fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

သားဥအိမ်မှာ အရည်အိတ်တည်ခြင်းအကြောင်း

သားဥအိမ်မှာ အရည်အိတ်တည်ခြင်းအကြောင်း

သားဥအိမ်မှာ အရည်အိတ်တည်တာက အမျိုးသမီးများမှာ အသက်ရွယ်မရွေး ဖြစ်ပွားနိုင်ပြီး၊ ကိုယ်ဝန်ဆောင် နိုင်သော အသက်အရွယ် (အပျိုဖော်ဝင်ချိန်ကနေ သွေးဆုံးချိန်အတွင်း) မှာအဖြစ်များပါတယ်။ သားဥအိမ်ကို ဆေးပညာအရ Ovary လို့ခေါ်ပါတယ်။ သားအိမ်ရဲ့ ဘယ်ညာ တဖက်စီမှာ တခုစီရှိပါတယ်။ မမျိုးပွားအဖွဲ့အစည်း (Female Reproductive System) ရဲ့ အရေးပါတဲ့ အင်္ဂါအစိတ်ပိုင်းတခုပါ။ သားဥအိမ် (Ovary) ထဲမှာ သားဥ (Ovum) လေးတွေပါတဲ့ Ovarian Follicles လို့ခေါ်သော ဆဲလ်အလုံးလေးတွေရှိပါတယ်။

အပျိုဖော်ဝင်တဲ့အရွယ် (ရာသီပေါ်တဲ့အရွယ်) ရောက်လာရင် ရာသီမလာခင် ၁၄ ရက်အလို ဝန်းကျင်ရောက်တိုင်းမှာ သားဥအိမ်ကနေ သားဥကြွေလေ့ရှိပါတယ်။ သားဥကြွေတယ်ဆိုတာ သားဥအိမ်ထဲမှာရှိတဲ့ Follicle ဆဲလ်အလုံးလေးတွေ ပေါက်ပြီး သူ့အထဲက သားဥထွက်လာတာပါ။ သားဥထွက်လာတဲ့ follicle က နောက်ရက်နည်းနည်းကြာရင် ရှုံ့သွားပြီး ပျက်စီးသွားပါတယ်။ တခါတလေမှာ ပြဿနာတစုံတခုကြောင့် ပုံမှန်အတိုင်း follicle မပေါက်ကွဲဘဲ ဆက်ကြီးထွားလာရင်သော်လည်းကောင်း ပေါက်ကွဲတဲ့ Follicle က မပျက်စီးသွားဘဲ အရည်တွေစုလာကာ ဖောင်းလာရင်သော်လည်းကောင်း သားဥအိမ်မှာ အရည်အိတ်တည်တာဖြစ်လာပါတယ်။

ဒီလိုနည်းနဲ့ ဖြစ်လာတဲ့ အရည်အိတ်တည်တာတွေကိုတော့ Functional Ovarian Cyst (ရိုးရိုးအရည်ကြည်အိတ်) တည်တာလို့ခေါ်ပါတယ်။ အများစုကတော့ ရိုးရိုးအရည်ကြည်အိတ်ဖြစ်တာများပါတယ်။ သို့သော် ရိုးရိုးအရည်ကြည်အိတ်မဟုတ်ဘဲနဲ့ အထဲမှာ

– ဆံပင်မွှေးတွေ၊သွားတွေ၊အရိုးနုစ၊အသားစတွေပါတဲ့အိတ် (Dermoid Cyst) ဖြစ်တာ
– သားဥအိမ် တသျှူးတွေကနေဖြစ်လာပြီး အရည်ကျဲ သို့မဟုတ် အချွဲရည်တွေပါတဲ့ Cystadenoma ဖြစ်တာ
– အရည်ကြည်အိတ်သေးသေးလေးတွေအများကြီး(အကြမ်းအားဖြင့်၁၂အိတ်နဲ့အထက်)ရှိနေတဲ့ရောဂါ PCOS- Polycystic Ovarian Syndrome ဖြစ်တာစသဖြင့်လည်းရှိပါသေးတယ်။

