ခန္ဓာကိုယ်ကျန်းမာသန်စွမ်းရန်အတွက် Carbohydrate (ကစီဓာတ်)၊ Protein (အသားဓာတ်)၊ Fat (အဆီဓာတ်)၊ Vitamin ( သက်စောင့်ဓာတ်)၊ Mineral (သတ္ထုဓာတ်) နှင့် Fiber (အမျှင်ဓာတ်) တို့ လိုအပ်ပေသည်။ အဟာရပြည့်၀စွာ စားသုံးခြင်းအားဖြင့် ကိုယ်ခံစွမ်းအားမြင့်တင်ကာ ရောဂါပိုးမွှားများ အန္တရာယ်မှ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
ထိုအရာများတွင် Zinc (ဇင့်ဓာတ်)သည်လည်း မရှိဖြစ်လိုအပ်သည်။ Zinc ဓာတ်သည် ကိုယ်၀န်ဆောင် မိခင်များနှင့် ကလေးသူငယ်များတွင် အများဆုံးလိုအပ်သော ဓာတ်တစ်မျိုး ဖြစ်သည်။
အစားစားခြင်စိတ်ကို ဖြစ်ပေါ် စေပြီး ကိုယ်ခံစွမ်းအားကောင်းမွန်ရန်၊ ရောဂါပိုးမွှားများအန္တရာယ်မှ ကာကွယ်ရန်၊ အအေးမိဖျားနာခြင်းမှ ကာကွယ်ရန်၊ နှလုံးသွေးကြော၊ အသည်းနှင့် ကျောက်ကပ်ပျက်စီးမှု မဖြစ်စေရန်၊ ကိုယ်ခန္ဓာ၏ အနံ့ခံအာရုံ၊ အရသာခံအာရုံများ ဖွံ့ ဖြိုးတိုးတက်ရန်၊အနာကျက်မြန်စေရန်၊ အသားအရည်နှင့် ဆံကေသာလှပကျန်းမာစေရန်၊ ၀မ်းပျက် ၀မ်းလျှောရောဂါမဖြစ်ရန် Zinc ဓာတ်က ကူညီပေးပါသည်။
အောက်ပါ အကျိုးကျေးဇူးများအား Zinc ဓာတ်မှ ရရှိနိုင်ပါသည်။
၁။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည်
Zinc ဓာတ် သည် ကိုယ်ခန္ဓာတွင် အများအပြားလိုအပ်သော ဓာတ်တစ်မျိုး မဟုတ်ပေ။ သို့သော် Zinc ဓာတ် နည်းပါးပါက ကိုယ်ခံအားစနစ်ပျက်စီးကာ ရောဂါပိုးအမျိုးမျိုး ၀င်ရောက်နိုင်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါများ ဖြစ်ပွားတတ်သည်။
Human Rhino Virus ကြောင့် ဖြစ်ပွားသော အအေးမိနှာစေးရောဂါတွင် Zinc ဓာတ်ကို သောက်သုံးပေးခြင်းအားဖြင့် နှာခေါင်းအတွင်းရှိ သွေးကြောများ ရောင်ရမ်းခြင်းနှင့် ဗိုင်းရပ်စ်ပွားခြင်းများကို ဟန့်တားနိုင်စွမ်းရှိသည်။ ထို့ကြောင့် အအေးမိ နှာစေးရောဂါများတွင် Zinc ဓာတ်ပါ၀င်သော အားဆေးများ သောက်သုံးပေးခြင်းအားဖြင့် အအေးမိခြင်းကို သက်သာစေပါသည်။
၂။ အနာမြန်မြန် ကျက်စေပါသည်
Zinc ဓာတ်သည် အရေပြားတည်ဆောင်မှုတွင် အရေးပါသည်။ Zinc ဓာတ်သည် Collagen Synthesis ကို အားပေးရုံသာမကာ ကြွက်သားတစ်သျှူးအသစ် တည်ဆောက်ရန်် နှင့် ကြွက်သားများ ပြန်လည်ပြုပြင်ရာတွင် ကူညီပေးသောကြောင့် အရေပြားတွင် မီးလောင်ဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာများ၊ ကလေး Diaper ကြောင့် ဖြစ်သော အနီကွက်များကို Zinc ပါသော လိမ်းဆေးများလိမ်းပေးခြင်းဖြင့် ဒဏ်ရာများ မြန်မြန်ကျက်စေပါသည်။ အစာအိမ်နာရှိသူများသည်လည်း Zinc ပါသော ဖြည့်စွက်စာများ စားပေးခြင်းဖြင့် အစာအိမ်နာရောဂါကို လျှင်မြန်စွာ သက်သာပျောက်ကင်းနိုင်သည်။ ယခုအခါ ဆီးချိုကြောင့် ဖြစ်သော အနာများကို ကုသရာ၌
