အကြောင်းအမျိုးမျိုးကြောင့် ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရတတ်ပါတယ်။ တစ်ခါတစ်လေ ပုံမှန်အတိုင်း ပြုမူနေထိုင်ပေမယ့် အရမ်းကြီးပင်ပန်းနေသလို နုံးချိနေသလို ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုတွေက အလုပ်ပင်ပန်းလို့ စိတ်ပင်ပန်းလို့ အိပ်ရေးပျက်လို့ စသဖြင့် ဖြစ်နိုင်သလို များသောအားဖြင့် အိပ်ရေး ဝဝအိပ်လိုက်တာပဲဖြစ်ဖြစ် အနားယူလိုက်ရင်ပဲ ဖြစ်ဖြစ် သက်သာပျောက်ကင်းပြီး အားပြန်ပြည့်သွားတတ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲနားနား ပင်ပန်းသလို ခံစားနေရတယ်ဆိုရင်တော့ မိမိမှာ ဒီရောဂါတွေ ခံစားနေရတာ ဖြစ်နိုင်ပါတယ်။
၁။ သွေးအားနည်းခြင်း
သွေးအားနည်းရောဂါဟာ အရမ်းအဖြစ်များတဲ့ရောဂါတစ်ခုပါ။ အမျိုးသမီးငယ်တွေမှာ ပိုအဖြစ်များပါတယ်။ ရာသီသွေးဆင်းများတာတွေ က အဓိကဖြစ်စေတဲ့အရာတစ်ခုဖြစ်ပေမယ့် အမျိုးသားတွေရော ကလေးတွေ လူတိုင်းနီးပါး ဖြစ်နိုင်ချေ ရှိပါတယ်။ သန်ကောင်တုတ်ကောင်တွေရှိခြင်း ၊ အာဟာရ ချို့တဲ့ခြင်း (အထူးသဖြင့် သံဓာတ်ချို့တဲ့ခြင်း)ကလည်း သွေးအားနည်းစေနိုင်ပါတယ်။ သွေးအားနည်းတဲ့အခါမှာ နုံးချိတာ၊ ပင်ပန်းနွမ်းနယ်နေတာ၊ နားအူတာ၊ မောပန်းလွယ်တာ၊ ရင်တုန်တာတွေကို ခံစားရနိုင်ပါတယ်။
၂။ အိပ်နေတုန်းဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိတ်ခြင်း
အိပ်စက်နေတုန်း ဟောက်တတ်တာဟာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ တချို့မှာ အိပ်စက်နေတုန်း အသက်ရှူလမ်းကြောင်းပိတ်တဲ့ Sleep apnoea ဆိုတဲ့ ရောဂါကို ခံစားနေတာလည်း ဖြစ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့မှု ဖြစ်တဲ့အတွက် အောက်ဆီဂျင် ပြတ်လတ်ပြီး မကြာခဏ လန့်လန့်နိုးလာတတ်ပါတယ်။ တစ်ခါတစ်လေ လူနာကိုယ်တိုင်တောင် အိပ်လိုက်နိုးလိုက် ဖြစ်နေတာကို မသိတာတွေ ရှိပါတယ်။ ဒီရောဂါ ခံစားနေရသူတွေဟာ အိပ်ရေးမဝတဲ့အတွက် နေ့ခင်းဘက်တွေမှာ အိပ်ငိုက်ခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ ခြေလက်များ ထုံကျဉ်နေသလို အားမရှိသလို ခံစားရခြင်းတွေကို ခံစားရနိုင်ပါတယ်။ ရေရှည်အနေနဲ့ဆိုလည်း အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
၃။ လည်ပင်းဓာတ် နည်းတဲ့ ရောဂါ
လည်ပင်းကနေ ဟော်မုန်းတွေ ထုတ်လုပ်လေ့ရှိပါတယ်။ ပုံမှန်ကနေ နည်းတဲ့အခါမှာဖြစ်စေ များတဲ့အခါမှာဖြစ်စေ လူကို ဒုက္ခပေးလေ့ရှိပါတယ်။ လည်ပင်းကနေ ထုတ်တဲ့ဟော်မုန်း နည်းတဲ့အခါမှာ ပင်ပန်းနွမ်းနယ်တာ ကြွက်သားတွေနာကျင်ကိုက်ခဲတာ နုံးချိနေတာတွေကို ခံစားရနိုင်တဲ့အတွက် အကြောင်းရင်း မရှိဘဲ အရမ်းပင်ပန်းသလို ခံစားနေရရင် ဒါဟာလည်း ထည့်စဉ်းစားစရာ ရောဂါတစ်ခုပါ။
၄။ ဆီးချိုရောဂါ
ဆီးချိုရောဂါဟာလည်း ပင်ပန်းနွမ်းနယ်ခြင်း နုံးချိခြင်းတွေကို ခံစားရနိုင်ပါတယ်။ သွေးထဲမှာ ပုံမှန်ထက် သကြားဓာတ်များတဲ့အခါမှာ ရေဆာခြင်း အာခြောက်ခြင်းတွေ ဖြစ်စေတတ်သလို ဆီးလည်း ခဏခဏသွားပါတယ်။ ဒါ့အပြင် မလှုပ်ချင် မကိုင်ချင်ဖြစ်တာ ကိုယ်အလေးချိန်ကျဆင်းတာတွေလည်း ခံစားရနိုင်ပါတယ်။
၅။ စိတ်ဓာတ်ကျခြင်း
စိတ်ဓာတ်ကျခြင်းကြောင့်လည်း ပင်ပန်းတာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ ၊ ခေါင်းကိုက်တာတွေ ခံစားရနိုင်ပါတယ်။
၆။ စိတ်ဖိစီးမှု များခြင်း
စိတ်ဖိစီးတဲ့အခါ အိပ်စက်နားနေချိန်မှာတောင် ကြွက်သားတွေက ကောင်းကောင်းမနားနိုင်ပါဘူး။ ဒါကြောင့် စိတ်ဖိစီးတဲ့အခါမှာလည်း ပင်ပန်းတာ ညောင်းကိုက်တာတွေကို ခံစားရနိုင်ပါတယ်။
၇။ ကိုယ်ခန္ဓာထဲကို ပိုးဝင်ခြင်း
ခန္ဓာကိုယ်ထဲကို တုပ်ကွေးပိုးဝင်တာ၊ ဒါမှမဟုတ် တခြားကူးစက်ရောဂါတစ်ခုခု ဝင်တာကလည်း ပင်ပန်းနွမ်းနယ်တာ နုံးချိတာတွေကို ဖြစ်စေပါတယ်။
၈။ ရေဓာတ်နည်းခြင်း
ခန္ဓာကိုယ်ထဲမှာ လုံလောက်တဲ့ရေဓာတ်မရှိတာကလည်း ပင်ပန်းနွမ်းနယ်မှုတွေ ခေါင်းကိုက်ခြင်းတွေ ညောင်းညာကိုက်ခဲခြင်းတွေကို ခံစားရစေပါတယ်။
ကဲ ဒီလောက်ဆို ပင်ပန်းနွမ်းနယ်မှုရဲ့ နောက်ကွယ်မှာ ရှိနေနိုင်တဲ့ အကြောင်းတွေကို အနည်းအကျဉ်း သိလောက်ပြီလို့ ထင်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုရဲ့ နောက်မှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ ရှိတဲ့အထိ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲ အနားယူပါစေ ပင်ပန်းနေသလို ဖြစ်နေတုန်းဆိုရင်တော့ ဆရာဝန် သို့မဟုတ် နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြသသင့်တယ်လို့ တိုက်တွန်းရင်း ….
Author : Dr. မေ