သားဥအိမ်မှာ အရည်အိတ်ဘာလို့တည်ရတာလဲရဲ့ တိကျတဲ့အကြောင်းကိုတော့ အခုထိရှာဖွေနေဆဲပါ။ ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ ဟော်မုန်းတွေမညီမျှတာ မျိုးရိုးရှိတာ အဆီအဆိမ့်အငန်တွေအစားများတာ ဝတာ စသဖြင့်ပါ။ ဒါ့အပြင် အချိန်တိုအတွင်း အမြန်ကြီးအောင် ဟော်မုန်းဆေးတွေကျွေးပြီး မွေးမြူထားတဲ့ ကြက်၊ဝက် အသားတွေ အစားများရင်လည်းရေရှည်မှာဖြစ်နိုင်ပါသေးတယ်။

ရောဂါလက္ခဏာအနေနဲ့ပြောရရင်အရည်အိတ်တည်သူတွေ မှာ ဟော်မုန်းတွေမညီမျှတဲ့အတွက်

– ဝလာတာ၊
– ရာသီ မမှန်တာ၊ရာသီအဆင်းများတာ၊
– ဝက်ခြံ ထွက်တာ၊မျက်နှာမှာ အဆီတွေထွက်လာတာ၊အမွေးအမျှင်တွေ ထူလာတာတွေဖြစ်နိုင်ပါတယ်။
– တချို့ကျတော့လည်း ဘာလက္ခဏာမှ မပြဘဲ အကြောင်းတခုခုကြောင့်အာထရာဆောင်းရိုက်မှ သိတာမျိုးလည်းရှိပါတယ်။

ရိုးရိုးအရည်ကြည်အိတ် (Functional Ovarian Cyst) ကတော့ သူ့အလိုလိုပျောက်သွားတာမျိုးလည်း ရှိသလို ဆရာဝန်နဲ့ပြသဆေးသောက်နေရင်းနဲ့ ကြီးလာလို့ ခွဲရတာမျိုးလည်းရှိနိုင်ပါတယ်။ အရည်အိတ်အရွယ်အစားက နှစ်စင်တီမီတာ (~2cm) လောက်ဆို စောင့်ကြည့်တာ မျိုးရှိပေမဲ့ ငါးစင်တီမီတာအထက် (>5cm) ရှိနေမယ်။

 

တဖြည်းဖြည်းနဲ့ ကြီး လာမယ်ဆိုရင် ခွဲစိတ်ပြီး ကုသတာများပါတယ်။ အရည်အိတ်က အရမ်းကြီးလာတဲ့အခါမှာ သားဥအိမ်က မူလနေရာကနေရွေ့သွားပြီးတော့ လိမ်သွားတာ ပေါက်ထွက်သွားတာတွေဖြစ်လာရင်ကျ  အသက်အန္တာရာယ်စိုးရိမ်ရနိုင်လို့ပါ။

အဆုံးသတ်အနေနဲ့ပြောရရင် အရည်အိတ်ကနေ ကင်ဆာဖြစ်တာနည်းပေမယ့် သားဥအိမ်မှာ အရည်အိတ်တည်တာဖြစ်လာရင် သားဖွားမီးယပ်အထူးကုနဲ့ သို့မဟုတ် ဗဟိုအမျိုးသမီးဆေးရုံကြီး ပြင်ပလူနာဌာနမှာပြသဖို့ နဲ့ ချိန်းတိုင်းပြန်ပြဖို့လိုပါတယ်။ ဒီလိုပြသစစ်ဆေးပြီး သွေးစစ်တာ အာထရာဆောင်းရိုက်တာ စီတီ (ကွန်ပျူတာဓါတ်မှန်) ရိုက်တာတွေ လိုအပ်သလိုလုပ်ကြည့်မှသာ ရိုးရိုးအရည်ကြည်အိတ်လား၊ တခြားအမျိုးအစားအိတ်လား၊ ကင်ဆာအလုံးအကျိတ်ရောရှိလား၊ အရွယ်အစားကကော ဘယ်လိုနေလဲ၊ ကြီးလာလား စသဖြင့်သိနိုင်မှာပါ။

ဒါကြောင့် အကြောင်းတခုခုကြောင့် အာထရာဆောင်းရိုက်ရင်း ရေအိတ်တည်နေတယ်လို့သိရင် တအားမစိုးရိမ်ဖို့ိနဲ့ တအားမစိုးရိမ်နဲ့ဆိုသော်လည်း ပေါ့တီးပေါ့ဆမနေဘဲ အပေါ်မှာပြောသလိုလုပ်ဖို့ အကြံပေးချင်ပါတယ်။

Dr. 528

 

ဆက်စပ် ဆောင်းပါးများ