလဲ။
၁။ သင့်လျော်သော အာဟာရ
ကြီးထွားဖွံ့ဖြိုးနေဆဲကာလ ကလေးများ ကိုယ်ခံအားမြင့်ပြီး
ကျန်းမာသောကလေးများ ဖြစ်စေဖို့ရန်အလို့ငှာ
အာဟာရအုပ်စု ၃ အုပ်စု မျှတစွာ စားသုံးရန် လိုအပ်ပါတယ်။
ကစီဓာတ်၊ ပရိုတင်းအသားဓာတ် နဲ့ ကောင်းမွန်သောအဆီဓာတ်များ အပြင်
အစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ အထူးသဖြင့်
အစိမ်းရောင်၊ အဝါရောင် နဲ့ လိမ္မော်ရောင် ပါတဲ့ အသီးအရွက်များတွင်
ဗီတာမင်၊ သတ္တုဓာတ်အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants များစွာ ပါဝင်လို့
အစားအစာမရွေးဘဲ အာဟာရမျှတစုံလင်စွာ စားသုံးသင့်ပါတယ်။
၂။ အိမ်ပြင်ထွက် ဆော့ကစားခြင်း
အဝလွန်ခြင်း နဲ့ နောက်ဆက်တွဲရောဂါများမဖြစ်စေရန်
ငယ်စဉ်အခါမှစလို့ ကလေးများအနေနဲ့
လေ့ကျင့်ခန်းကောင်းကောင်း ပြုလုပ်ဖြစ်ရန် အလွန်အရေးကြီးပါတယ်။
စက်ဘီးစီးခြင်း၊ ပြေးခုန်ခြင်း၊ လမ်းလျှောက်ခြင်း
အစရှိတဲ့ ကိုယ်လက်လှုပ်ရှားအားကစားများ
ပြုလုပ်ပေးခြင်းဖြင့် တက်ကြွလန်းဆန်းပေါ့ပါးစေကာ
အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေးတွင် လွန်စွာ အထောက်အကူပေးပါတယ်။
၃။ လုံလောက်စွာ အိပ်စက်ခြင်း
ကျန်းမာရေး နဲ့ ခွန်အား စံနှုန်းပြည့်မီဖို့
အိပ်ရာဝင်ချိန်ကို စနစ်တကျ သတ်မှတ်ပေးခြင်းဖြင့်
ကောင်းမွန်သော အလေ့အကျင့်တစ်ခု ဖန်တီးပေးရုံသာမက
ညဘက် ပိုမို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေကာ
နေ့ရက်သစ်များအတွက် အားအင်ပြည့်ဝ ကြည်လင်လန်းဆန်းနေစေမှာ
ဧကန်မုချမလွဲ ဖြစ်ပါတယ်။
ညအခါ အနည်းဆုံး ၈-၁၀ နာရီ အိပ်ချိန် လိုအပ်ပါတယ်။
၄။ စိတ်ဖိစီးမှုများ
ကလေးများအနေနဲ့ နေ့တိုင်း အလုပ်မသွား
ငွေရေးကြေးရေး ကိစ္စများ ဖြေရှင်းစရာမလိုတဲ့အတွက်
“အပူအပင်ကင်းသော ကလေးလေးဘဝ” ဟု
ဆိုသော်ငြားလည်း စိတ်ဖိစီးမှု အနည်း နဲ့ အများ
ခံစားကြရ၊ ရှိကြပါတယ်။
ကျောင်းတွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ
အသစ်အသစ်သော အကြောင်းအရာများ သင်ယူရခြင်း၊
နေရာအသစ်သို့ ရွှေ့ပြောင်းခြင်း၊ အိမ်တွင်း ဆူပူခြင်း၊
လူပျိုဖော် အပျိုဖော်ဝင်ခြင်း၊
ကလေးအချင်းချင်း အနိုင်ကျင့်ခံရခြင်း အစရှိသော အဆင်မပြေခြင်းများစွာကြားတွင်
မိဘများအနေနဲ့ သူတို့လေးတွေ ရင်ဖွင့်လာတဲ့အခါ
အချိန်ပေးပြီးနားထောင်ပေးဖို့၊ ကူညီပေးဖို့ နဲ့
အကြံဉာဏ်ကောင်းများပေးပြီး
လက်ခံအောင်၊နားဝင်အောင် သွန်သင်ဆုံးမလမ်းကြောင်းပြသပေးလို့ ရပါတယ်။
ကျန်းမာရေးစစ်ဆေးခြင်း
ကလေးများကို မွေးဖွားလာတဲ့နောက်ပိုင်း
ငယ်ရွယ်စဉ်အချိန်အခါတွင် ထိုးရမဲ့ကာကွယ်ဆေးများကို
အချိန်မှန်မှန် သွားရောက်ထိုးပြီး
မှတ်တမ်းများ အတိအကျ မှတ်ထားပေးဖို့ လိုအပ်ပါတယ်။
ထို့အပြင် ရောဂါလက္ခဏာများမရှိသော်ငြားလည်း
အနည်းဆုံး တစ်နှစ်တစ်ခါ ဆေးပုံမှန်စစ်ဆေးခြင်း ပြုလုပ်သင့်ပါတယ်။
ဆေးမတည့်ခြင်း၊ ဓာတ်မတည့်ခြင်းများ ရှိခဲ့ပါက သေသေချာချာ မှတ်ထားနိုင်ရန် အရေးကြီးပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
Author : Dr. Wallace K