Zinc ပါသော ဖြည့်စွက်စာများ သောက်သုံးပေးခြင်းအားဖြင့် အနာများ ပို၍သက်သာပျောက်ကင်းစေပါသည်။
၃။ ၀မ်းပျက်၀မ်းလျှောဖြစ်ခြင်းကို လျှော့ချပေးပါသည်
ဖွံ့ ဖြိုးဆဲနိုင်ငံများတွင်ဖြစ်ပွားသော ကလေးသူငယ်၀မ်းပျက် ၀မ်းလျှောရောဂါများတွင် Zinc ဓာတ်ကို ၁၀ ရက်မှ ၁၄ ရက် သောက်သုံးပေးခြင်းဖြင့် ၀မ်းပျက်၀မ်းလျှောခြင်းကို ကုသပေးခြင်းအပြင် ပြင်းထန်၀မ်းပျက်၀မ်းလျှော ဖြစ်ခြင်းမှလည်း ကာကွယ်ပေးသည်။ ထို့ပြင် ခဏခဏ ၀မ်းပျက်၀မ်းလျှောခြင်းများကိုလည်း သက်သာစေသည်။
၄။ ၀က်ခြံများကို သက်သာစေသည်
၀က်ခြံသည် အရေပြားရှိ အဆီဂလင်းများပိတ်ခြင်းကြောင့် ဖြစ်သည်။ Zinc ပါသော လိမ်းဆေးလိမ်းခြင်းဖြင့်လည်းကောင်း၊ Zinc ပါသော ဖြည့်စွက်စာသောက်သုံးခြင်းဖြင့်လည်းကောင်း နီရဲခြင်း၊ ရောင်ရမ်းခြင်းကို လျှော့ချပေးသည်။ ထို့ပြင် ၀က်ခြံဖြစ်စေသာ ဗက်တီးရီးယား ပိုးများပွားခြင်းကိုလည်း ဟန့်တားပေးပါသည်။
၅။ အသက်ကြီးသောကြောင့် ဖြစ်သော ရောဂါများကို သက်သာစေသည်။
Zinc ဓာတ်သည် အသက်အရွယ်ကြီးသောကြောင့်ဖြစ်သော အမြင်အာရုံ ကွယ်ပျောက်မှုကို နှေးကွေးစေပါသည်။ ထို့ပြင် မှတ်ဥာဏ်များ ဆုံးရှုံးမှုကိုလည်း နှေးကွေးစေပါသည်။
၆။ အမျိုးသားများ၏ သုတ်ပိုးအတွက် အကျိုးရှိပါသည်။
Zinc ပါသော ဖြည့်စွက်စာ သောက်သုံးပေးခြင်းဖြင့် သုတ်ပိုး အရေအတွက် များလာခြင်း၊ အရည်အသွေးကောင်းမွန်ခြင်းး နှင့် သုက်ပိုးများ၏ လှုပ်ရှားမှု ကောင်းမွန်ခြင်း ကို ဖြစ်ပေါ် စေသည်။ ထို့ကြောင့် ကလေးမရနိုင်သော အမျိုးသားများတွင် Zinc ပါသော ဖြည့်စွက်စာ စားသုံးခြင်းဖြင့် အကျိုးရှိနိုင်ပါသည်။
၇။ စိတ်ကျရောဂါကို ကာကွယ်ပေးသည်
ယခုအခါ Zinc ပါသော ဖြည့်စွက်စာနှင့် စိတ်ကျရောဂါကုထုံးများကို ပေါင်းစပ် ကုသပါက စိတ်ကျရောဂါများတွင် အကျိုးကျေးဇူးရှိကြောင်း လေ့လာတွေ့ ရှိရသည်။
၈။ ဆံကေသာအတွက် အကျိုးကျေးဇူးရှိပါသည်
Zinc ဓာတ်သည် ဆံပင်အရင်းပိုင်းတွင်ရှိသော အဆီဂလင်းများ၏ လုပ်ငန်းများကို အားပေးသည်။ ဆံပင်ကျွတ်ခြင်းသည် Zinc ဓာတ် နည်းပါးခြင်းကြောင့် အဖြစ်များသည်။ Zinc ပါသော ဖြည့်စွက်စာ သောက်သုံးပေးခြင်းနှင့် Zinc ပါသော ခေါင်းလျှော် ရည် သုံးပေးခြင်းဖြင့် ဆံပင် ကျွတ်ခြင်းကို ကာကွယ်နိုင်ပါသည်။
Zinc ဓာတ်သည် နေ့စဥ် စားသုံးနေသော အသားအမျိုးမျိုး၊ ပင်လယ်စာမျာ၊း နွားနို့၊ ဒိန်ချဥ်၊ ပဲအမျိုးမျိုး၊အသီးအရွက်များ နှင့် အစေ့အဆံများတွင် ပါ၀င်သောကြောင့် ဖြည့်စွက်စာများကို အလွန်အကျွံသောက်သုံးရန်မလိုအပ်ပေ။