ငါးစားခြင်းရဲ့အကျိုး
ကျွန်တော်တို့နေ့စဉ်အစားစာတွေ စားသောက်ရာမှာ အများစုက ထမင်းတို့၊ အသားတို့၊ အဆီအခေါက်တို့ကိုပဲ အများအားဖြင့် စားလေ့ရှိကြပါတယ်။ ငါးကိုတော့ ရံဖန်ရံခါမှသာ စားလေ့ရှိပါတယ်။ အမှန်တကယ်က ကျန်းမာရေးအတွက် ငါးကိုမကြာမကြာ ပိုစားပေးသင့်ပါတယ်။ သုတေသီတွေရဲ့အဆိုအရ အခုခေတ်မှာ အမြင်အာရုံ၊ အကြားအာရုံ ချို့တဲ့ပျက်စီးမှုတွေဟာ အလွန်အဖြစ်များပြီး အသက်ကြီးလာတာနဲ့အမျှ အမြင်အာရုံ အကြားအာရုံချို့ယွင်းမှု ပိုဖြစ်နိုင်ခြေများလာပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေမှာဆိုရင် အကြားအာရုံယိုယွင်းမှု ပိုဖြစ်နိုင်ခြေများပါတယ်။
ငါးစားသုံးမှုနည်းသည့် လူပေါင်း ၆၀၀၀၀ ကျော်ကို လေ့လာမှုများပြုလုပ်ခဲ့ရာတွင် အယောက် ၁ သောင်းကျော်မှာ အမြင်အကြား အာရုံချို့ယွင်းမှုရှိနေကြောင်းကို တွေ့ရှိခဲ့ရပါတယ်။ တစ်ပတ်လျှင် ငါးဟင်းလျာ နှစ်ကြိမ်နဲ့အထက်စားသုံးသည့်သူများနဲ့ နှိုင်းယှဉ်လျှင် ငါးစားသုံးမှုနည်းပါးသည့်သူများက အမြင်အကြားအာရုံချို့ယွင်းနိုင်သည့် ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများနေကြောင်းတွေ့ရပါတယ်။ ငါးမှာ ပါဝင်တဲ့ အိုမီဂါ သရီး၊ အိုမီဂါ ဆစ်နဲ့ ဖက်တီးအက်စစ်ဟာ အမြင်အာရုံကို တိုးတက်စေပြီး မျက်လုံးအမြင်၊ နားကြားမှု စွမ်းရည် ၅ဝ ရာခိုင်နှုန်း ပိုမိုသန်စွမ်းစေတယ်။ ဒါကြောင့် တစ်ပတ်မှာ ငါးဟင်းလျာ အနည်းဆုံး နှစ်ကြိမ်၊ သုံးကြိမ် စားပေးပါက အမြင်အာရုံ၊ အကြားအာရုံ ယိုယွင်းမှုမှ ကာကွယ်ပေးနိုင်ကြောင်း သုတေသနတခုကပြောထားပါတယ်။
ဒါ့အပြင် ငါးစားခြင်းဖြင့်ရနိုင်တဲ့ အခြားအကျိုးကျေးဇူးတွေလည်းအများကြီးရှိပါတယ်။ အဲ့ဒါတွေကတော့
- (၁) နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါတို့ကိုကာကွယ်နိုင်ခြင်း
ငါးမှာပါတဲ့ အိုမီဂါသရီး နဲ့ အိုမီဂါဆစ်တို့ဟာ အမြင်အကြားအာရုံတွေကိုကောင်းစေတဲ့အပြင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ Cholesterol ခေါ် မကောင်းတဲ့အဆီဓာတ်ကိုလည်းချေဖျက်ပေးပါတယ်။ ဒါကြောင့်အဆီတွေများလို့ အသည်းအဆီဖုံးတာ၊ သွေးကြောတွေအတွင်း အဆီချိုးကပ်ပြီး သွေးလွှတ်ကြောကျဉ်းမြောင်း ပိတ်ဆို့ရာမှတဆင့်ဖြစ်သော နှလုံးဆိုင်ရာရောဂါဖြစ်တာ၊ လေဖြတ်ရောဂါဖြစ်တာ တွေကို ဖြစ်နိုင်ခြေနည်းအောင် ငါးမကြာခဏစားသုံးခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။
- (၂) အရိုးများကိုသန်မာစေခြင်း
ငါးမှာ ဗီတာမင်ဒီ ကြွယ်ဝစွာပါပါတယ်။ အထူးသဖြင့် အရိုးပါ၀ါးစားနိုင်သောငါးလေးတွေမှာဆိုရင် ပိုလို့တောင် ဗီတာမင်ဒီ ကြွယ်ဝပါတယ်။ ဗီတာမင်ဒီက အရိုးတွေကို သန်စွမ်းကြံ့ခိုင်စေကာ ခန္ဓာကိုယ်ကိုဖွံ့ဖြိုးစေနိုင်ပါတယ်။
- (၃) အစာကြေလွယ်ခြင်း
ငါးမှာပါတဲ့ ပရိုတင်း ခေါ် အသားဓာတ်ရဲ့ ဖွဲ့စည်းမှု တစ်သျှူးမျှင်(Tissue Fiber) ဟာ မရှည်လျားတဲ့အတွက် နူးညံ့ပြီး အစာကြေလွယ်ပါတယ်။ အစာအိမ်မကောင်းတဲ့သူတွေအတွက် ပိုသင့်တော်ပါတယ်။
- (၄) အယ်လ်ဇိုင်းမားရောဂါကိုကာကွယ်ပေးနိုင်ခြင်း
ငါးစားခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တစ်လုံးချင်းစီရဲ့အရေးကြီးပစ္စည်းဖြစ်သော Mitochondria ဆိုတဲ့ ဓာတ်ပစ္စည်းရဲ့ စွမ်းအားကို မြှင့်တင်ပေးတဲ့အတွက် မှတ်ဉာဏ်ကောင်းစေပြီး အယ်လ်ဇိုင်းမားခေါ် အသက်ကြီးလို့ မှတ်ဉာဏ်နည်းလာတဲ့ရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
အဆုံးသတ်အနေနဲ့ပြောရရင် စာဖတ်ပရိသတ်များအနေနဲ့ အသားတွေ၊ အဆီအခေါက်တွေကို အများကြီးစားတာလျှော့ပြီး ငါးနဲ့ဟင်းသီးဟင်းရွက်တွေကို မကြာမကြာ စားပေးဖို့အကြံပြုချင်ပါတယ်။အသက်၅၀ကျော်လာရင် ငါးပိုစားပေးသင့်ပါတယ်။
Dr 528